ရန်ကုန် စည်ပင်ဥပဒေ အမှန်တကယ် သက်ရောက်မှု ရှိနိုင်မလား ရန်ကုန်ဟာ လူဦးရေ ၇ သန်းနီးပါးရှိတဲ့ မြို့ကြီးတမြို့ ဖြစ်တာကြောင့် မြို့တော် အင်္ဂါရပ်တွေနဲ့ ညီညွတ်ရေး၊ သန့်ရှင်း သာယာ လှပရေး၊ အများပြည်သူ အပန်းဖြေစရာနေရာရှိရေး စတဲ့အချက်တွေဟာ တော်တော်လေး အရေးကြီးပါတယ်။ ဇွန်လ ၂၈ ရက်နေ့က အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ “ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ” ဟာ ရန်ကုန်မြို့နေ လူထု အတွက် ဘယ်လောက်အထိ အကျိုးရှိမလဲဆိုတာ စဉ်းစားစရာပါ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ မှာ အခန်း (၃၁) ခန်းနဲ့ နောက်ဆက်တွဲဇယား ပြစ်မှုနှင့် ပြစ်ဒဏ်များ ပါဝင် ပါတယ်။ ပုဒ်မတွေ၊ ပုဒ်မခွဲတွေ ပြည့်ပြည့်စုံစုံပါဝင်ပြီး အချိန်ယူ ရေးဆွဲထားတဲ့ ဥပဒေလည်းဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က အတည်ပြုလိုက်ပေမယ့် ဥပဒေအသက်ဝင်ဖို့ “နည်းဥပဒေ” ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ လိုအပ်နေပါတယ်။ ဒါ့အပြင် အများပြည်သူ စိတ်ဝင်စားနေတဲ့ စည်ပင်ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ထဲမှာ ကျင်းပသွားဖို့လည်း စီစဉ်နေပါတယ်။ အရပ်သား အစိုးရတက်လာပြီးနောက်ပိုင်း ဒီစည်ပင်ရွေးကောက်ပွဲဟာ ပထမဆုံး အကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲ လည်း ဖြစ်ပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ မြို့နယ်အလိုက် စည်ပင် ကိုယ်စားလှယ်တွေမရှိဘဲ လစ်ဟာနေတာကြောင့် ရန်ကုန် တိုင်း နယ်နိမိတ်အတွင်းက စည်ပင်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေမှာ လိုအပ်ချက်တွေ၊ ခရီး မရောက်မှုတွေ ရှိနေ တာပါ။ လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ စည်ပင်ဥပဒေ အခန်း(၄) မှာ ရွေးကောက် တင်မြှောက်ခြင်း၊ အစားထိုးခန့် အပ်ခြင်း၊ တာဝန်ကနေ ရုပ်သိမ်းခြင်းတွေနဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေ ပြုလုပ်ထားပါတယ်။ ရန်ကုန်ရဲ့ မြို့နယ်တော်တော်များများမှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု၊ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှု၊ စည်းကမ်းမဲ့ ဈေးရောင်းချမှုတွေ ရှိနေပြီး စည်ပင်ဥပဒေနဲ့အညီ ပြတ်ပြတ်သားသား အရေးယူရမှာပါ။ တဖက် ကလည်းအများ ပြည်သူ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ လုပ်ငန်းတွေကို စိစစ်အရေးယူဖို့ လုပ်ဆောင် ရမှာပါ။ လက်ရှိဖြစ်နေတဲ့ အခြေ အနေတွေက မြို့နေလူထုဟာ စည်ပင်နဲ့ပတ်သက်ပြီး ပစ္စည်းခွန်၊ အမှိုက် ခွန်၊ ရေခွန်၊ အထွေထွေခွန်၊ ပိုင်ဆိုင်မှု အခွန်တွေကို ပေးဆောင် နေရပါတယ်။ ဒါပေမယ့် ရန်ကုန်မှာ မိုးရာသီတိုင်းလိုလို တွေ့ကြုံနေရတဲ့ ရေကြီးရေလျှံမှု ပြဿနာကိုတောင် စည်ပင်က ကောင်း ကောင်း မွန်မွန် မဖြေရှင်းနိုင်သေးတာ တွေ့ရပါတယ်။ မိုးမကျခင် ရေမြောင်းတွေ ရေစီးရေလာ ကောင်းမွန်အောင် ဖော်သင့်ပေမယ့် မိုးဖြိုင်ဖြိုင်ရွာနေတဲ့ အချိန် ရောက်လာ တာ တောင်မှ မဖော်သေးတာတွေ ရှိနေလို့ ရန်ကုန်စည်ပင်ကို ပြည်သူတွေက ယုံကြည်မှု နည်းပါးနေတာလည်း ဖြစ်ပါ တယ်။ ဒါ့အပြင် အိမ်ရာ မြေညီထပ်တွေမှာ ဥပဒေနဲ့ မညီညွတ်တဲ့ အဖီအဆွယ်ချမှုတွေ၊ မြေညီထပ်ကို ကြိုက်သလို ချဲ့ပြီး ဆိုင်ခန်းဖွင့် ငှားစားတဲ့ ဝိသမလောဘသားတွေအပေါ် ရန်ကုန်စည်ပင်က အရေးမယူနိုင်တာကလည်း မေးခွန်း ထုတ် စရာ ဖြစ်နေဆဲပါ။ ဒီထက်ပိုဆိုးတာက ပြည်သူတွေဟာ သူတို့ရဲ့ အခက်အခဲတွေရှိလို့၊ လိုအပ်ချက်တွေရှိလို့၊ နေထိုင်တဲ့ တိုက်ခန်းမှာ ရေမလာလို့ စတဲ့ ကိစ္စတွေကို အကူအညီတောင်းဖို့ စည်ပင်ရုံးတွေကို ဖုန်းဆက်ရင် ဖုန်းဆက်မရတာ၊ ဖုန်းမကိုင်တာ၊ ချေချေငံငံ မပြောဆိုတာတွေ အခုထက်ထိ တွေ့ကြုံနေရဆဲပါ။ ပြည်သူက ရွေးချယ်လိုက်တဲ့ စည်ပင် ကိုယ်စားလှယ်တွေရှိမှသာ သက်ဆိုင်ရာ မြို့နယ်အလိုက် ပြည်သူတွေ ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မှာမို့ စည်ပင်ရွေးကောက်ပွဲမှာ လူမှန်၊ နေရာမှန်ရွေးချယ်တတ်ဖို့၊ မဲပေးခွင့်ရှိတဲ့ အိမ်ထောင်စုတိုင်း မဲပေးပိုင်ခွင့်ရှိဖို့ အထူးတလည် အရေးကြီးပါတယ်။ ရန်ကုန်မြို့တွင်း စည်ပင် ဝန်ထမ်း တချို့ အမှိုက် သိမ်းနေစဉ် ဥပမာအားဖြင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီ တရပ်ရဲ့ ဖွဲ့စည်းပုံမှာ ဥက္ကဋ္ဌအဖြစ် မြို့နယ်အတွင်းမှာ နေထိုင် တဲ့ ပြည်သူများက ရွေးကောက် တင်မြှောက်ခြင်း ခံရသူ၊ အဖွဲ့ဝင် (၁) နဲ့ အဖွဲ့ဝင် (၂) အဖြစ်လည်း မြို့နယ်အတွင်းနေ ပြည်သူများက ရွေးကောက် တင်မြှောက်ခြင်းခံရသူ၊ အဖွဲ့ဝင် (၃) အဖြစ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အတွင်းရေးမှူးအဖြစ် မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး တို့ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေက ရွေးချယ်မယ့် ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါကြောင်း လေ့လာတွေ့ရှိရပါ တယ်။ စည်ပင်ဥပဒေမှာ ထည့်သွင်းထားတဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေဟာ ကောင်းမွန်ပေမယ့် တကယ် အရေးယူပြဖို့ လိုပါတယ်။ ရန်ကုန်ဆေးရုံကြီး ဝင်းအတွင်း စည်းမဲ့ကမ်းမဲ့ ဈေးရောင်းနေတဲ့ ဈေးသည်တွေဟာ ဥပဒေနဲ့ ညီညွတ်ခြင်း မရှိပေမယ့် အခုထက်ထိ မဖယ်ရှားနိုင်သေးတာက မွေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ တရားဝင် ဆေးကုသမှု ခံယူနေတဲ့ လူနာ တွေ၊ ဆေးကုသ ပေးနေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေအတွက်ပါ အနှောင့်အယှက် ဖြစ်လာလို့ ပြည်သူတွေက ဘာကြောင့်လဲ လို့ ဝေဖန်နေကြ ပါတယ်။ နောက်တခုက စည်ပင်ရဲ့ ကွပ်ကွဲမှုအောက်မှာရှိတဲ့ ဈေးအိမ်သာတွေရဲ့ သန့်ရှင်းသပ်ရပ်မှုပါ။ တလောက ကျမ ကိုယ်တိုင် ၃၈ လမ်း ဈေးအိမ်သာ သွားတက်ရာမှာ ရေပိုက်ကရေဖွင့်လို့မရ၊ ညစ်ပတ်နေပြီး အရှေ့က ရေတိုင်ကီထဲက ရေကို ပုံးနဲ့ ခပ်ယူ သုံးရပါတယ်။ ရေပုံးကလည်း ပေါက်ပြဲနေသလို လက်ဆေးဖို့ ဘေစင်က ခလုတ်ဖွင့်ဖို့ လုပ်တော့လည်း ရေတစက် မှ ကျမလာပါဘူး။ မြို့လယ်ခေါင်က ဈေးအိမ်သာမှာ ဒီလိုဖြစ်နေတာ ကို အမြန်ဆုံး ပြင်ဆင်သင့်ပါတယ်။ စည်ပင်ဥပဒေ ပုဒ်မ ၃၂၂ (ယ) မှာ “အများပြည်သူနှင့် သက်ဆိုင်သည့်နေရာနှင့် လမ်းများပေါ်သို့ ကွမ်းတံတွေး ထွေး ခြင်း၊ အညစ်အကြေး စွန့်ပစ်ခြင်းနှင့် အိမ်မွေးတိရစ္ဆာန် အညစ်အကြေးများ စွန့်ပစ်ခြင်း” ပြုလုပ်ရင် ၃၀၀၀၀ ကျပ်ကနေ ၅၀၀၀၀ ကျပ်အထိ ဒဏ်ရိုက်မယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးသူ ဘယ်လောက်အထိများနေလဲ၊ ကွမ်းသွေး ကွက်တွေက သက်သေပြနေပါတယ်။ ဒါ့အပြင် ဝန်ကြီးများရုံးလို သမိုင်းဝင်နေရာ ဝန်းကျင်မှာတောင် အပေါ့ စွန့်သူတွေရှိနေပါတယ်။ ဒါကြောင့် အဲဒီလို လူတွေကို ဘယ်လိုနည်းနဲ့ စောင့်ကြည့်မလဲ၊ ဘယ်လို ပြစ်ဒဏ်ပေးမလဲ ဆိုတာ သေသေချာချာ စဉ်းစား လုပ်ဆောင် သင့်ပါတယ်။ စည်ပင်ဥပဒေ ပုဒ်မ ၃၂၂ (က) မှာ “မြို့တော် နယ်နိမိတ်အတွင်း မြေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု၊ ရေထု ညစ် ညမ်း မှုနှင့် အသံ ညစ်ညမ်းမှု စသည့် ပတ်ဝန်းကျင် ထိခိုက်စေနိုင်သော လုပ်ငန်းများ လုပ်ကိုင်ခြင်း” အတွက် ပထမ အကြိမ် ကျူးလွန်ရင် ဒဏ်ငွေ တသိန်းကနေ ငါးသိန်း ကျပ်၊ ထောင်ဒဏ် ၃ လ (သို့မဟုတ်) နှစ်ရပ်ပေါင်း၊ ဆက်လက် ကျူးလွန်ရင် ထောင်ဒဏ် ၆ လ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီနေရာမှာ မြေထု၊ လေထု၊ ရေထု ညစ်ညမ်းမှု ကိစ္စတွေဟာ အင်မတန်ကျယ်ပြန့်ပြီး ထိခိုက်မှုဖြစ်ပေါ်စေတဲ့ လုပ်ငန်း တွေ၊ စက်ရုံ၊ အလုပ်ရုံတွေကို သေချာစစ်ဆေး ကြပ်မတ်ရမှာပါ။ ရပ်ကွက်တွေထဲမှာ စည်ပင်ရဲ့ ခွင့်ပြုချက်မပါဘဲ ဆောက်လုပ် နေတဲ့ ကန်ထရိုက်တိုက်တွေ ရှိနေတဲ့အပြင် အဲဒီက ထွက်ပေါ်လာတဲ့ အသံတွေက အသံ ညစ်ညမ်းမှု ဖြစ်ပေါ်ပါတယ်။ လမ်းတွေထဲကို လက်ကိုင်စပီကာ ဖွင့်ပြီး ဈေးရောင်းတာတွေ၊ ကားတွေမှာ လော်စပီကာ တပ်ပြီး လှည့်လည် ဈေးရောင်း တာတွေကလည်း အသံညစ်ညမ်းမှု ဖြစ်တာမို့ ပြတ်ပြတ်သားသား အရေးယူရမှာပါ။ ဒါ့အပြင် ပုဒ်မ ၃၂၂ (တ) မှာ “မြို့တော်နယ်နိမိတ် အတွင်းရှိ လူနေရပ်ကွက်များ၌ အဆောက်အအုံများ ဆောက်လုပ် ရာတွင် အများပြည်သူ အနှောင့်အယှက်ဖြစ်ခြင်းကို အကာအကွယ်ပေးရန် ထုတ်ပြန်ထားသည့် ကော်မတီ၏ ညွှန်ကြား ချက်များကို ဖောက်ဖျက်ခြင်း” အတွက် ပထမအကြိမ် ကျူးလွန်ရင် ဒဏ်ငွေ ကျပ် ၅ သိန်းကနေ ၃၅ သိန်း၊ ဆက်လက် ဖောက်ဖျက်ရင် ထောင်ဒဏ် ၆ လလို့ ဖော်ပြထားပါတယ်။ တရားဝင်ခွင့်ပြုချက်နဲ့ ဆောက်လုပ်ရင်တောင်မှ ညကြီး အချိန် မတော် ဆက်လုပ်နေတာတွေ၊ ပစ္စည်းချတာတွေ မပြုလုပ်ရဘူးလို့ နားလည်မိပါတယ်။ အခန်း(၂) မှာဖော်ပြထားတဲ့ ရည်ရွယ်ချက်ထဲမှာ “နိုင်ငံတကာ မြို့တော်ကြီးများကဲ့သို့ သန့်ရှင်း၊ သာယာ၊ လှပ၍ နေချင် စဖွယ် မြို့တော် ဖြစ်လာအောင် အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် မြို့နေလူထုက ပါဝင် ဆောင်ရွက်စေရန်” လို့ ပါဝင် ပါတယ်။ မြို့နေလူထုက သတင်းပေး တိုင်ကြားရင်ရော အရေးယူမှာလား၊ ပြည်သူကိုရော ဘယ်လောက်အထိ အလေးထားမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ ဥပဒေတရပ်ဟာ ပြဋ္ဌာန်းရုံနဲ့ မပြီးသေးဘဲ အသက်ဝင်လာအောင်၊ သက်ရောက်မှု ရှိအောင် ဆက်လက် လုပ်ဆောင်ဖို့ သက်ဆိုင်သည့် အစိုးရ အာဏာပိုင်တွေမှာ တာဝန်ရှိပါတယ်။ ပြည်သူတွေ အမှန်တကယ် အားကိုးရတဲ့ စည်ပင်ဖြစ်လာအောင် စည်ပင် ရွေးကောက်ပွဲကို စနစ်တကျ ကျင်းပပေးဖို့၊ စည်ပင် ဝန်ထမ်းအားလုံး အဂတိတရား ကင်းရှင်းဖို့၊ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်ဖို့ လိုအပ်နေပါကြောင်း ထောက်ပြ ရေးသား လိုက်ရပါတယ်။ ။ The post ရန်ကုန် စည်ပင်ဥပဒေ အမှန်တကယ် သက်ရောက်မှု ရှိနိုင်မလား appeared first on ဧရာဝတီ.
Source : https://ift.tt/2KsiswF
via IFTTT
No comments:
Post a Comment