Wednesday, August 15, 2018


ညောင်ဦးလေဆိပ်အဆင့်မြှင့်တင်ခြင်း ပြည်ထောင်စုအစိုးရ အစီအစဉ်ဟုဆို ပုဂံ-ညောင်ဦးလေဆိပ် အဆင့်မြှင့်တင်ခြင်းသည် ပြည်ထောင်စု ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန ၏ အစီအစဉ် ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရ အနေဖြင့် သဘောထားမှတ်ချက်ပေးရုံ အဆင့်သာဖြစ်ကြောင်း တိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြောသည်။ တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက “ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး တိုင်းအစိုးရကို သဘောထား တောင်းတော့ ဒေသခံတွေ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့က အဓိကဆိုတော့၊ အဲဒီလို ဖြစ်မယ်ဆိုရင် ကန့်ကွက် ရန်မရှိဘူးလို့ပဲ အကြောင်းပြန် ပေးလိုက်တယ်” ဟု ဧရာဝတီကို ပြောသည်။ ၎င်းစီမံကိန်းသည် ဂျပန်အစိုးရ၏ ငွေကြေးအကူအညီဖြင့် ပြည်ထောင်စု ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာန လက် အောက်ရှိ ပြည်တွင်းလေကြောင်း ညွှန်ကြားမှုဦးစီးဌာနတို့က ဆောင်ရွက်ရန် စီစဉ်နေခြင်း ဖြစ်ပြီး ယခုနှစ်ပိုင်းအတွင်း စတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရ အဖွဲ့မှ သိရသည်။ လက်ရှိတွင် ပုဂံညောင်ဦး လေဆိပ်သည် ခရီးသည် အများဆုံး ၁၀၀ ခန့် စီးနင်းလိုက်ပါနိုင်သည့် ပြည်တွင်း လေကြောင်းလိုင်းမှ လေယာဉ်များသာ ဆိုက်ရောက်လျက်ရှိပြီး ကမ္ဘာလှည့် ခရီးသွား ဧည့်သည်အများအပြား စိတ်ဝင် တစား လာရောက်လေ့လာကြသည့် မြို့တမြို့ဖြစ်သည့် ပုဂံတွင် လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်းသည် ခရီးသွားကဏ္ဍတိုးတက်ရန် အထောက်အကူ ဖြစ်စေသည့် ရည်ရွယ်ချက်လည်း ပါရှိကြောင်း ဝန်ကြီးဦးမြတ်သူက ပြောသည်။ သို့ရာတွင် ပုဂံညောင်ဦးလေဆိပ်သည် ရှေးဟောင်း ဘုရားများစွာ ရှိသော ပုဂံမြို့ဟောင်းနှင့် ၆ မိုင် ကျော် ကွာဝေးသဖြင့် လေဆိပ်အဆင့်မြှင့်တင်ပြီးပါက ခရီးသည်တင် လေယာဉ်ကြီးများ ဆင်းသက် လျှင် တုန်ခါမှု၊ ဆူညံသံများ ကြောင့် ပုဂံဒေသရှိ ဘုရားစေတီများအား ထိခိုက် နိုင်မည်ဟု ရှေးဟောင်း သုတေသန ပညာရှင်များ အပါအဝင် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက ယင်းစီမံကိန်းအပေါ် ထောက်ပြထားကြသည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က “Airbus လို လေယာဉ်အကြီးကြီးတွေ ဆင်းမယ်ဆိုရင်တော့ တုန်ခါမှု ကြောင့် ရှေးဟောင်း နယ်မြေကို ထိခိုက် စေနိုင် တယ်။ ဒါပေမဲ့ ဘယ်လိုပုံစံမျိုး လုပ်မယ်ဆိုတဲ့ အစီအစဉ်ကို အခုထိအသေးစိတ် မသိရသေးတော့ ဌာနအနေနဲ့ အကြံပြု တင်ပြတာမျိုးမရှိသေးပါဘူး” ဟု ဧရာဝတီကို ပြောသည်။ သမ္မတ ဦးသိန်းစိန် လက်ထက်က ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရေးအတွက် ပြင်ဆင်မှုနှင့် ပတ်သက်၍ ကွင်းဆင်းကြည့်ရှု့ခဲ့ရာ လေယာဉ်ကြီးများ ဆင်းသက်လျှင် တုန်ခါမှုကြောင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ကို ထိခိုက်မှု ရှိမရှိ မေးမြန်းစုံစမ်းခဲ့သည်။ ယူနက်စကိုယဉ်ကျေးမှုဌာနမှ စီမံကိန်းအရာရှိဒေါ်ဥမ္မာမျိုးက “လေယာဉ်ကွင်းအဆင့်မြှင့်လိုက်လို့ ပုဂံ ဒေသ ထိခိုက်မှု ရှိနိုင်လား၊ မရှိဘူးလား ဆိုတာ သေချာဆာဗေး လုပ်ပြီး ထိခိုက်မှုရှိရင် လျှော့ချ နိုင်တဲ့ နည်းတွေကို ရှာဖို့လိုအပ်ပါတယ်။ ဖွံ့ဖြိုးရေးအတွက်ဆိုပေမဲ့ ဘက်စုံထောင့်စုံ ကနေစဉ်းစားသင့်ပါ တယ်။ သက်ဆိုင်ရာ ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါမယ်။ ဒါပေမဲ့ လက်ရှိ ပုဂံညောင်ဦး လေဆိပ်က Maximum use ကိုရောက်နေပါပြီ။ ဒီထက်တော့ ထပ်မလုပ် သင့်ဘူး လို့ မြင်ပါတယ်။” ဟု ဧရာဝတီကိုပြောသည်။ ရှေးဟောင်း အမွေအနှစ်နှင့် ဖွံ့ဖြိုးရေးခေါင်းစဉ်နှစ်ခုအကြား စိန်ခေါ်မှုများရှိလာနိုင်သည့် ပုဂံညောင်ဦး လေဆိပ်ကို အဆင့်မြှင့်တင်ခြင်းထက် ပုဂံနှင့် ၂၃ မိုင်ခန့်ကွာဝေးသည့် ပခုက္ကူလေယာဉ်ကွင်းအား အဆင့်မြှင့်တင်ခြင်းက ပို၍ သင့်တော်မည်ဟု ၎င်းကအကြံပြုသည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပုဂံဒေသကို ယူနက်စကို (United Nations Educational, Scientific and Cultural Organization) ၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် သတ်မှတ်ရန် အဆို ပြုလွှာတင်စဉ်က ပုဂံ – ညောင်ဦးလေဆိပ် အဆင့်မြှင့်တင်မည့် စီမံကိန်း အကြောင်း မပါဝင်ခဲ့သလို၊ ယင်းစီမံကိန်း နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနက တစုံတရာ အကြောင်း ကြားခြင်းမျိုးလည်း ယနေ့ထိမရှိသေးကြောင်း ယူနက်စကိုမှ သိရသည်။ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန အသင်း၏ အတွင်းရေးမှူး ဦးသူရအောင်ကလည်း “ဒေသဖွံ့ဖြိုး စေချင်လို့ လုပ်တာ မှန်ပေမဲ့ ရှေးဟောင်းဇုန်နဲ့ ဝေးတဲ့နေရာမှာ လုပ်သင့်တယ်။ ခုလို လေဆိပ်တိုးချဲ့ တာတွေ၊ လူလုပ်ကုန်းတွေ လုပ်နေ တာတွေက ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့တောင် မသေချာ တော့ဘူး။ ပုဂံမှာ အမွေအနှစ်တွေမရှိရင် ဘာစီးပွားရေးမှလည်း မဖြစ်တော့ဘူးလေ” ဟု ဧရာဝတီကို ပြောသည်။ ထို့အပြင် ပုဂံဒေသကို ယူနက်စကို၏ ကမ္ဘာအမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်ရန် စာရင်း တင်သွင်း ထား ချိန်ဖြစ်ပြီး ၎င်းအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ယူနက်စကို၏ သတ်မှတ် စည်းမျဉ်း များအား လိုက်နာမည်ဆို သည့် ကတိကဝတ်ပြုပြီးဖြစ်ရာ ယခုစီမံကိန်းသည် မြန်မာနိုင်ငံ အနေဖြင့် ပေးထား သည့် ကတိကဝတ် အပေါ် ဖောက် ဖျက်ရာကျသည့် ပုံစံရှိကြောင်း ၎င်းက ပြောသည်။ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များစွာရှိသည့် ပုဂံညောင်ဦးရှိ လေဆိပ်ကို အဆင့်မြှင့်တင်ခြင်း ထက် ပုဂံနှင့် မနီးမဝေးရှိ ပခုက္ကူလေဆိပ်ကို အဆင့်မြှင့်တင်ခြင်းသည် ပိုမိုသင့်လျော်လိမ့်မည်ဟု ပြီးခဲ့သည့် လပိုင်းက ယင်းကိစ္စနှင့် ပတ်သက်၍ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ရှေးဟောင်း သုတေသနဆိုင်ရာ ပညာရှင်အများစုအပါအဝင် ယူနက်စကိုမှ ပြည်ပပညာရှင် များက အကြံပြုခဲ့ ကြကြောင်း မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန အသင်းမှ သိရသည်။ ပုဂံညောင်ဦး လေဆိပ်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဂျပန်အစိုးရက ဂျပန်ယန်း ၄.၈ ဘီလျံခန့် ထောက်ပံ့ မည်ဖြစ်ပြီး လေဆိပ်ပြေးလမ်းချဲ့ခြင်း၊ လေဆိပ် အဆောက်အဦ အဆင့်မြှင့်တင်ခြင်း၊ လေဆိပ်ရှိ အခြေခံ အဆောက်အဦများ မြှင့် တင်ခြင်းတို့ ပါဝင်ကြောင်း ပြည်ထောင်စု ပို့ဆောင်ဆက် သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်းလေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်း အရာရှိ တဦးက ပြီးခဲ့သည့် လဆန်းက မြန်မာတိုင်းမ်သတင်းစာသို့ ဖြေကြားထားသည်။ The post ညောင်ဦးလေဆိပ်အဆင့်မြှင့်တင်ခြင်း ပြည်ထောင်စုအစိုးရ အစီအစဉ်ဟုဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2OE2lOR
via IFTTT

No comments:

Post a Comment