ဒလစက်မှုဇုန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ဒလစက်မှုဇုန် စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာတစောင်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရနှင့် တောင်ကိုရီးယားအခြေစိုက် မြန်မာကုမ္ပဏီ ဝူရီးတို့အကြား သြဂုတ်လ ၁၁ ရက်နေ့က လက်မှတ်ရေးထိုးလိုက်သည်။ ထိုစီမံကိန်းကို ရန်ကုန်ရှိ ဖွံ့ဖြိုးမှု အနည်းဆုံးမြို့နယ်တခု၏ ရန်ကုန်မြစ် အနောက်ဖက်ကမ်းရှိ ရန်ကုန်-ဒလ တံတား စီမံကိန်း အနီးတွင် အကောင်အထည်ဖေါ်မည်၏ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ အဆိုအရသိရသည်။ ဒလ စက်မှုဇုန်စီမံကိန်းနှင့် ကုန်ကျစရိတ်အသေးစိတ်များကို တိုင်းအစိုးရက ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ တံတားစီမံကိန်းသည် စက်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် ရန်ကုန်တိုင်းစီပွားရေးကို အထောက်အကူပြုမည်ဟု တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။ စက်မှုဇုန် စီမံကိန်းသည် ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားဖြစ်သော ရန်ကုန်-ဒလ တံတားစီမံကိန်း၏ တစိတ် တပိုင်း ဖြစ်သည်။ တံတားစီမံကိန်းကို ယခုနှစ်စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးမည်ဟု မျှော်လင့်ရသည်။ ရန်ကုန်-ဒလ တံတားစီမံကိန်း သဘောတူညီချက်ကို ယခင်သမ္မတ ဦးသိန်းစိန် တာဝန်ယူစဉ်က ပြုလုပ်ခဲ့ခြင်းပြီး တောင်ကိုရီးယား နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇.၈ သန်းအပြင် မြန်မာအစိုးရက လည်း အမေရိကန်ဒေါ်လာ ၃၀.၃ သန်းကျခံမည်ဟု သဘောတူထားသည်။ ထိုတံတားသည် ရန်ကုန်မြို့လည်မှ ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ်မှ ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်မည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၁ ခုတွင် အကောင် အထည် ဖေါ်ရန် တိုင်းဒေသကြီး အစိုးရက မကြာသေးမီက ကျင်းပခဲ့သော ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးတွင် အဆိုပြုခဲ့ သော်လည်း ထိုအဆိုပြုချက်တွင် အသေးစိတ်အချက်အလက်များ ပါဝင်ခြင်းမရှိသောကြောင့် အတည်ပြုခြင်းမရှိခဲ့ပေ။ ဒလမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် တဦး၏ အဆိုအရ ဒလမြို့နယ်သည် အထက်ပါစီမံကိန်းကို အကောင်အထည်ဖေါ်မည့် မြို့နယ် ၁၁ မြို့နယ်တွင် ပါဝင်သည်ဟု သိရသည်။ ဒလမြို့နယ်မှ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးထွန်းရင် က “လာမယ့် လွှတ်တော်အစည်း အဝေးကျရင်တော့ တိုင်းအစိုးရက ဒီနားလည်မှု စာချွန်လွှာနဲ့ အသေးစိတ်တွေကို တင်ပြမယ်ထင်တယ်” ဟု ဧရာဝတီ သတင်းဌာနသို့ပြောသည်။ “လွှတ်တော်ရဲ့ အတည်ပြုချက်ယူဖို့လိုတယ်။ ကျနော်တို့သဘောမတူရင် သူတို့ ဒီစီမံကိန်းကို အကောင်အထည် ဖေါ်လို့မရဘူး” ဟုလည်း သူက ဆက်ပြောသည်။ စီမံကိန်း အကောင်အထည်ဖေါ်မည့် နေရာသည် လူနေရပ်ကွက်နှင့် စပါးခင်းများအပါအဝင် မြေပိုင်ဆိုင်မှု အမျိုးမျိုး ရှိနေသောကြောင့် မြေပိုင်ရှင်များကို အထက်ပါ ကုမ္ပဏီက မည်သို့လျှော်ကြေးပေးမည်ကို လွှတ်တော်က စစ်ဆေးရမည် ဖြစ်သည်။ စီမံကိန်း၏ အလားအလာရှိသော အကျိုးအမြတ်နှင့် စိန်ခေါ်မှုများကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီးနောက်မှသာ စီမံကိန်းကို လွှတ်တော်က အတည်ပြုနိုင်မည်ဖြစ်သည်ဟု ဦးထွန်းရင်ကပြောသည်။ တံတားစီမံကိန်း မပြီးမီ စက်မှုဇုန် စီမံကိန်းကို စတင်မည်ဟု ခန့်မှန်းထားပြီး မြေဧက ၁၅၀၀ ခန့်လိုမည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ခန့်မှန်းသည်။ ဦးထွန်းရင် က “ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပေးနိုင်ရင် ကျနော်တို့က ဒီစီမံကိန်းကို ကန့်ကွက်မှာ မဟုတ်ဘူး” ဟု ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ တရားဝင် ဖေ့ဘွတ်စာမျက်နှာတွင် ဖေါ်ပြချက်အရ ပြည်ထောင်စု ဝန်ကြီးဦးသန်းမြင့်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းအစိုးရ အရာရှိများ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ ဒလမြို့နယ်သည် ရန်ကုန်တိုင်းတွင် ဖွံ့ဖြိုးမှု အနည်းဆုံး မြို့နယ်များ အနက်တခုဖြစ်ပြီး လတ်တလောတွင် ရေကြောင်းခရီးနဲ့ဖြတ်သန်းသွားလာနိုင်သည်။ မလှမ်းမကမ်းတွင်ရှိသော ရန်ကုန်မြို့လည်နဲ့မတူဘဲ ဒလတွင် သစ်သားငါးဖမ်းလှေများ၊ အိမ်ငယ်များနှင့် ကျူးကျော်တဲများသာ ပြည့်နေသည်။ နွေရာသီတွင် ရေရှားလေ့ရှိပြီး လူအများအပြားမှာ သန့်ရှင်းသောရေ သုံးစွဲနိုင်ခြင်းမရှိကြပေ။ ဒေသခံများသည် ရန်ကုန်မြို့ထဲသို့ လာရန် သဗ္ပာန်ငယ်များ အသုံးပြုရသောကြောင့် မိုးတွင်းတွင် သွားလာရေးခက်ခဲပြီး နှစ်စဉ် ရေယာဉ် မတော်တဆမှုများကြောင့် လူသေဆုံးမှုများရှိသည်။ ထိုသို့မတော်မဆမှုများကို ရှောင်ရှားနိုင်ရန် တံတားစီမံကိန်း အမြန်အကောင် အထည်ဖေါ်ရေး အတွက် ရန်ကုန်တိုင်းရှိ ဒလ၊ ကော့မှူး ၊ ကွမ်းခြံကုန်းနှင့် ဧရာဝတီတိုင်းမှ ပြည်သူ ၁၀၀၀ ခန့်တို့သည် လွန်ခဲ့သောဇွန်လက ဆန္ဒထုတ်ဖေါ်ခဲ့သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော MoU for Dala Industrial Development Project Signed အား ဘာသာပြန်ဆိုသည်။ The post ဒလစက်မှုဇုန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး appeared first on ဧရာဝတီ.
Source : https://ift.tt/2vNJnyc
via IFTTT
No comments:
Post a Comment