Thursday, August 16, 2018


သက်ငယ်မုဒိမ်းမှုကို ထောင်တသက်ချမှတ်မည့် ဥပဒေကြမ်းထုတ်ပြန် မသန်စွမ်းသူနှင့် ၁၂ နှစ်အောက် ကလေးများအပေါ် မုဒိမ်းမှုကျူးလွန်သူအား ထောင်ဒဏ်နှစ် ၂၀(သို့) ထောင်တသက်ပြစ်ဒဏ် ချမှတ်နိုင်ရေး ရာဇသတ်ကြီးဥပဒေအား ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းအား ထုတ်ပြန်ထားပြီး မကြာမီလွှတ်တော်တင်မည်ဖြစ်ကြောင်း သိရသည်။ ယခုဥပဒေကြမ်းတွင် ပုဒ်မ ၁၆ အနေဖြင့် ထောင်တသက်ပြစ်ဒဏ်အား အကျဉ်းထောင်အတွင်း၌သာ အသက်သေဆုံးသည် အထိ ပြစ်ဒဏ်ခံရမည်ဟု တိကျစွာ ပြဌာန်းထားသည်ကို တွေ့ရသည်။ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအဖွဲ့ဝင် ဦးသိန်းလွင်က “ အဓိကတော့ မသန်စွမ်းနဲ့ သက်ငယ်တွေ အပေါ် မုဒိမ်းမှုတွေကို တိတိကျကျထည့်ပေးလိုက်တာ ၊ ထောင်တသက်ကို ထောင်ထဲမှာပဲ သေတဲ့အထိနေရမယ်လို့ထည့် ထားတာပါ”ဟု ပြောသည်။ ဥပဒေကြမ်းတွင် ရာဇသတ်ကြီးဥပဒေ၌ ယခင်ပယ်ဖျက်ထားသည့် ပုဒ်မ ၁၅ နှင့် ပုဒ်မ ၁၆ တို့ကို ပြန်လည်အစားထိုးထား သည့်အပြင် မုဒိမ်းမှုပုဒ်မ ၃၇၆ ကိုလည်း ပြစ်ဒဏ်များတိုးမြှင့်၍ အဓိပ္ဗါယ်ဖွင့်ဆိုချက်အသစ်များဖြင့် ပြင်ဆင်ထားသည်။ အစားထိုးထည့်သွင်းမည့် ပုဒ်မ ၁၅ သည် မသန်စွမ်းသူဆိုသည့် အဓိပ္ဗါယ်ဖွင့်ဆိုထားခြင်းဖြစ်ပြီး ပုဒ်မ ၁၆ သည် ထောင်တသက်ပြစ်ဒဏ် ဖွင့်ဆိုချက်ဖြစ်သည်။ မုဒိမ်းမှုပုဒ်မ ၃၇၆ ပြင်ဆင်ချက်အနေနဲ့လည်း ပုဒ်မခွဲ ၁၊ ၂၊ ၃ တို့ဖြင့် အစားထိုးရန် ဖော်ပြထားသော်လည်း ပုဒ်မခွဲ ၁ နှင့် ၂ သည် နဂိုမူလ ပြဌာန်းချက်နှင့် ကွာခြားမှုမရှိပါ။ အစားထိုးမည့် ပုဒ်မခွဲ ၃ အနေဖြင့်သာ မသန်စွမ်းသူနှင့် အသက် ၁၂ နှစ်အောက် အမျိုးသမီးအား မုဒိမ်းမှုကျူးလွန်ပါက ထိုသူအား ထောင်ဒဏ် ၂၀ နှစ်(သို့) တသက်တကျွန်းဒဏ် ချမှတ်ရမည်ဟု ပြဌာန်းချက်အသစ်အနေဖြင့် ထည့်သွင်းလာခြင်းဖြစ်သည်။ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၂(က)တွင် မသန်စွမ်းသူဆိုသည်မှာ မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာ တခု(သို့) တခုထက်ပို၍ ချို့ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေရသူကိုဆိုသည်ဟု ပြဌာန်းထားသည်။ ဥပဒေအကြံပေးတဦးဖြစ်သူ ဦးခင်မောင်မြင့်က “ မသန်စွမ်းတွေနဲ့ ကလေးငယ်တွေအတွက် တိတိကျကျပါဝင်လာတာ ကြိုဆိုတယ်၊ ပြစ်ဒဏ်တွေက ပိုမြှင့်လာသလို ပိုတိကျလာတယ်၊ အခုပြင်ဆင်မယ့်အချက်တွေကို ကြိုဆိုပါတယ်”ဟုပြောသည်။ ဥပဒေကြမ်းပါ အချက်များနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ထံ အကြံပြုချက်များပေးပို့နိုင်ပြီး အကြံပြုတင်ပြချက်များရရှိပါက ပြန်လည်ဆွေးနွေးမှုများပြုလုပ်ကာ အတည်ပြုပြဌာန်းနိုင်ရင် လက်ရှိကျင်းပနေသည့် နဝမအကြိမ်လွှတ်တော်အစည်းအဝေးအမီ လွှတ်တော်သို့တင်ပြနိုင်ရန် လုပ်ဆောင်လျှက်ရှိကြောင်းလည်း ဥပဒေကြမ်းကော်မတီက သိရသည်။ မြန်မာ့တရားစီရင်ရေးတွင် တသက်တကျွန်းပြစ်ဒဏ်များအား ကျွန်းပို့သည့် အလေ့အထဖျက်သိမ်းပြီးနောက် ညီမျှသည်ထောင်ဒဏ်များအား တရားသူကြီးက ဆုံးဖြတ်ပြီး တကျွန်းထောင်ဒဏ်အနေဖြင့် အဆင့် ၃ မျိုးရှိကြောင်းသိရသည်။ တသက်တကျွန်း အဆင့်(က) ပြစ်ဒဏ်သည် ထောင်ဒဏ် ၂၅ နှစ်၊ အဆင့်(ခ) သည် ထောင်ဒဏ် ၂၀ နှစ်နှင့် အဆင့်(ဂ) သည် ၁၄ နှစ်ဖြစ်ကြောင်း ဦးခင်မောင်မြင့်က ရှင်းပြသည်။ အဆင့်(ဂ) သည် တပ်မတော်နှင့်သက်ဆိုင်သည့် အမှုများတွင်သာ အသုံးများကြောင်းလည်း ၎င်းက ဆိုသည်။ ဦးသိန်းလွင်က “ ထောင်တသက်ပြစ်ဒဏ်တွေမှာ လွတ်ငြိမ်းခွင့်တွေ၊ သက်သာခွင့်တွေတော့ မပြောလိုဘူး၊ တဦးတည်းရဲ့ အမြင်ကတော့ မုဒိမ်းမှုလို အကျင့်၊ စာရိတ္တပိုင်းဆိုင်ရာ ကျူးလွန်သူများအား လွတ်ငြိမ်းချမ်းသာခွင့် မပြုသင့်ဘူးထင်တယ်”ဟုပြောသည်။ ပြစ်မှုဆိုင်ရာဥပဒေ(ခေါ်) ရာဇသတ်ကြီးဥပဒေအား ၁၈၆၁ ခုနှစ်တွင် ပြဌာန်းခဲ့ပြီးနောက် ၁၈၆၃ ခုနှစ်တွင် ဘာသာပြန်ကော်မတီမှ မြန်မာဘာသာသို့ပြန်ဆိုခဲ့ကာ ပြင်ဆင်မှုအချို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။ The post သက်ငယ်မုဒိမ်းမှုကို ထောင်တသက်ချမှတ်မည့် ဥပဒေကြမ်းထုတ်ပြန် appeared first on ဧရာဝတီ.
Source : https://ift.tt/2MhpLNa
via IFTTT

No comments:

Post a Comment