လွှတ်တော်သို့ ပေးသည့် ကတိများ အကုန် မတည်ဟု ကိုယ်စားလှယ်များ ပြော ပြည်သူ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးရန် ပြည်သူ့ ကိုယ်စားလှယ်များက လွှတ်တော်သို့ တင်ပြသည့်အခါ လုပ် ဆောင် ပေးမည်ဟု အစိုးရ ဝန်ကြီးဌာနများက ကတိပြုခဲ့သော်လည်း အားလုံးကို အမှန်တကယ် ဆောင်ရွက် ပေးနိုင် ခြင်း မရှိကြောင်း သိရသည်။ ၂၀၁၆ ခုနှစ်က ဗန်းမော်-ရွှေကူဘက် ဧရာဝတီမြစ်၏ အနောက်ဘက်ခြမ်းတွင် ရထားလမ်း ဖောက်လုပ်သည့်အခါ လယ် မြေ ဆုံးရှုံးမှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ဘဏ္ဍာနှစ်အလိုက် လျော်ကြေးများ ပေးအပ်မည်ဟု ကတိပြုခဲ့ သော် လည်း လက်တွေ့တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း ရွှေကူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇာနည်မင်း က ပြောသည်။ “အခုချိန်အထိ ဒါကို မဆောင်ရွက် ပေးနိုင်သေးဘူး။ ဒီဘက်က ပြည်ထောင်စု ဝန်ကြီးကို လူချင်းတွေ့တော့ ဘာပြော လဲ ဆိုတော့ ပြည်နယ် ဝန်ကြီးက Delay ဖြစ်တယ်ဆိုပြီး ဖြေကြားတယ်။ ဘတ်ဂျက် လိုငွေပြလည်း စီမံခန့်ခွဲမှု အားကောင်း ကောင်းနဲ့ ဒါကို အမြန်ဆုံး လုပ်ရမယ့် ကိစ္စ။ ပြည်သူတွေမှာ လိုအပ်လို့ ကိုယ်စားလှယ်တွေက တင်ပြတာ တွေကို အခြေခံ ပြီး မှ ဘတ်ဂျက်ကို ဆွဲရမှာ”ဟုလည်း ၎င်းက ပြောဆိုသည်။ ထို့ပြင် ပြီးခဲ့တဲ့လပိုင်းက မေးမြန်းခဲ့သည့် ပေါင်းနက်ချောင်း ဆည်စီမံကိန်းကို ဘတ်ဂျက်တန်ဖိုး ဘီလျံ ၂ သောင်း ကျော် ဖြင့် ဘဏ္ဍာနှစ် အလိုက် လျာထား ဆောင်ရွက်ပေးမည်ဟု လွှတ်တော်တွင် ဝန်ကြီးဌာနက ကတိပြုခဲ့သော် လည်း ယခုနှစ် ဘတ်ဂျက် ရေးဆွဲရာတွင် ပါဝင်လာမှု မရှိကြောင်း၊ အစိုးရ၏ ဗျူရိုကရေစီ ယန္တရား လေးလံနေခြင်း ကြောင့် ဖြစ်ကြောင်း ဦးဇာနည်မင်းက ပြောသည်။ ရန်ကုန်မြို့ လှိုင်မြို့နယ်အတွင်းရှိ ပန်းခြံကို ပြုပြင်ပေးရန်နှင့် ပန်းခြံထဲတွင် အဆောက်အအုံတခု ဝင်ရောက် ဆောက် လုပ် နေခြင်းကို ဥပဒေအရ တားမြစ်ပေးရန် လွှတ်တော်သို့ တင်ပြရာ သက်ဆိုင်ရာ ဝန်ကြီးက တားမြစ်ပေးမည်ဟု ကတိ ပေး သွားခဲ့သော်လည်း လက်တွေ့တွင် တားမြစ်နိုင်ခြင်း မရှိ၍ လွှတ်တော် ကတိကဝတ်များဆိုင်ရာ ကော်မတီ သို့ တင်ပြရ မည် ဖြစ်ကြောင်း ယင်းမြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး ကလည်း ပြော သည်။ “အခု ကတိကဝတ် ကော်မတီကို တိုင်မယ်။ ကော်မတီကနေ ထပ်ပြီးတော့ ဖိအားပေးရမှာပေါ့။ အခုက ကတိကဝတ် ပျက် ရင် ကတိက ဝတ်ပေးသွားတဲ့ ပုဂ္ဂိုလ် ဝန်ကြီးဌာနကို ဘယ်လို အရေးယူဆောင်ရွက်မယ်ဆိုတာမျိုး မရှိဘူး။ အဲဒါ မျိုး ရှိမှ ကောင်းမှာ။ အဒီဲလို ရှိမှလည်း လွှတ်တော်ရဲ့ စောင့်ကြည့် ထိန်းကျောင်းစနစ်က အသက်ဝင်မှာ”ဟုလည်း ၎င်းက ပြောဆိုသည်။ ပြည်သူ့လွှတ်တော် အစိုးရ၏ ကတိကဝတ်များနှင့် အာမခံချက်များ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မေဝင်းမြင့်ကမူ ထိုသို့ ပြဿနာများ ရှိပါက ကော်မတီကို တိုင်ကြားနိုင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနကို ဆက်လက် အကြောင်းကြား ပေးမည် ဟု ပြောသည်။ သို့သော် အသေးစိတ်ကို အချိန်မရ၍ ရှင်းပြနိုင်ခြင်း မရှိဟုလည်း ၎င်းက ဆိုသည်။ လွှတ်တော်တွင် ကတိပြုခဲ့သော်လည်း လက်တွေ့ဆောင်ရွက်ပေးခြင်း မရှိမှုသည် နိုင်ငံတကာတွင် ရာဇဝတ်ကြောင်း အရ အပြစ်ရှိပြီး တာဝန်ရှိသူကို ရာထူးမှ ဖယ်ရှားနိုင်သည်အထိ အရေးယူခြင်းမျိုး ရှိ၍ လွှတ်တော်က အပြန်အလှန် ထိန်း ကျောင်း မှုမှာ အားကောင်းသလို လွှတ်တော်ကိုလည်း လေးစားကြသည်ဟု မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။ “ရာထူးကနေ ဖယ်ရှားလိုက်တာမျိုး ကျနော်တို့ နိုင်ငံမှာတော့ မရှိဘူး။ လက်ရှိ သွားနေတဲ့ နိုင်ငံရေး အခြေအနေအရ မရှိ သေးဘူး။ အဲဒါမှလည်း လွှတ်တော်ကို လေးစားမှာ။ အပြန်အလှန်ထိန်းကျောင်းဖို့အတွက် ဘာလက်နက်မှ မရှိတဲ့ လွှတ်တော်မှာက ရာထူးကနေ အဖယ်ခံရလိမ့်မယ်ဆိုတဲ့ ကြောက်ရွံ့မှုမျိုးနဲ့ အုပ်ချုပ်ရေးပိုင်းကို ထိန်းလို့ရတယ်”ဟု လည်း ၎င်းက ပြောဆိုသည်။ ထို့ပြင် လွှတ်တော်တွင် မှတ်တမ်းတင်သည့် အဆို၊ အတည်ပြုသည့် အဆိုများကိုလည်း အစိုးရက လိုက်လံ ဆောင် ရွက် မှသာ ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍသည် ထင်သာမြင်သာ ရှိလာမည် ဖြစ်ကြောင်း၊ သို့သော် ယခု မြင်နေရ သည်မှာ အဆိုများ မည်သို့ပင် အတည်ပြုစေကာမူ အစိုးရက ၎င်း၏ အလုပ်ကိုသာ ပုံမှန်အတိုင်း ဆက်လက် ဆောင်ရွက် နေသည် ကို တွေ့ရကြောင်း ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြော သည်။ “အဆိုပေါ်မှာ တစိုက်မတ်မတ် အာရုံစိုက်ပြီး လုပ်တာ မဟုတ်ဘူး။ သူလုပ်နိုင်တာကိုပဲ လုပ်နေတာ။ အဆိုတခု အောင် သွား ပြီဆိုရင် အစိုးရက ကက်ဘိနက်ထိုင်၊ ဘယ်လိုဘယ်လို ဝိုင်းဝန်းဆောင်ရွက်မယ်ဆိုတာ Plan လေး ချပြီးတော့ လုပ်ရင်တော့ ကောင်းတာပေါ့။ မှတ်တမ်းတင်လည်း အဲဒီလိုပဲ။ အတည်ပြုလည်း အဲဒီလိုပဲ။ အဲဒီအဆိုပေါ်မှာ အစိုးရက ဘယ်လောက် အထိ ဆောင်ရွက်မယ် ဆိုတာကို ပြည်သူက မသိတော့ဘူး”ဟုလည်း ၎င်းက ပြောဆိုသည်။ အဆိုနှင့် ပတ်သက်ပြီး မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို ပြည်သူများက သိရှိရန် လိုအပ်ပြီး လွှတ်တော်ကလည်း ပြန်ကြားနာရန် လိုအပ်ကြောင်း၊ ဥပမာအားဖြင့် တင်ဒါကိစ္စများကို ပွင့်လင်းမြင်သာမှု ရှိအောင် ဖြေရှင်းရန် ကိုယ်စားလှယ်တဦးက တင်ပြပြီး လွှတ်တော်တွင် အောင်မြင်သွားသော်လည်း တင်ဒါပြဿနာမှာ မပြီးပြတ် ဘဲ အချိန်တိုင်း ပြဿနာ တက်နေဆဲဖြစ်ကြောင်း ဦးဖေသန်းက ထောက်ပြသည်။ ထို့ပြင် မေးခွန်းများ မေးမြန်းပါက မေးမြန်းသည့် ရက်မှ ၁၄ ရက်အတွင်း ပြန်လည် ဖြေကြားရမည်ဟု လွှတ်တော် ဥပဒေ များတွင် ရှိသော်လည်း လက်တွေ့တွင် မဖြစ်ကြောင်း၊ အကြောင်းရင်းမှာ မေးမြန်းသည့် အကြောင်းအရာ အလိုက် စုစည်းရခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွင်လည်း ဝန်ကြီးတဦးတည်း ရှိသည့်အခါ စောင့်ဆိုင်းရခြင်း တို့ ကြောင့် ကြန့်ကြာနေရခြင်း ဖြစ်ကြောင်း ကိုယ်စားလှယ်များထံမှ သိရသည်။ “ဝန်ကြီးဌာနတွေ အားချင်း၊ မအားချင်းကို မစဉ်းစားဘဲ လွှတ်တော်တွေ မြန်ဆန်သွက်လက်ဖို့ ဆိုရင် မစောင့်တော့ဘဲ သူ့စီနီယာအလိုက် ဝန်ကြီး ၁၀ ယောက်စလုံး လာချင်လည်း လာရမယ်။ Issues တူချင်မှ တူမယ်။ အဲဒီလိုမှ ဖြစ်မယ်။ အမှန်တကယ်က ပြုပြင်ပြောင်းလဲမှု တခု လုပ်ရတော့မယ်။ သယံဇာတ ဝန်ကြီးဌာနမှာဆိုရင် ဒုဝန်ကြီး လုံးဝ ခန့်ရ မယ်။ အဲဒီလို ဒုဝန်ကြီးခန့် စီမံခန့်ခွဲမှ မြန်ဆန် သွက်လက်လာမယ်”ဟု ဦးဇာနည်မင်းက ပြောသည်။ လွှတ်တော်တွင် မေးခွန်းများ မေးမြန်းပြီးနောက် ဝန်ကြီးဌာနများက ပြန်လည် ဖြေကြားမည့်အချိန်ကို စောင့်ဆိုင်းရချိန် မှာ လည်း ကြာမြင့်လေ့ရှိပြီး တချို့မေးခွန်းများမှာ ၅ လခန့်အထိ စောင့်ရကြောင်း၊ ကိုယ်စားလှယ်များ၏ မေးခွန်းများ စွာ လွှတ်တော်တွင် ပုံနေသည်ဟု သိရကြောင်း လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး က ပြောသည်။ ဦးအောင်ကျော်ကျော်ဦးက “တချို့ဟာတွေက လုပ်ပြီးတော့မှ လာဖြေတာ။ ဥပမာ လမ်းတွေ ပျက်နေတယ်လို့ မေးရင် သူတို့ က လမ်းတွေကို ပြင်ပြီးမှ အားလုံး ကောင်းပါတယ်။ မပျက်ပါဘူးလို့ လာပြောတာ။ အခုလည်း မေးခွန်းတွေ ပုံနေ တယ်။ ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေ အများကြီး ဖြေဖို့ ကျန်နေတယ်”ဟု ပြောဆိုသည်။ တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စောနိုင် ကလည်း ၎င်း၏မြို့နယ်တွင် လိုအပ် ချက် ဖြစ်ပေါ်နေသည့် ကိစ္စတခုကို မေးခွန်းထုတ်၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က လွှတ်တော်သို့ မေးခွန်း မေးမြန်း တင်ပြထားသော်လည်း အဖြေပြန်မရသည့်အခါ နောက်တကြိမ် မြို့နယ် လူထု တွေ့ဆုံပွဲ လုပ်ရန် အခက်အခဲ ပင် ဖြစ်နေကြောင်း ပြောသည်။ “ဒီလို မေးခွန်းတွေက ကြာနေတော့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ နှောင့်နှေးမှုတွေ ရှိနိုင်တယ်။ ကျနော်တို့က မြို့နယ် လူထုတွေ့ဆုံပွဲမှာ လူထုက တင်ပြလာတာတွေကို လွှတ်တော်မှာ ပြန်မေးမြန်းတဲ့ သဘောပဲ။ ဦးဝင်းမြင့် ဥက္ကဋ္ဌ လုပ်တုန်းက ဒီလောက်မကြာဘူး။ အခု ဒီဘက်ကျမှ ကြာနေတာ”ဟုလည်း ၎င်းက ပြောဆိုသည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် အစိုးရ ဝန်ကြီးဌာနများ၏ကတိကဝတ်များကို စောင့်ကြည့်ပြီး အလုပ် တကယ် လုပ်နိုင်ခြင်း ရှိ၊ မရှိကို သက်ဆိုင်ရာ ကေ်ာမတီများက အစီရင်ခံစာ တင်သွင်းလေ့ ရှိသော်လည်း ထို့ထက် ပို၍ လုပ်ဆောင်နိုင်ခြင်းမျိုး မရှိသေးဟု ဆိုသည်။ ထို့ပြင် လွှတ်တော်တွင် ကိုယ်စားလှယ်များသည် ၎င်းတို့ ဆောင်ရွက်ချက်များကို မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်းဖြင့် အစိုးရ ကို စောင့်ကြည့်ထိန်းကျောင်း ရလေ့ရှိသော်လည်း ယင်းကိစ္စများ လွှတ်တော်သို့ မရောက်ခင် သက်ဆိုင်ရာ ပါတီမူဝါဒများနှင့် ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ခံရခြင်း၊ လွှတ်တော်မှ စကားလုံးများ စိစစ်ခြင်းနှင့် ဆွေးနွေး သည့် အခါတွင်လည်း စကားလုံး အသုံးအနှုန်းများကို ကန့်ကွက်ခံရခြင်းများ ရှိနေကြောင်း ကိုယ်စားလှယ်များက ပြောဆို ကြသည်။ The post လွှတ်တော်သို့ ပေးသည့် ကတိများ အကုန် မတည်ဟု ကိုယ်စားလှယ်များ ပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2OMh6PH
via IFTTT
No comments:
Post a Comment