Thursday, August 2, 2018


အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု ချပြရန် သမ္မတရုံး ဝန်ကြီးဟောင်း တောင်းဆို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှုများကို အများ ပြည်သူ သိရှိရေး ပွင့်လင်းမြင်သာမှု ရှိရှိ ချပြပေးရန် ယခင် သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်းက ယနေ့ နေပြည်တော်တွင် ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် တောင်းဆိုလိုက်သည်။ ၎င်းတို့ အစိုးရအဖွဲ့ လက်ထက်က ဆောင်ရွက်ခဲ့သည့် ပွင့်လင်းသော အစိုးရအဖွဲ့ဝင် (Open Government Partnership – OGP) ဖြစ်ရေး ဆက်လက် အကောင်အထည် ဖော်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို မေးမြန်း စဉ် ကယားပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးစိုးသိန်းက အထက်ပါအတိုင်း ပြောဆို ခြင်း ဖြစ်သည်။ ဦးစိုးသိန်းက“အခုပိုင်တာကို ပြောစရာမလိုဘူး။ ဝန်ကြီး မလုပ်ခင်၊ လွှတ်တော်အမတ် မလုပ်ခင် ခင်ဗျား ဘယ်လောက် ပိုင်ဆိုင်သလဲဆိုတာ ခင်ဗျား ဆင်းသွားရင် ဘယ်လောက် ခြားနားသွားသလဲဆိုတာ ပြည်သူက သိရမယ်လေ။ အဂတိ လိုက်စားမှု ဘယ်လောက် ဖြစ်သွား သလဲဆိုတာ ပြည်သူကို အသိပေးရမယ်”ဟု လွှတ်တော် အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောသည်။ ဦးသိန်းစိန် အစိုးရလက်ထက်က Open Government Partnership အဖွဲ့ဝင်ဖြစ်ရေး ဦးဆောင် ကော်မတီကို ဖွဲ့စည်း ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် Workshop စတင် ပြုလုပ်ခဲ့ကြောင်း၊ သို့ပါ၍ လက်ရှိအစိုးရ အနေဖြင့် ယင်းကိစ္စကို ဆက်လက် ဆောင်ရွက်ရန် ရှိ၊ မရှိ လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။ အဆိုပါကိစ္စ နှင့် ပတ်သက်ပြီး လွှတ်တော်သို့ အစိုးရကိုယ်စား အနေဖြင့် လာရောက်ရှင်းလင်းသူ အတိုင်ပင်ခံရုံး ဒု ဝန်ကြီး ဦးခင်မောင်တင်က လက်ရှိ အစိုးရထံ အာဏာ မလွှဲပြောင်းမီ ယခင် အစိုးရက ၂၀၁၆ ခုနှစ် မတ်လ ၂၉ ရက် နေ့ တွင် Open Government Partnership ဦးဆောင် ကော်မတီ၊ လုပ်ငန်းကော်မတီ တို့ကို ဖျက်သိမ်းခဲ့ပြီး ဖြစ်၍ ဆက်လက် အကောင်အထည် ဖော်ရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း တုံ့ပြန်သည်။ “မြန်မာနိုင်ငံဟာ OGP အဖွဲ့ဝင် နိုင်ငံ မဟုတ်ပေမယ့် လက်ရှိအစိုးရဟာ OGP စံ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ လုပ်ငန်း ကိစ္စရပ်တွေကို ဆောင်ရွက်လျက်ရှိတာ ပေါ်လွင်နေပါတယ်”ဟုလည်း ဒုဝန်ကြီးက ပြောဆိုသည်။ OGP အဖွဲ့သည် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် အခြေစိုက်ပြီး ၂၀၁၁ ခုနှစ်တွင် ဘရာဇီး၊ အင်ဒိုနီးရှား၊ မက္ကဆီကို၊ နော်ဝေ၊ ဖိလစ်ပိုင်၊ တောင်အာဖရိက၊ အင်္ဂလန်၊ အမေရိကန် စသည့် နိုင်ငံ ၈ ခုဖြင့် စတင်ဖွဲ့စည်းကြောင်း၊ နောက်ပိုင်းတွင် နိုင်ငံပေါင်း ၆၇ နိုင်ငံအထိ တိုးပွားလာခဲ့ကြောင်း ယင်းအဖွဲ့အစည်း၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြ ထားသည်။ OGP ၏ လုပ်ငန်းများမှာ ဘတ်ဂျက် ပွင့်လင်းမြင်သာမှု ရှိရန်၊ သတင်းအချက်အလက် ပေးနိုင်ရန်၊ ရွေးကောက်ခံ ကိုယ် စားလှယ်များ၊ အဆင့်မြင့် အရာရှိကြီးများ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ အင်အားကို ပြည်သူသို့ အသိပေးရန်နှင့် ပြည်သူများကို ပါဝင် ခွင့်ပြုရန်တို့ ဖြစ်သည်ဟု ဆိုသည်။ လက်ရှိ အစိုးရကမူ ဘဏ္ဍာရေး ပွင့်လင်းမြင်သာမှု ရှိစွာ ချပြပေးခြင်း၊ သတင်းအချက်အလက်ပေးရာတွင် နိုင်ငံပိုင် မီဒီယာ များအပြင် ဈေးကွက်တွင် သတင်းစာ ၂၆ စောင်၊ ဂျာနယ် ၂၁၉ စောင်၊ မဂ္ဂဇင်း ၂၁၀ တို့ကို ခွင့်ပြုထားကြောင်း၊ e – Government စနစ်ကို ဖော်ဆောင် နေသလို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်လည်း ရှိကြောင်း ဒုဝန်ကြီး ဦးခင်မောင်တင်က ရှင်းလင်းခဲ့သည်။ ထို့ပြင် လွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်ထားသည့် အစိုးရ အဖွဲ့ဝင် အားလုံး၏ စီးပွားရေး လုပ်ငန်းနှင့် ပိုင်ဆိုင်မှု အားလုံးကို တန် ဖိုးနှင့် တကွ စာရင်းပြုစုပြီး သမ္မတထံသို့ ပေးပို့ထားပြီး ဖြစ်ကြောင်း အတိုင်ပင်ခံရုံး ဒုဝန်ကြီး ဦးခင်မောင်တင်က ပြောသည်။ NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါက်တာ ခွန်ဝင်းသောင်းကမူ ဦးစိုးသိန်း၏ မေးခွန်း သည် အနေ အထားအရ ကောင်းမွန်ပြီး ဖြစ်သင့်သည့် ကိစ္စတခုကို ထောက်ပြသွားခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။ “မေးတဲ့မေးခွန်းအပေါ်မှာ ဝေဖန် ကန့်ကွက်စရာ မရှိဘူး။ ပိုင်ဆိုင်မှုတွေက ချပြသင့်တယ်။ ပြည်သူတွေက ဝန်ကြီး ဖြစ်သွားတဲ့သူတွေကို မယုံဘူး။ ယုံချင်စရာ မရှိတဲ့ အကြောင်းတွေကလည်း လက်ရှိမှာကို ရှိနေတယ်။ ဘယ်သူမှ ခြောက်ပြစ်ကင်း သဲလဲစင် မဖြစ်နိုင်တဲ့အတွက် ချပြဖို့ လိုအပ်တယ်”ဟု ၎င်းက ပြောသည်။ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဖြစ်လာစေရေးအတွက်ဟုဆိုကာ ဦးသိန်းစိန် လက်ထက်က အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို ပွင့်လင်း မြင်သာမှုရှိစွာ ချပြပေးရန် ကိစ္စကို NLD ပါတီ အတိုက်အခံဘဝက လက်ရှိ သမ္မတ ဦးဝင်းမြင့်သည် အတိုက်အခံ အမတ်တဦးအနေဖြင့် အဆိုတခုတင်၍ တောင်းဆိုခဲ့ဖူးသော်လည်း မဲခွဲရာတွင် ရှုံးနိမ့်သဖြင့် မအောင်မြင်ခဲ့ရပေ။ သို့သော် NLD ပါတီ အစိုးရ ဖြစ်လာသည့်အခါတွင် ယင်းကိစ္စကို ဆက်လက် အကောင်အထည်ဖော်ရန် ရှိ၊ မရှိ ၂၀၁၆ ခုနှစ်တွင် ပြည်သူ့ လွှတ်တော် ဥက္ကဌ တာဝန် ထမ်းဆောင်နေသည့် ဦးဝင်းမြင့်အား သတင်းထောက် တဦးက မေးမြန်း ရာ “ပိုင်ဆိုင်မှုများကို ထုတ်ပြန်ပါက ရာဇဝတ်မှုများကို ဖိတ်ခေါ်သလို ဖြစ်မည်”ဆိုသော အကြောင်းပြချက်ဖြင့် ငြင်းပယ် ခဲ့သည်။ ယခု အစိုးရက OGP ကိစ္စကို ဆက်လက် မလုပ်ဆောင်ဟု ဆိုသော်လည်း ဆက်လက် ဆောင်ရွက်စေလိုကြောင်း၊ ယခုမှ NLD အစိုးရ၏ ပုံရိပ်မှ မတက်ဘဲ ကမ္ဘာက လက်ခံသည့် ပုံစံမျိုးဖြင့် သွားရန် လိုကြောင်း၊ ပိုင်ဆိုင်မှုများကို ပွင့်လင်းမြင်သာမှု ရှိစွာ ချပြမည် ဆိုပါက ပြည်သူများက ဝက်ဘ်ဆိုက်တခုကို ဖွင့်ကြည့်ရုံဖြင့် အကုန်သိရှိမည် ဖြစ် ကြောင်း ယခင် အစိုးရ အဖွဲ့ဝင်ဟောင်း ဦးစိုးသိန်းက ပြောသည်။ “အခု အစိုးရကလည်း ဒါလေးတွေ ဆက်လုပ်မယ်ဆိုရင် ဒီလုပ်ငန်းစဉ်ကတော့ ရှည်တယ်ဗျ။ ဒါပေမယ့် ဘာဖြစ်လဲ ဆိုတော့ Political Will ပေါ့။ ငါတို့ လာဘ်မစားဘူး။ ငါတို့ ပွင့်လင်းတဲ့ အစိုးရဖြစ်အောင် လုပ်မယ်ဆိုတာမျိုး ရှိရင် လက်ရှိ အစိုးရရဲ့ Image က ခုန် တက်သွားလိမ့်မယ်။ ဒါကြောင့် လုပ်မလားလို့ မေးခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုခဲ့သည်။ သမ္မတ ဦးသိန်းစိန် သမ္မတတာဝန် ထမ်းဆောင်စဉ်က ပြည်ထောင်စု လွှတ်တော် နာယကထံသို့ တင်ပြထားသည့် ၎င်း၏ ပိုင်ဆိုင်မှု အိတ်ပိတ်စာရင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ တက်ခါစ လွှတ်တော် ပေါ်ပေါက် ပြီးချိန် တွင် လွှတ်တော် နာယက ဖြစ်သူ မန်းဝင်းခိုင်သန်းထံမှ ယင်းပိုင်ဆိုင်မှုစာရင်းအား ပြန်လည် တောင်းယူသွားခဲ့ပြီး ဖြစ်ကြောင်း သတင်းမီဒီယာများတွင် ရေးသား ဖော်ပြကြသည်။ The post အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု ချပြရန် သမ္မတရုံး ဝန်ကြီးဟောင်း တောင်းဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2Ax9FcR
via IFTTT

No comments:

Post a Comment