မြေမဟားတရားသိမ်းယူသည် ဟူသော စကားရပ် တပ်မတော်သားကိုယ်စားလှယ်ကန့်ကွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကိုဆွေးနွေးစဉ် စစ်မှုထမ်းဟောင်းအဖွဲ့မှ မြေများကိုမဟားတရားသိမ်းယူသည်ဟူသောစကားရပ်ပါဝင်သဖြင့် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးပါရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအတွင် မတ်တပ်ရပ် ထ၍ ကန့်ကွက်ခဲ့သည်။ ကချင်ပြည်နယ် မဲဆန္ဒနယ်မှ အမှတ် ၁၁ မှ ဒေါက်တာခွန်ဝင်းသောင်းက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအတွင်း ၎င်း၏ မဲဆန္ဒနယ်မြေအတွင်းကြံခင်းများကိုမြေလွတ်၊မြေရိုင်းဟုအမည်တပ်ပြီးစစ်မှုထမ်းဟောင်းအဖွဲ့က မဟားတရားသိမ်းကာ တဆင့်ရောင်းစားကြကြောင်းဆိုသည့် စကားရပ် ထည့်သွင်းဆွေးနွေးခဲ့ခြင်းကြောင့် တပ်မတော်သား ကိုယ်စားလှယ် က ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နည်းတူ သြဂုတ်လ ၁၄ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တောင်တွင်းကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမင်းသိန်းက “အခြေခံပညာရေးကဏ္ဍ၌ အမျိုးသားဆရာဦးရေသိသာစွာကျဆင်းနေသည့်အတွက် တိုးချဲ့ခန့်ထားရန်အစီအစဉ်ရှိမရှိ”မေးခွန်းမေးမြန်းရာ၌ ပညာရေးအမှောင်ခေတ်ဟုသုံးနှုန်းခဲ့သည့်အပေါ် ကြံခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မြင့်က ကန့်ကွက်ခဲ့သည်။ “လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေသုံးတဲ့ အသုံးအနှုန်းသုံးတဲ့စကားရပ်တွေ က ခိုင်ခိုင်မာမာ၊ တိတိကျကျနဲ့ ပြောလို့ရတာ ဖြစ်ဖို့လိုပါတယ်။ အဲဒီတော့ ကျန်တဲ့ အခြားခိုင်မာမှုမရှိတဲ့ စကားလုံးတွေကိုသုံးမယ်ဆိုရင် လွှတ်တော်ရဲ့ပုံရိပ်ကိုလည်းထိခိုက်နိုင်တာကြောင့်ပါ။ ဒါကြောင့်ဒီလွှတ်တော်မှာသုံးသွားတဲ့အသုံးအနှုန်းကို မှတ်တမ်းရယူပြီး ပယ်ဖျက်ပေးဖို့ဆိုပြီးထပြီးကန့်ကွက်ခြင်းဖြစ်ပါတယ် ”ဟုဒုတိယဗိုလ်မှူးကြီးကလွှတ်တော်အစည်းအဝေးခေတ္တရပ်နားချိန်တွင်မီဒီယာများသို့ ပြောသည်။ ယင်းဆွေးနွေးချက်နှင့် ပက်သက်ပြီး တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ကန့်ကွက်ခဲ့သဖြင့် ပြည်ထောင်စုလွှတ်တော်နာယကဦးတီခွန်မြတ်က အဆိုပါဆွေးနွေးချက်အတွင်းမှ မဟားတရားဟူသောစကားလုံးကိုလွှတ်တော် မှတ်တမ်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်းကြေငြာခဲ့သည်။ တပ်မတော်သားကိုယ်စားလှယ် လွှတ်တော် အတွင်းကန့်ကွက်ပြောဆိုမှုမှာ အရပ်သားစကားနှင့်ပြောကြောင်း၊ ၎င်းမှာ တိုင်းရင်းသားဖြစ်ကြောင်း၊ အရပ်သားက ရွေးထားသည့် လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သည့် အတွက် ပြောသင့်သည့် စကားများအားပြောဆိုမည်ဖြစ်ကြောင်း၊ စာစီစာကုံးရွတ်သကဲ့ သို့ မရွတ်နိုင်ကြောင်း ဒေါက်တာခွန်ဝင်းသောင်းကပြောသည်။ ၎င်းက “လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ ပြောရမယ့်ဟာကိုပြောရမယ်ဆိုတဲ့ ခံယူချက်ရှိတယ်။ မှားတယ်မှန်တယ်ဆိုတဲ့အပိုင်းက ကျနော့်အပိုင်းမဟုတ်ဘူး။ ဒီလွှတ်တော်မှာတော့ တာဝန်မကျေပွန်မှာတော့စိုးရိမ်တယ်။ ပြောသင့်တယ်ထင်ရင် ပြောမယ်။ မှားချင် လည်းမှားမယ်။ ဒါပေမယ့် အဲဒီအမှားက ပြည်သူလက်ခံတဲ့အမှားဖြစ်မယ်လို့ ယုံကြည်တယ် ”ဟုပြောသည်။ ယမန်နေ့က ပညာရေး အမှောင်ခတ်ဟု ပြောဆိုခဲ့သည့်အပေါ်ကိုလည်း ကြံ့ဖွံံပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က “တပ်မတော်အစိုးရကာလကိုပညာရေးအမှောင်ခေတ်လို့ ပြောသွားတာကျနော်ကန့်ကွက်ပါတယ်။ ဒီလိုမဆီလျော်တဲ့ အသုံးအနှုန်း၊ ပြီးခဲ့တဲ့ အစိုးရအပေါ်မှာ ပြက်ရယ်ပြုတဲ့အသုံးအနှုန်း၊ ရှုတ်ချတဲ့အသုံးအနှုန်းတွေကို လွှတ်တော်ကမှတ်တမ်းတင်ထားမယ်ဆိုရင် လွှတ်တော်လည်းမကောင်းပါဘူး” ဟု ရှင်းပြသည်။ တောင်တွင်းကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမင်းသိန်းက “ပညာရေးအခွင့်အလမ်းကင်းမဲ့တာလည်းအမှောင်ခေတ်ပဲ၊ ပညာရေးအသုံးစရိတ်နည်းပါးတာလည်းအမှောင်ခေတ်ပဲ။ အဲဒါကိုရည်ရွယ်တာ၊ ကိုယ်တို့လည်း ၈၈ နောက်ပိုင်းမှာ (ကျောင်းဆရာအလုပ်မှ) ထွက်လာခဲ့တာပါ။ အဲဒါကြောင့် ကိုယ့်ခံစားချက်နဲ့ ကိုယ်ပြောလိုက်တာပါ” ဟုဆိုသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကလည်းမေးခွန်းမေးမြန်းရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများကို ပြဌာန်းထားပြီးဖြစ်၍ မဆီလျော်သည့် စကားလုံးအသုံးအနှုန်းများကိုမသုံးမိစေရန်သတိပေးပြောကြားခဲ့သည် ။ ပြည်သူ့ အခွန်ဘဏ္ဍာနှင့် ကျင်းပနေသည့် လွှတ်တော်ကြီးတွင် မူဝါဒပိုင်းဆိုင်ရာတွင် ပြည်သူများအတွက် အကျိုးဖြစ်စေမည့် ကိစ္စများကိုသာ အလေးပေးဆောင်ရွက်စေလိုကြောင်း၊ စကားလုံးအပေါ်တွင် ထပ်ပြီးတော့ အငြင်းပွားမှုများထပ်ဖြစ်နိုင်ကြောင်း၊ အဆိုပါ စကားလုံးများအားမှတ်တမ်းတွင် ထားခြင်း၊ မထားခြင်းသည် ပြည်သူအတွက် ထူးခြားသည့် အချက်မဟုတ်ကြောင်း ၊ ယခုထက်ပိုပြီးအကျိုးရှိမည့် ကိစ္စရပ်များကိုဆောင်ရွက်စေလိုကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်လှိုင်ဝင်းက သုံးသပ်သည်။ လွှတ်တော်၌ ယခုရက်ပိုင်းအတွင်း ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်ဘက်မှ ကိုယ်စားလှယ်များကစကားရပ် အသုံးအနှုန်းများအားကန့်ကွက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။ ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့သည့် လွှတ်တော် ၂ ရပ် သဘောထားကွဲလွဲသောမြေလွတ် ၊မြေလပ်နှင့် မြေရိုင်းများစီမံခန့် ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တစ်ပိုဒ်ချင်းစီလိုက် ဆုံးဖြတ် အတည်ပြုခဲ့သည်။ The post မြေမဟားတရားသိမ်းယူသည် ဟူသော စကားရပ် တပ်မတော်သားကိုယ်စားလှယ်ကန့်ကွက် appeared first on ဧရာဝတီ.
Source : https://ift.tt/2MR6QoZ
via IFTTT
No comments:
Post a Comment