မန္တလေး မဟာမုနိဘုရားကြီး ဘဏ္ဍာပစ္စည်းများ ဖောက်ထွင်းသူ မိပြီ မန္တလေးမြို့၏ အထင်ကရ မဟာမုနိရုပ်ရှင်တော်မြတ်၏ ဘဏ္ဍာပစ္စည်းများ သိမ်းဆည်းသည့်အခန်း ဖောက်ထွင်းမှု တရားခံကို ဖမ်းဆီးရမိပြီကြောင်း ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။ ချမ်းမြသာ စည်မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစံသူ က “ကျုးလွန်သူကို မိထားပါပြီ၊ အတွင်းလူပါ၊ လုံခြုံရေးဝန်ထမ်းပါ၊ အတွင်းလူဆိုတော့ CCTV တွေ ဘယ်နားမှာ တပ်ထားတယ် ဆိုတာကို ဒီကောင်က သိတယ်၊ ကျုးလွန်တာ ဒီကောင် တယောက်ထဲပါ၊ အမှုဖွင့်အရေးယူထားပြီးပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိရုပ်ရှင်တော်မြတ်ပရဝုဏ်အတွင်းရှိ ဂေါပကရုံးခန်းနှင့်တွဲလျက်ရှိသည့် ဘုရားဘဏ္ဍာပစ္စည်းများ သိမ်းဆည်းသည့် အခန်းအား သြဂုတ်လ ၁၈ ရက် ညပိုင်းက ဖောက်ထွင်းခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါ အခန်းအတွင်းရှိ အလှူခံပုံအား ရိုက်ခွဲ၍ အလှူငွေများနှင့် ရွှေဆိုင်းများ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။ မဟာမုနိရုပ်ရှင်တော်မြတ်ပရဝုဏ်အတွင်း၌ အလှူခံပုံများကို ချထားပေးပြီး အဆိုပါအလှူခံပုံများကို ဂေါပကအဖွဲ့မှ တာဝန်ရှိသူများနှင့် တပတ်လျှင် တကြိမ် သိမ်းဆည်း၍ အလှူခံပုံအတွင်းမှ အလှုငွေများအား ရေတွက်ပြီးလျှင် ဘဏ္ဍာ တိုက်အတွင်း သိမ်းဆည်းလေ့ရှိကြောင်း သိရသည်။ မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဌ ဦးစိုးလင်း ကလည်း “အဲဒီဖြစ်စဉ်နဲ့ ပက်သက်ပြီး ပစ္စည်းရော လူရော ဖမ်းမိပြီးပါပြီ၊ ဘုရားကြီးရဲ့ လုံခြုံရေးဝန်ထမ်း ဖြစ်ပါတယ်၊ ဖြစ်စဉ်အပေါ်ကို တော့ ဘာမှမပြောချင်တော့ပါဘူး”ဟု ပြောသည်။ ဘုရားဘဏ္ဍာပစ္စည်းများ သိမ်းဆည်းသည့်အခန်း ခေါင်းမိုးသွပ်ပြားအားလှန်၍ အခန်းအတွင်းသိမ်းဆည်းထားသည့် ဘုရားကြီး ရှေ့တွင်ထားသော အလှူခံပုံးမှန်အား ခွဲ၍ အတွင်းရှိ ရွှေဆိုင်းများနှင့် အလှူငွေ တန်ဖိုး သိန်းပေါင်း ၅၀ ကျော်ကို ခိုးယူသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ရဲမှူး စံသူက “သိန်း ၆၀ ကျော်ဖိုးတော့ မဟုတ်ပါဘူး၊ အလှူခံပုံတွေကို မရေတွက်ခင်မှာ ဂေါပကရုံးခန်းဘေးက စတိုခန်းမှာ ခဏထားတာ၊ အဲဒီအချိန်မှာ ဖောက်ထွင်းခံရတာပါ၊ အလှူငွေက ၃၆ သိန်းကျော်နဲ့ရွှေဆိုင်းက ၂၅ဆိုင်းနဲ့ ၄၅ ရွက်ပါ၊ ရုပ်ပွားတော် ရှေ့မှာ ထားတဲ့ အလှူခံပုံပါ၊ အမျိုးသမီးတွေက ရွှေဆိုင်းကို အပေါ်တက်ပြီး ကပ်လှူခွင့်မရှိတော့ အဲဒီအလှူခံပုံးထဲမှာ ထည့်ခဲ့ကြတယ်၊ အလှူငွေနဲ့ ရွှေဆိုင်းနဲ့ ရောထားတဲ့ အလှုူခံပုံးကို မရေတွက်ခင်မှာ ခဏထားတဲ့အချိန်မှာ ဖြစ်သွားခဲ့တာပါ” ဟု ပြောသည်။ အဆိုပါ ဖောက်ထွင်းမှုကို ၁၉ ရက်နေ့ နံနက်ပိုင်းမှ ဂေါပကအဖွဲ့မှ သိရှိခဲ့ရသဖြင့် သက်ဆိုင်ရာရဲစခန်းသို့ အကြောင်း ကြားခဲ့ရာ ပြစ်မှုကျုးလွန်သူကို နေ့ချင်း ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ဖောက်ထွင်းမှု ကျူးလွန်သူမှာ မဟာမုနိဘုရားကြီးတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် အသက် ၂၂ နှစ်အရွယ် ကျော်ဇေယျ ဆိုသူဖြစ်ပြီး အလှူခံပုံအား ရိုက်ခွဲ၍ ခိုးယူသွားသည့် ငွေသား ကျပ် ၃၆၉၄၈၀၀၊ ရွှေဆိုင်း ၂၅ ဆိုင်း ၄၅ ရွက် (၂၅၄၅ရွက်) နှင့် အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။ ဖောက်ထွင်းမှု ကျူးလွန်သူ ကျော်ဇေယျကို (ပ) ၃၅၆/၂၀၁၈၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆-၁ ဖြင့် ချမ်းမြသာစည်မြို့နယ် အမှတ်၁၀ မြို့မရဲ့စခန်းတွင် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ မဟာမုနိရုပ်ရှင်တော်မြတ် ပရဝုဏ်အတွင်း၌ CCTV များနှင့် လုံခြုံရေးအင်အားအပြည့်ဖြင့် ဆောင်ရွက်ထားသော်လည်း ယခု ဖြစ်စဉ် ဖြစ်သွားခဲ့သည့်နေရာ၌ CCTV တပ်ဆင်ထားခြင်းမရှိကြောင်း၊ CCTV များကို အများနှင့်သက်ဆိုင်သည့် နေရာများ၌ သာ အများဆုံး တပ်ဆင်ထားပြီး ၂၄ နာရီအချိန်ပြည့် စောင့်ကြည့်လျက်ရှိကြောင်း၊ ယခုဖြစ်စဉ်ဖြစ်သွားခဲ့သည့်အပေါ် ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိသည်။ ၂၀၁၇ ခုနှစ်အတွင်းကလည်း မဟာမုနိဘုရားကြီး၏ ရုပ်ပွားတော်မှ ရွှေချကပ်လှူပူဇော်ဟန်ဆောင်၍ ရွှေများခွာယူ ခိုးနေမှု ဖြစ်ပွားခဲ့ပြီး တရားခံကို ဖမ်းဆီရမိခဲ့သည်။ The post မန္တလေး မဟာမုနိဘုရားကြီး ဘဏ္ဍာပစ္စည်းများ ဖောက်ထွင်းသူ မိပြီ appeared first on ဧရာဝတီ.
Source : https://ift.tt/2L6Gaij
via IFTTT
No comments:
Post a Comment