Sunday, August 19, 2018


ဆယ်တန်းအောင် အကျဉ်းသား ၅ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေး ၂၀၁၇-၁၈ ပညာသင်နှစ်တွင် အကျဉ်ထောင်တွင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုရာတွင် အောင်မြင်ခဲ့သည့် အကျဉ်းသား ၅ ဦးအား လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ၂၈ ဦးအား လျော့ရက်များပေး လိုက်ကြောင်း အကျဉ်းဦးစီးဌာနက ပြောခွင့်ရသူ ဦးမင်းထွန်းစိုးကပြောသည်။ နိုင်ငံတော် သမ္မတ၏ သြဂုတ် ၁၈ ရက်နေ့ လွတ်ငြိမ်းခွင့်ပေးသူများတွင် အင်းစိန်ထောင်မှ ၃ ဘာသာ ဂုဏ်ထူးရှင် ဉာဏ် လင်းအောင်နှင့် နေမျိုးအောင်၊ မန္တလေးထောင်မှ မလုပန်၊ ထွန်းကိုကိုနှင့် ဇင်မင်းထွန်း ဆိုသူတို့ ပါဝင်ကြောင်းသိရ သည်။ ဦးမင်းထွန်းစိုးက “ လွတ်ငြိမ်းချမ်းသာက ဂုဏ်ထူးရတာတခုကိုပဲ ကြည့်ပေးတာမဟုတ်ဘူး၊ အခုပေး လိုက်တဲ့သူတွေက လွတ်ရက်နီးတဲ့သူတွေ၊ အများဆုံး တယောက်က ပြစ်ဒဏ် တနှစ်သုံးလလောက်ပဲ ကျန်တော့တယ်၊ ရဲအက်၊ လူကုန်ကူး၊ လုယက်မှု၊ ခိုးမှု စတာတွေပါတယ်၊ မူးယစ်မှုတော့ တယောက်မှမပါဘူး” ဟုပြောသည်။ အင်းစိန်ထောင်မှ ၃ ဘာသာဂုဏ်ထူးရှင် ဉာဏ်လင်းအောင်မှာ ပြစ်ဒဏ် တနှစ်ကျော်ခန့်သာ ကျန်ရှိ တော့သူဖြစ်ပြီး မန္တလေး ထောင်မှ မလုပန်မှာ ပြစ်ဒဏ် ၃ လခန့်သာကျန်ရှိ တော့သူဖြစ်ကြောင်းလည်း အကျဉ်းဦးစီးဌာနက သိရသည်။ လွတ်ငြိမ်းခွင့် ရရှိသူ ၅ ဦးအနေဖြင့် တက္ကသိုလ်ဆက်လက် တက်ရောက်နိုင်ရေး ပညာရေးဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင် ရွက်ထားပြီး တက္ကသိုလ်မတက်ရောက်မီ အသက်မွေးဝမ်းကြောင်း ပညာသင်တန်း များ တက်ရောက်နိုင်ရေးအတွက်လည်း လူမှုဝန်ထမ်းဦးစီးဌာနက ကူညီဆောင်ရွက်ပေး မည်ဖြစ် ကြောင်း သိရသည်။ ဂုဏ်ထူး ၂ ဘာသာနှင့် အထက်ရရှိသူ ၈ ဦးအား ပြစ်ဒဏ်၏ ထက်ဝက်ကို လျော့ရက်သတ်မှတ် ပေးခဲ့ပြီး ၁ ဘာသာဂုဏ်ထူး ရသူနှင့် ရိုးရိုးအောင်မြင်သူ အကျဉ်းသား ၂၀ ဦးကိုလည်း ပြစ်ဒဏ်၏ လေးပုံတပုံ လျော့ရက်ပေးခဲ့သည်။ လျော့ရက်ရရှိခဲ့သည် ဆယ်တန်းအောင် အကျဉ်းသား/သူ ၂၈ ဦးအား အကျဉ်းထောင်အတွင်း၌ပင် ဝိဇ္ဇာဘွဲ့ဖြင့် တက္ကသိုလ် ပညာ ဆက်လက်သင်ယူနိုင်စေရန် စီစဉ်ထားကြောင်း အကျဉ်းဦးစီးဌာနက ပြောသည်။ ဦးမင်းထွန်းစိုးက “ နဂိုလမ်းကြောင်းပေါ် ပြန်ရောက်မသွားဖို့ ဝိုင်းပြီးလုပ်နေကြတယ်၊ တကြိမ်တခါ တော့ လူကမှားတတ်တဲ့ အမျိုးတွေပါ၊ နှစ်ကြိမ်တော့မမှားစေချင်ဘူး၊ အခုလို လွတ်ပေးတဲ့သူတွေက ကြိုးစားကြရင် နောက်ထပ်လည်း အခွင့်အရေး တွေ ပိုကောင်းလာမယ်ထင်ပါတယ်၊ အခုလွတ်ပေးတာလဲ ဝမ်းသားပါတယ်” ဟုပြောသည်။ ပြီးခဲ့သည့်ဆယ်တန်းစာမေးပွဲတွင် စာမေးပွဲ အောင်မြင်ခဲ့သည့် ၄၇ ဦးအနက် ၁၄ ဦးမှာ ပြစ်ဒဏ်များ လွတ်ရက်စေ့၍ လွတ် မြောက်သွားကြပြီဖြစ်ပြီး၊ စာစစ်ဌာနဖွင့်ကာ စစ်ဆေးခဲ့သည့် အကျဉ်းထောင် ၈ ခုတွင် ဖြေဆိုသူ ကျား ၉၆ ဦး၊ မ ၈ ဦး စုစုပေါင်း ၁၀၄ ဦးရှိသည့် အနက် ကျား ၄၃ ဦး၊ မ ၄ ဦး စုစုပေါင်း ၄၇ ဦးအောင်မြင်ခဲ့ပြီး ၃ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၁၈ ဦးပါဝင်ကြောင်း သိရသည်။ အကျဉ်းထောင် ပြုပြင်ရေး လုပ်ဆောင်နေသူ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ဦးဘိုကြည်က “ အကျဉ်းထောင်ထဲက ဆယ်တန်း အောင်တဲ့ ကလေးတွေအနေနဲ့ အပြင်မှာ သူတို့တက်ချင်တဲ့ တက္ကသိုလ် တွေ တက်လို့ရသွားတာပေါ့၊ ခုလိုလွတ်ရက်နီးတဲ့ သူတွေကို စဉ်းစားပြီး ကြိုလွတ်ပေးတာ ကောင်းပါတယ်၊ အထူးသဖြင့် ပြစ်မှုသေးတွေ၊ မူးယစ်ဆေးသုံးလို့ ကျတဲ့သူတွေကို လည်း ပြန်လည်စဉ်းစားသင့်တယ်” ဟု ပြောသည်။ မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်အသီးသီးတွင် လူဦးရေထူထပ်နေပြီး အထူးသဖြင့် မူးယစ်ဆေးနှင့် ပတ်သက်သည့် ပြစ် ဒဏ်ခံနေရသူ အများစုဖြစ်နေသည့်အတွက် သုံးစွဲမှုကြောင့် ကျခံနေရသူများအား ပြစ်ဒဏ်ချမှတ်မှုအပိုင်းတွင် ပြန်လည် စဉ်စားသင့်ကြောင့်လည်း အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသူများက ပြောသည်။ လက်ရှိအခြေအနေအရ မူးယစ်ဆေးဥပဒေကိုလည်း ပြန်လည်ပြင်ဆင်ကာ အတည်ပြုပြဌာန်းရန် လိုအပ်နေပြီး မူးယစ် ဆေးသုံးစွဲသူများအား ဆေးဖြတ်နိုင်ရေးအတွက် ပြန်လည်ထူးထောင်ရေး စခန်းများလည်း လိုအပ်လျှက်ရှိကြောင်း ကိုဘိုကြည်က ထောက်ပြသည်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်လက်ထက် ၂၀၁၆-၁၇ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအား ဂုဏ် ထူးဖြင့်အောင်မြင်ခဲ့သည့် အကျဉ်းသား/သူ ၇ ဦး(အင်းစိန် ၂ ဦး၊ မန္တလေး ၅ ဦး)တို့ကို ပြစ်မှုကြွေးကျန်ထားကာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ ဆက်စပ်ဖတ်ရှု့ရန် – ဆယ်တန်း ဂုဏ်ထူးရ အကျဉ်းသားတွေ လွတ်ငြိမ်းခွင့်ရမလား အိုးဘိုထောင်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအတွက် ဂုဏ်ပြုပွဲ လုပ်မည် ဆယ်တန်းအောင် အကျဉ်းသား ၄၇ ဦးတွင် ဂုဏ်ထူးရှင် ၂၈ ဦးပါဝင် The post ဆယ်တန်းအောင် အကျဉ်းသား ၅ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေး appeared first on ဧရာဝတီ.
Source : https://ift.tt/2L3259P
via IFTTT

No comments:

Post a Comment