Monday, August 20, 2018


တက္ကသိုလ်ကျောင်းသား ၆ ဦး မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံရ မွန်ပြည်နယ်ရှိ မော်လမြိုင်တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်မှ တက္ကသိုလ်ကျောင်းသား ၆ ဦးကို မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မူးယစ်ဆေးဝါး ဖမ်းဆီးရေးအထူးအဖွဲ့က သြဂုတ် ၁၉ ရက် ညနေပိုင်းက မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ မူးယစ်ဆေးဝါးသတင်းများအရ ရဲတပ်ဖွဲ့ဝင်များက မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ တောင်ဝိုင်းရပ်၊ မော်လမြိုင်တက္ကသိုလ်အနီးရှိ ချောစုလွင် အမျိုးသား ဘော်ဒါအဆောင်ကို ဝင်ရောက်ရှာဖွေခဲ့စဉ် တက္ကသိုလ်ကျောင်းသားများထံမှ WY နှင့် R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ “အားလုံးက ချောစုလွင် အဆောင်မှာမိတာ၊ လာလည်တဲ့သူလည်းရှိတာပေါ၊ လေးယောက်က တနေရာ၊ နှစ်ယောက်က တနေရာမိတာ၊ အခန်းထဲမှာပဲမိတာ” ဟု မုပွန်နယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်ကျော်လင်းက ရှင်းပြသည်။ ချောစုလွင် အမျိုးသားဘော်ဒါ ၂ ထပ်ဆောင်မှ အောက်ထပ်ဝင်ပေါက်လှေခါး၏ ဝဲဘက်အခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေချိန် ဒုတိယနှစ် ကွန်ပျူတာကျောင်းသား ကိုသီဟထွန်း ဝတ်ဆင်ထားသော ရှပ်အင်္ကျီအိတ်ကပ်အတွင်းမှ အပြာရောင် ကြွပ်ကြွပ်အိတ် ပလပ်စတစ်အပိုင်းစဖြင့် ထုတ်ထားသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁ ခြမ်းကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မုပွန်နယ်မြေရဲစခန်းမှတ်တမ်းအရ သိရသည်။ ထိုနောက် အဆောင်အရှေ့တွင်ရပ်ထားသော ကိုသီဟထွန်း၏ဆိုင်ကယ်ကို ဆက်လက်စစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံအောက်မှ နေကြာစေ့အိတ်အတွင်း အပြာရောင်ကြွပ်ကြွပ်အိတ် အပိုင်းစဖြင့် ထုတ်ပိုးထားသော WY နှင့် R စာတမ်းပါသော လိမ္မောရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ပြားကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကိုသီဟထွန်းနှင့်အတူ ပထမနှစ် ရူပဗေဒကျောင်းသား ကိုထွန်းလင်းဦးလည်း အတူရှိနေကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။ မူးယစ်ဆေးအမှုဖြင့် ဖမ်းဆီးခံရသည့် ကိုထွန်းလင်းဦးနှင့် ကိုသီဟထွန်းတို့ကို စစ်ဆေးမေးမြန်းရာတွင် ယင်းမူးယစ်ဆေးဝါးများကို ၁ ပြားလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ဆေးပြား ၁၁ ပြားကို တဆောင်တည်း အတူနေ နောက်ဆုံးနှစ် ရူပဗေဒကျောင်းသား ကိုထွန်းထွန်းနိုင် (ခ) ချမ်းစွန်းထံမှ ဝယ်ယူခဲ့သည်ဟု ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။ ယင်းထွက်ဆိုချက်ကြောင့် အဆိုပါအဆောင်ထဲမှ ကိုထွန်းထွန်းနိုင် ရှိနေသော အခန်းသို့ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ ကိုထွန်းထွန်းနိုင်ကို နောက်ဆုံးနှစ် ရူပဗေဒကျောင်းသား ကိုအောင်ချမ်း၊ ပထမနှစ် ဘူမိဗေဒကျောင်းသား ကိုဉာဏ်ထက်ဦး၊ တတိယနှစ် ဘူမိဗေဒကျောင်းသာ ကိုဝေသူရတို့ကို အတူတွေ့ရှိခဲ့ပြီး ၎င်းတို့အခန်း၏ လေဝင်ပေါက် အုတ်ခုံပေါ်မှ အပြာရောင် ပလပ်စတစ်အိတ်ဖြင့်ထုတ်လျှက် WY နှင့် R စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၆ ပြားတို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအပြင် ၎င်းတို့အခန်းအတွင်း ဘိန်းစာရွက်များ ထည့်ကျိုထားသော ထမင်းပေါင်းအိုး ၁ လုံး၊ ဘိန်းစာရွက်နှင့် ရောစပ်သောက်သုံးသော ချောင်းဆိုးပျောက်ဆေးရည်ပုလင်း ၂ လုံး၊ အချိုရည် ၁ ဗူးတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ယင်းမူးယစ်ဆေးဝါးအမှုဖြင့် အဖမ်းခံရသော ကိုထွန်းလင်းဦး၊ ကိုသီဟထွန်း၊ ကိုထွန်းထွန်းနိုင်တို့ကို မုပွန်နယ်မြေရဲစခန်းတွင် မယ (ပ) ၇/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ)/၂၀ (က)/၂၁ အရ အမှုဖွင့်ထားပြီး ကိုထွန်းထွန်းနိုင်၊ ကိုအောင်ချမ်း၊ ကိုဉာဏ်ထက်ဦး၊ ကိုဝေသူရတို့ကို မယ (ပ) ၈/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ)/၂၁ အရ အမှုဖွင့်ထားကြောင်း မုပွန်နယ်မြေရဲစခန်းမှ စခန်းမှူးက ဆိုသည်။ မွန်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ လလယ်ပိုင်းအထိ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် စိတ်ကြွရူးသွပ်ဆေးပြားအမှု ၁၉၉ မှု၊ ICE အမှု ၅ မှု၊ ဆေးခြောက်အမှု ၃ မှု၊ ဘိန်းစာရွက်အမှု ၆ မှုအပါဝင် မူးယစ်ဆေးဝါးအမှုပေါင်း ၂၁၃ ထိရှိခဲ့သည်။ The post တက္ကသိုလ်ကျောင်းသား ၆ ဦး မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံရ appeared first on ဧရာဝတီ.
Source : https://ift.tt/2Mnjtvz
via IFTTT

No comments:

Post a Comment