Thursday, August 16, 2018


အမေရိကန်က ပိတ်ပင်လိုက်တဲ့ ကလေးတွေ ဦးနှောက်ထိခိုက်စေတဲ့ ပိုးသတ်ဆေး စိုက်ပျိုးရေးကဏ္ဍမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ ကလော်ပိုင်ရီဖို့စ် (chlorpyrifos) ပိုးသတ် ဆေးဟာ အနည်းငယ် ထိတွေ့ရုံနဲ့ မွေးကင်းစ ကလေးငယ်တွေရဲ့ ဦးနှောက်ကို ထိခိုက်စေပြီး၊ အများ ပြည်သူ ကျန်းမာရေးကို အန္တရာယ်ကျ ရောက်စေတယ်လို့ အမေရိကန် ဖက်ဒရယ် ပြည်ထောင်စု အယူခံတရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၈ရက်နေ့ အမေရိကန်တရားရုံးက ကလော်ပိုင်ရီဖို့စ် ပိုးသတ်ဆေးဟာ အများ ပြည်သူ ကျန်းမာရေး အန္တရာယ်ကျရောက်စေတယ်လို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး၊ ဒါကြောင့် ကလော်ပိုင်ရီဖို့စ် နဲ့အတူ အခြားအငြင်းပွားဖွယ် ပိုးသတ်ဆေးတခုဖြစ်တဲ့ ပါရာကွက်(paraquat )ကို လည်း ပိတ်ပင်ဖို့ လှုပ်ရှားမှုတွေဟာ ပြန်လည်ရှေ့တန်းရောက်မည်မှာ သေချာသလောက်ဖြစ်နေပါပြီ။ ကလော်ပိုင်ရီဖို့စ် သုံးစွဲမှုကို သမ္မတ အိုဘားမားလက်ထက်က ပိတ်ပင်ခဲ့ပေမယ့် လွန်ခဲ့သောနှစ်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန အကြီးအကဲ စကော့ ပရူအစ်က ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။ ဆန်ဖရန်စ္စကို အခြေစိုက် အယူခံတရားရုံးရဲ့ အမိန့်အရ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနဟာ အမေရိကန်မှာ ရောင်းချနေတဲ့ ကလော်ပိုင်ရီဖို့စ် ပိုးသတ်ဆေးတွေကို ရက်ပေါင်း ၆၀ အတွင်း ဈေးကွက်မှ ဖယ်ရှားရမှာ ဖြစ်ပါတယ်။ ဒီပိုးသတ်ဆေးတွေကို အချဉ်သီးများ၊ ပန်းသီးများနဲ့ အခြားသီးနှံများ စိုက်ပျိုးရာမှာ ကျယ်ကျယ် ပြန့်ပြန့်သုံးစွဲကြပြီး၊ ကယ်လီ ဖိုးနီးယား၊ နယူးယောက်နဲ့ မက်ဆာချုးဆက် အပါအဝင် ပြည်နယ် ပေါင်းများစွာမှ ရှေ့နေချုပ်များဟာ သဘာ၀ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဌာနကို တရားစွဲဆိုတဲ့ အမှုတွင်ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။ ယခုနှစ် နွေရာသီက ကျင့်ဝတ်ဆိုင်ရာ ပြဿနာများကြောင့် အငြိမ်းစားယူစေခဲ့တဲ့ ရီပါတ်ဗလစ်ကန် တဦးဖြစ်သူ ပရူအစ် ဟာ ဌာနသိပ္ပံပညာရှင်များရဲ့ ကောက်ချက်ဖြစ်တဲ့ ကလော်ပိုင်ရီဖို့စ်ဟာ အန္တရာယ်ရှိတယ် ဆိုတဲ့အချက်ကို လျှစ်လျှူရှုပြီး ဖက်ဒရယ် ဥပဒေကို ချိုဖေါက်ကြောင်း တရားရုံးက သီးခြားဆုံးဖြတ်ခဲ့ပါတယ်။ “အစားအစာများမှ ကလော်ပိုင်ရီဖို့စ်ဓာတ်ကြွင်းများဟာ ကလေးတွေရဲ့ ဦးနှောက်နှင့် အာရုံကြော ပျက်စီးမှု ဖြစ်စေကြောင်း သိပ္ပံ အထောက်အထားများ ရှိသည့်တိုင် ဒီပိုးသတ်ဆေးကို ဆက်လက် အသုံးပြုဖို့ ၂၀၁၇ ခုနှစ်က အမိန့်ဟာ ကျိုးကြောင်း ဆီလျှော်မှု မရှိကြောင်း တရားစီရင်ရေး အဖွဲ့က ဆုံးဖြတ်တယ်”လို့ အယူခံရုံး တရားသူကြီး ဂျက် အက်စ် ရာကော့ဖ်က တရားသူကြီး အများစုရဲ့ ထင်မြင်ချက်မှာ ရေးသားခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန ပြောခွင့်ရသူ မိုက်ကယ် အဘောက်ကလည်း ၂၀၁၇ ခုနှစ်က အမိန့်ကို ပြန်လည် သုံးသပ်နေကြောင်း ပြောပြီး၊ ဌာနအနေဖြင့် တရားရုံးချုပ်သို့ အယူခံဝင်ခွင့်ရှိသေး တယ်လို့ ဆိုပါတယ်။ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများနဲ့ ပြည်သူ့ကျန်းမာရေး လှုပ်ရှားသူများကတော့ အယူခံတရားရုံး၏ ဆုံးဖြတ် ချက်ကို အများစုရဲ့ အောင်ပွဲအဖြစ် ကြိုဆိုကြပါတယ်။ “တချိုကိစ္စတွေက နိုင်ငံရေးနဲ့ ရောထွေးလို့ မရအောင်ကို ကြောက်စရာကောင်းတယ်။ ကျနော်တို့ ကလေးတွေက ထိပ်ဆုံးကနေ ခံရမယ့်သူတွေ” လို့ သဘာ၀ သယံဇာတများ ကာကွယ်ရေးကောင်စီက ကျန်းမာရေးနှင့် အစားအစာဆိုင်ရာ အဆင့်မြင့် ဒါရိုက်တာ အီးရစ် အော်လ်ဆန်ကပြောပါတယ်။ “ဒီပတ်ဝန်းကျင် ညစ်ညမ်းစေတဲ့ ပိုးသတ်ဆေးထက် ကလေးတွေရဲ့ ကျန်းမာရေးကို ဦးစားပေးရမယ် ဆိုတာကို တရားရုံးက ရှင်းရှင်းလင်းလင်းပြောလိုက်ပြီ။ ဦးနှောက်ထိခိုက်မှာ၊ လူ့အဖွဲ့အစည်း အဆိပ်ခပ်ခံရမှာ စိုးရိမ်စရာမလိုဘဲ ကလေးတွေကို သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ကျွေးချင်တဲ့ မိဘအားလုံးအတွက် ဒါဟာ အောင်ပွဲပဲဖြစ်တယ်” လို့ သူဆက်လက် ပြောကြားပါတယ်။ ကလော်ပိုင်ရီဖို့စ် ကို Dow Chemical Co က ၁၉၆၀ ခုနှစ်များက စတင်ဖန်တီးခဲ့ပြီး အမေရိကန် မှာတော့ ကျယ်ကျယ် ပြန့်ပြန့် သုံးနေတဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးဖြစ်ပါတယ်။ Dow Chemical Co ဟာ လုပ်ငန်းခွဲဖြစ်တဲ့ Dow Agro Sciences မှတဆင့် အမေရိကန်တနိုင်ငံ တည်းမှာ ဘဲ ဒီပိုးသတ်ဆေး ကီလိုဂရမ် ၂.၂၇ သန်း ရောင်းချပြီး ဖြစ်ပါတယ်။ ကလော်ပိုင်ရီဖို့စ်ဟာ ဒုတိယကမ္ဘာစစ်မတိုင်မီက နာဇီဂျာမဏီတွေ ထုတ်လုပ်ခဲ့တဲ့ ဓါတုစစ်ပွဲသုံး ပစ္စည်းနဲ့ ဓါတုဗေဒအရ အလားတူတဲ့ အော်ဂန်နိုဖေ့ါစဖိတ် ပိုးသတ်ဆေးအုပ်စုမှာ ပါဝင်ပါတယ်။ ကလော်ပိုင်ရီဖို့စ် ထုတ်လုပ်တဲ့ Dow ကို အခုလို ပိတ်ပင်မှုနဲ့ ပတ်သက်ပြီး ထင်မြင်ချက် တောင်းခံ ပေမယ့် ပြန်ကြားခြင်း မရှိဘူးလို့ Bangkok Post မှာ ဖော်ပြပါတယ်။ အရင်ထုတ်ပြန်ချက်တွေကတော့ ဒီပိုးသတ်ဆေးဟာ လူသားကျန်းမာရေး နဲ့ သဘာ၀ ဝန်းကျင်ကို အပြည့်အ၀ လေးစားလိုက်နာခြင်းဖြင့် ကမ္ဘာ့ကို အစားအစာ ထောက်ပံ့ဖို့ အမေရိကန် လယ်သမား တွေကို အထောက်အကူပြုတယ်လို့ ပါရှိပါတယ်။ ဒီပိုးသတ်ဆေးကို ဆယ်စုနှစ် ၄ ခုကြာ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲခဲ့တာကြောင့် ဓါတ်ကြွင်းတွေကို သောက်သုံးရေ အရင်း အမြစ်များထဲမှာပါ အတွေ့ရများလာပြီး ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ ၂၀၁၂ ခုနှစ်ကလေ့လာချက်အရ မွေးဖွားလာတဲ့ ကလေး ၈၇ ရာခိုင်နှုန်းရဲ့ ချက်ကြိုးတွေမှာ ကလော်ပိုင်ရီဖို့စ် ပိုးသတ်ဆေးဓါတ်ကြွင်းများကို စမ်းသပ်နိုင်သည့် အဆင့်အထိ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ဖက်ဒရယ် လုပ်ထုံးလုပ်နည်း ကြီးကြပ်သူတွေရဲ့ ဖိအားကြောင့် Dow ဟာ ကလော်ပိုင်ရီဖို့စ်ကို အိမ်သုံး ပိုးသတ်ဆေး အဖြစ် ထုတ်လုပ်ခြင်းအဖြစ်မှ ၂၀၀၀ ပြည့်နှစ်က ရုတ်သိမ်းခဲ့ပါတယ်။ ကျောင်းများကဲ့သို့သော ထိခိုက်လွယ်သော နေရာ များမှာ ကလော်ပိုင်ရီဖို့စ် ပက်ဖျန်းခြင်းမပြုရဖို့ ၂၀၁၂ ခုနှစ်က သတ်မှတ်ခဲ့ပါတယ်။ အိုဘားမား အစိုးရဟာ ဒီပိုးသတ်ဆေးကို အစားအစာများအတွက် မသုံးခြင်းဖို့ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ အဆိုပြုခဲ့ပါတယ်၊ ဒါပေမယ့် ကလော်ပိုင်ရီဖို့စ် ပိုးသတ်ဆေးဟာ အန္တရာယ် ရှိတယ်ဆိုတဲ့ အယူအဆဟာ ကျိုးကြောင်း ဆီလျှော်မှု မရှိ၊ ပြည့်စုံခြင်းမရှိ ဆိုကာ ၂၀၁၇ ခုနှစ် မတ်လမှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း လယ်သမားတွေဟာ ဒီပိုးသတ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေတဲ့အတွက် ဆန်ကျင်ကန့်ကွက်မှုတွေ ရှိနေပြီး အစိုးရကိုလည်း ပိတ်ပေးဖို့ တောင်းဆိုနေပါ တယ်။ The post အမေရိကန်က ပိတ်ပင်လိုက်တဲ့ ကလေးတွေ ဦးနှောက်ထိခိုက်စေတဲ့ ပိုးသတ်ဆေး appeared first on ဧရာဝတီ.
Source : https://ift.tt/2MTA72l
via IFTTT

No comments:

Post a Comment