တရားမဝင် ကွက်သစ် ဖော်ထုတ်နေမှုများကို ဖယ်ရှား မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ လယ်ယာမြေများကို တရားမဝင် အိမ်ယာကွက်သစ် ဖော်ထုတ်နေမှုအား တားဆီးမှုများ ပြုလုပ်နေရာ လိုက်နာမှုမရှိဘဲ ဆက်လက် လုပ်ဆောင်နေသည့် တံတားများများနှင့် အဆောက်အဦ အချို့အား သြဂုတ်လ ၄ ရက်နေ့က ဖယ်ရှားမှုများ ပြုလုပ်ခဲ့ ကြောင်း ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာကော်မတီမှ သိရသည်။ အဆိုပါ တရားမဝင်အိမ်ယာကွက်သစ်ဖော်ထုတ်နေမှုများ တားဆီးခြင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန် မှုဖြင့် ပုသိမ်ကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့က ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။ “လယ်ယာမြေတွေကို တရားမဝင် အကွက်ရိုက်ပြီး ရောင်းချနေတာတွေကို စာနဲ့လည်း တားမြစ်ထား ပြီးဖြစ်သလို သတိပေး တားမြစ်ချက်ဆိုင်းဘုတ်တွေထောင်ပြီးတော့လည်း လုပ်ဆောင်ထားတယ်၊ ဒါကို ဆက်လုပ်နေကြလို့ အခုလို ဖယ်ရှားတာ မျိုးတွေ လုပ်ဆောင်ရတာပါ၊ အခုလိုတားမြစ်နေ တဲ့ကြားကမှ ဆက်လုပ်မယ်ဆိုရင်တော့ တည်ဆဲဥပဒေအရ အရေးယူတာ မျိုးတွေ လုပ်သွားမယ်”ဟု ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျွဲရေကုန်းကျေးရွာ၊ နွယ်နီကျေးရွာ၊ ဆင်ရွာကြီးကျေးရွာ၊ နန္ဒာကျေးရွာ များရှိ လယ်ယာမြေ စိုက်ကွင်းများကို အကွက်ရိုက်ရောင်းချနေမှုများနှင့် တရားမဝင် အိမ်ယာကွက် သစ် ဖော်ထုတ်နေမှုများအား ပူးပေါင်းအဖွဲ့ များက ဇူလိုင်လ တတိယပတ်မှ စတင်၍ တားဆီး စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ “လယ်ယာမြေတွေကို အခြားနည်းသုံးစွဲခွင့်မရှိဘဲ လုပ်ချင်တာလုပ်လို့ မရပါဘူး၊ ဒါကို အကွက်ရိုက်ပြီး ရောင်းချနေကြ တယ်၊ လယ်ယာမြေတွေက ခွင့်ပြုချက်မရှိဘဲနဲ့ အကွက်ရိုက်၊ မြေဖို့ ရောင်းလို့မရဘူး ဆိုတာကို ပညာပေးတာမျိုးတွေလည်း လုပ်နေတယ်၊ တားဆီးတာမျိုးတွေလည်း လုပ်ခဲ့ပြီးပြီ၊ ဒါကို ဆက်လုပ်နေတဲ့ လမ်း၊ တံတားတွေ၊ အဆောက်အဦးတွေကို ဖယ်ရှားတာဖြစ်တယ်” ဟု ပုသိမ်ကြီး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းဋ္ဌေးလင်းက ပြောသည်။ လယ်ယာမြေများအား တရားမဝင်မြို့ကွက်သစ်ဖော်နေကြသဖြင့် စနစ်မကျသည့်သည့် လမ်းများဖြစ် ပေါ်ခြင်း၊ ရောင်းမှား ဝယ်မှား ဖြစ်နိုင်ခြင်း ၊ စနစ်မကျသည့် လူနေအိမ်များ တိုးပွားလာခြင်းနှင့် စပါး စိုက်ဧကများ လျော့နည်းလာခြင်း စသည့် ဆိုးကျိုးများဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။ အဆိုပါကဲ့သို့လုပ်ဆောင်နေခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍအတွက် စိုက်ပျိုးမြေများ လျော့နည်းလာ ခြင်းကြောင့် လယ်ယာ မြေအား အခြားသုံးစွဲခွင့်ပြုနေခြင်းများကို ရပ်ဆိုင်းထားကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးတွင် လယ်ယာမြေအား အခြားသုံးစွဲ ခွင့်ကို ရပ်ဆိုင်းထားခဲ့ပြီးဖြစ်သလို အခြားတိုင်း ဒေသကြီးများတွင် စိုက်ပျိုးရန် ကောင်းမွန်သော မြေယာများကို အခြားနည်း သုံးစွဲခွင့်ကို ခွင့်မပြုရန် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။ “အခုလိုလုပ်တာ အရမ်းကောင်းပါတယ်၊ လူတွေစည်းကမ်းမဲ့လုပ်နေကြပြီး လာဘ်စားတဲ့လူကြီးတွေက လာဘ်စားပြီး ထင်ရာတွေ လျှောက်လုပ်ခဲ့ကြလို့ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ပြီးပြီ၊ အခုလိုမှန်မှန်ကန်ကန် လုပ်ဆောင်သင့်တာမျိုးကို အားပေးပါ တယ်၊ မြေဈေးတွေက ကြီးနေတော့ နေစရာမရှိလို့ စုဆောင်းပြီး တန်ဖိုးနည်းတဲ့ မြေလေးကိုဝယ်ယူကြတာက သာမန် လက်လုပ် လက်စားတွေ များပါတယ်၊ ဒါကြောင့် မြေယာကစားတဲ့သူတွေကိုလည်း ထိထိရောက်ရောက်ဖြစ်အောင် ဖော် ထုတ်အရေးယူသင့်တယ်”ဟု ပုသိမ်ကြီးမြို့နယ် အောင်ချမ်းသာကျေးရွာမှ ကိုသန်းချိုက ပြောသည်။ တံတားများများနှင့်အဆောက်အဦအချို့အား ဖယ်ရှားရာတွင် လယ်ရေသွင်း မြောင်းပေါ်တွင် ခွင့်ပြု ချက်မရှိဘဲ ဆောက်လုပ်ထားသည့် ကွန်ကရစ်တံတား ၇ စင်းနှင့် ဆောက်လုပ်ရန် ပြင်ဆင်နေသည့် အဆောက်အဦး ၂လုံး အား ဖယ်ရှားခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍအတွက် စပါးအပါအဝင် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ တိုင်းဒေသကြီးအတွင်း ၌ စိုက်ပျိုးမြေဧကမှာ လယ်မြေဧက ၅ သိန်းကျော်နှင့် ယာမြေဧက ၂၂ သိန်းကျော်ရှိကြောင်း သိရသည်။ The post တရားမဝင် ကွက်သစ် ဖော်ထုတ်နေမှုများကို ဖယ်ရှား appeared first on ဧရာဝတီ.
Source : https://ift.tt/2nbEhXZ
via IFTTT
No comments:
Post a Comment