Sunday, August 19, 2018


ရှေးဟောင်းဇုန်နှင့် လွတ်ကင်း၍ ပုဂံအနီး မျှော်စင်ဆောက်ရန် ခွင့်ပြုခြင်း ဖြစ်ဟုဆို ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအနီး အမြင့်ပေ ၃၀၀ကျော် (မီတာ ၁၀၀) ရှိ အဝေးကြည့် လူစီး မျှော်စင်နှင့် အပန်းဖြေ ဥယျာဉ် တည်ဆောက်ရန် ခွင်ပြုရခြင်း ရှေးဟောင်းဇုန်နှင့် လွတ်ကင်း၍ ဖြစ်ကြောင်း ညောင်ဦးခရိုင်ကို တာဝန်ယူ ထားသည့် မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြောသည်။ ယခုနှစ်ဆန်းပိုင်းက တောင်ကိုရီးယား အခြေစိုက် Sky Dream Company Limited ကုမ္ပဏီသည် ပုဂံ ဟိုတယ်ဇုန် (၄) ၏ တောင်ဘက် ဂန့်ဂါရွာ၏ အရှေ့မြောက်အရပ်ရှိ မြေဧရိယာ ၂၀ ဧက ပေါ်တွင် မီတာ ၁၀၀ (အမြင့်ပေ ၃၂၀ ကျော်) အမြင့်ရှိ ရှုခင်းကြည့်မျှော်စင်ကို တည်ဆောက်ရန်အတွက် တင်ပြလာခြင်းဖြစ်သည်။ “ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး လုပ်မယ့် ကုမ္ပဏီက လာတွေ့တော့ ဘယ်လိုလုပ်မလဲ မေးကြည့်တယ်။ ပြီးတော့ ပုဂံရှေး/ သု ကိုလည်းမေးတဲ့အခါ ရှေးဟောင်းဇုန်နဲ့ လွတ်ကင်းတယ်လို့ ပြောတဲ့ အတွက် ကန့်ကွက်ရန်မရှိဘူးဆိုပြီး ပြောလိုက် တာ။ ရှေးသုက မကန့်ကွက်ရင် ငါတို့လည်း ကန့်ကွက် စရာမရှိဘူးလေ” ဟု မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောသည်။ ၎င်းကုမ္ပဏီသည် မျှော်စင်တည်ဆောက်ကာ ပုဂံရှေးဟောင်းဒေသရှိ ရှုခင်းများအား ကြည့်ရှုလေ့လာ လိုသူများအတွက် မျှော်စင်ပေါ်မှ ကြည့်ရှုနိုင်ရန် အခ ကြေးငွေဖြင့် ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး အပန်းဖြေ ဥယျာဉ်တခုပါ ထည့်သွင်းတည် ဆောက်မည်ဟု သိရသည်။ “အဓိကကတော့ Tourism (ခရီးသွားလာရေး)အတွက် ရည်ရွယ်တယ်လို့ ပြောတယ်။ ပုဂံရဲ့ ရှုခင်းက ကမ္ဘာမှာလည်း ရှားသွားပြီလေ” ဟု ဝန်ကြီးက ဆိုသည်။ တိုင်းဒေသကြီး ဝန်ကြီး ဦးမြတ်သူ ၏ ပြောပြချက်အရ ၎င်းစီမံကိန်းဆောင်ရွက်ရန် ကုမ္ပဏီက မူလ ရည်ရွယ်ထားသည့် နေရာသည် ပုဂံညောင်ဦးလေယာဉ်ကွင်းအရှေ့ဘက် ငါ့သရောက်လမ်းဆုံ အနီး တွင်ဖြစ်ပြီး ၎င်းမှာ ရှေးဟောင်းဇုန် အရှေ့ဘက်ခြမ်းတွင်ရှိပြီး ဇုန်နှင့် နီးကာ ရှေးဟောင်းသုတေသန အမြင်အရ ပုဂံဒေသမြင်ကွင်းကို အနှောင့် အယှက် ဖြစ်စေသည့်အတွက် ခွင့်မပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းကိစ္စနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၏ ညွှန်ကြားရေးမှုး ဦးအောင်အောင်ကျော်က “ကုမ္ပဏီဘက်က ဒီနေရာမှာ လုပ်ချင်ပါတယ်၊ ဇုန်နဲ့လွတ်၊ မလွတ်၊ လုပ်လို့ရမရမေးတာပါ။ လုပ်လို့ရတယ်ဆိုမှ မြေဝယ်ပြီးလုပ်မဲ့သဘောပါ” ဟု ဧရာဝတီကို ပြော သည်။ သို့သော် ရှေးဟောင်း သုတေသန ဌာနအနေဖြင့် ပုဂံဒေသအနီးဝန်းကျင်တွင် ပြုလုပ်မည့် စီမံကိန်း ဖြစ်သည့်အတွက် Heritage Impact Assessment (HIA) ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် သက်ရောက်မှု ဆန်းစစ်ခြင်း ကနဦးပြု လုပ်သင့်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ကုမ္ပဏီအား အကြံပြုခဲ့ကြောင်းလည်း ဦးအောင်အောင်ကျော်က ဆက်လက်ပြောသည်။ သို့သော် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်သက်ရောက်မှု ဆန်းစစ်ခြင်း(HIA) ပြုလုပ်ခြင်း ရှိမရှိ ဆိုသည်ကိုမူ ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ ပုဂံချစ်သူများ အရပ်ဖက်အဖွ့ဲအစည်းမှ နာယက ဦးချင်းပိုက “အစိုးရက ခွင့်ပြုရင် ဒေသခံက ဘာပြောပိုင်ခွင့်မှမရှိပါ ဘူး။ ဒါပေမဲ့ ဒီလိုနိုင်ငံခြားက လာလုပ်တဲ့စီမံကိန်းကြောင့် ကိုယ့်ဒေသက လူတွေ ဘယ်လောက်အထိ အကျိုးရှိမယ် ဆိုတာမျိုးကို သေချာသုံးသပ် စိစစ်ပြီးမှ ခွင့်ပြုရင်တော့ ပိုကောင်းတာပေါ့။ ဥပမာ ဒီစီမံကိန်းကြောင့် ဒေသခံ ဘယ်နှစ် ယောက် အလုပ်ရမယ် ဆိုတာမျိုး တွေကို အစိုးရက မေးသင့်၊ ကတိကဝတ်တောင်းသင့်ပါတယ်” ဟု ဧရာဝတီကို ပြော သည်။ ရှု့မျှော်ခင်းကြည့် မျှော်စင်တည်ဆောက်ရန် တောင်ကိုရီးယား ကုမ္ပဏီ တင်ပြလာသည့် နေရာသည် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဇုန် အပြင်ဘက်ဟု ဆိုသော်လည်း ဇုန်နှင့် အလှမ်းမကွာဝေးဘဲ ကပ်လျှက် ရှိနေကြောင်း၊ ထို့အတွက် ပုဂံကို ကြီးမားကျယ်ပြန့်သော အမွေအနှစ်ဒေသ(Grater Region) လုပ်မည့် အစီအစဉ်ကို ထိခိုက်နိုင်ကြောင်း၊ ယဉ်ကျေးမှု မြင်ကွင်း၊ ရှု့ခင်းများကို ထိခိုက်စေသည့် Visual Impact ဖြစ်နိုင်ကြောင်း ယခင်ကလည်း ယူနက်စကိုတာဝန်ရှိသူများ မှ ထောက်ပြပြောဆို ထားပြီးဖြစ်သည်။ ယူနက်စကို ယဉ်ကျေးမှုဌာနမှ စီမံကိန်းအရာရှိ ဒေါ်ဥမ္မာမျိုးက “ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျမတို့ဌာနကို တရားဝင်ပြော ထားတာမရှိတော့ အသေးစိတ်သေချာမသိရသေးပါဘူး။ ဒါပေမဲ့ ပုဂံဒေသနဲ့ လိုက်လျောညီထွေမှုရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှု ကိုပဲ လုပ်စေချင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။ လက်ရှိတွင် ရှုခင်းကြည့်မျှော်စင်တည်ဆောက်ရေးစီမံကိန်းအတွက် ရှေးဟောင်းအမွေအနှစ် ထိခိုက်မှု လေ့လာဆန်း စစ်ချက် (HIA) ပြုလုပ်ရန် တာဝန်ရှိဌာနက အကြံပြုတင်ပြထားပြီး သက်ဆိုင်ရာ ကုမ္ပဏီဘက်က တင်လာမည့် HIAအစီရင်ခံစာအပေါ် သီးခြားလွတ်လပ်ပြီး သမာသမတ်ရှိသည့် သက်ဆိုင်ရာပညာရှင်အဖွဲ့အစည်းထံမှ ထပ်မံအတည် ပြုချက်ရယူခြင်း၊ Check andBalance ပြန်လုပ်ခြင်းများလိုအပ်ပြီး ထိုမှသာ ပြီးပြည့်စုံနိုင်မည်ဟုယူဆကြောင်း ယူနက်စကို ယဉ်ကျေးမှုဌာနမှ စီမံကိန်းအရာရှိ ဒေါ်ဥမ္မာမျိုးက ဆိုသည်။ လာမည်စက်တင်ဘာလအတွင်း ရှေးဟောင်းအမွေအနှစ် ပုဂံဒေသအား ယူနက်စကို အသိအမှတ်ပြု ဖြစ်လာရေး အတွက် ICOMOS အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များ မြေပြင်စစ်ဆေးမှု ပြုလုပ်ရန် လာရောက်မည့် အချိန်တွင် ယခုကဲ့သို့ သော ရှု့မျှော်ခင်းကြည့် မျှော်စင်များတည်ဆောက်ရန် စီမံကိန်း၊ ပုဂံညောင်ဦးလေဆိပ်အဆင့်မြှင့်တင်ခြင်း၊ သရပါ တံခါး အတွင်း ယာဉ် များ ဖြတ်သန်းခွင့်ပြန်ပေး ခြင်း၊ ပုဂံဘုရားအချို့ပရဝုဏ် အတွင်း မြက်ခင်းများ စိုက်ရန်စီစဉ်ခြင်း စသည့် အစီအစဉ်များ ကြောင့် ပုဂံဒေသရှိ ရှေးဟောင်းအမွေအနှစ်များအပေါ် ထိခိုက်စေနိုင်မည့် အလား အလာများ ကြောင့်လည်း ကောင်း၊ ပုဂံအား ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် စာရင်း တင်သွင်းထား ချိန်တွင် အထက်ပါကိစ္စများ ကြောင့် အဟန့်အတားဖြစ်မည်ကို ရှေးဟောင်းသုတေသန ဆိုင်ရာပညာရှင်များက စိုးရိမ်လျက်ရှိကြသည်။ ဆက်စပ်ဖတ်ရှု့ရန် – ပုဂံမှာ မျှော်စင်သစ်တခု ထပ်ဆောက်တော့မလား The post ရှေးဟောင်းဇုန်နှင့် လွတ်ကင်း၍ ပုဂံအနီး မျှော်စင်ဆောက်ရန် ခွင့်ပြုခြင်း ဖြစ်ဟုဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2L2rosB
via IFTTT

No comments:

Post a Comment