ငွေလဲနှုန်း သတ်မှတ်ချက် ပယ်ဖျက်ခြင်းက အစိုးရ ဖွံ့ဖြိုးရေး စီမံချက်ကို အထောက်အကူပြုဟု ဆို ဗဟိုဘဏ်က ရည်ညွှန်းငွေလဲလှယ်နူန်း သတ်မှတ်ချက်ကို ပယ်ဖျက်ပေးလိုက်ခြင်းသည် ငွေကြေးတန်ဖိုးကို လိုရာဆွဲပြီး ပုံဖျက်ခြင်းနှင့် မတည်မငြိမ်ဖြစ်အောင် ပြုလုပ်ခြင်းများအား လျှော့ချပေးနိုင်မည် ဖြစ်၍ အစိုးရ၏ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကို အကောင်အထည်ဖေါ်ရာတွင် ပိုမိုလွယ်ကူစေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အထူးစီးပွားရေးအကြံပေးက ပြောကြားလိုက်သည်။ “အခုဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေလဲနှုန်းဟာ မြန်မာ့စီးပွားရေးအတွက် လိုအပ်နေတဲ့ချေးငွေ ရယူရေးစနစ်နဲ့ပိုမိုလိုက်လျှောညီထွေဖြစ်အောင် ဆောင်ရွက်နိုင်ပြီး ဈေးကွက်ထဲက ရောင်းလိုအားနဲ့ ဝယ်လိုအားကို ထင်ဟပ်တော့မယ်” ဟု နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အထူးစီးပွားရေးအကြံပေး ရှောင်တာနဲက ဧရာဝတီသို့ ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ထက်တွင် စီးပွားရေး တိုးတက်ရေးအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကို စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ဦးစီးပြီးရေးဆွဲနေသည်။ ထိုစီမံချက်တွင် အချက်ပေါင်း ၂၅၀ ခန့်ပါဝင်ပြီး မဟာဗျုဟာများကို အစိုးရဌာန တခုချင်းစီနှင့် အကောင်အထည်ဖော်ရန် အစိုးရက စီမံထားသည်။ ပုဂ္ဂလိဘဏ်များနှင့် ငွေလဲကောင်တာများသည် ဗဟိုဘဏ်က ထုတ်ပြန်သည့် ရည်ညွှန်းငွေလဲနှုန်း၏ ဝ.၈ ရာခိုင်နှုန်းအတွင်းတွင်သာ နိုင်ငံခြားငွေလဲလှယ်ရန် စည်းကမ်းချက်ကို လိုက်နာရန် မလိုတော့ကြောင်း ဗဟိုဘဏ်က သြဂုတ်လ ၁၃ ရက်နေ့က ကြေညာခဲ့သည်။ ထိုသို့ လုပ်ဆောင်လိုက်ခြင်းကြောင့် နိုင်ငံခြားငွေရောင်းဝယ်မှု ပိုမိုလွယ်ကူပြီး ဈေးကွက်အတွင်း ငွေဖြစ်လွယ်မှုကို ပိုမိုကောင်းမွန်စေမည်ဟု မျှော်လင့်ရသည်။ ဗဟိုဘဏ်၏ လုပ်ဆောင်မှုသည် ပို့ကုန်ဗဟိုပြု ကုန်ထုတ်လုပ်သူများအတွက် မြန်မာနိုင်ငံသည် ပိုမိုစွဲဆောင်မှုရှိလာစေမည့် စီးပွားရေးလုပ်ထုံးလုပ်နည်းများ ဖြည်လျှော့ရေးအတွက် အရေးပါသောခြေလှမ်းအဖြစ် အချို့သောနယ်ပယ်များက ကြိုဆိုကြသည်။ သို့သော် အစိုးရသည် အပြည့်အဝ နှုန်းရှင်မျှောသောစနစ်ကို ကျင့်သုံးမည် မကျင့်သုံးမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ရှောင်တာနဲ၏ ပြောဆိုချက်အရ အစိုးရသည် အပြည့်အ၀ နူန်းရှင်မျှောသောစနစ် (floating exchange rate regime) ကို သွားနေကြောင်း သိရသည်။ ထိုစနစ်အရ ဈေးနှုန်းကို အစိုးရက ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ ပြည်တွင်းနှင့် နိုင်ငံခြားငွေ ရောင်းလိုအားနှင့် ဝယ်လိုအားကို အခြေခံပြီး ဈေးကွက်အင်အားစုများက သတ်မှတ်မည်ဖြစ်သည်။ “တကမ္ဘာလုံးမှာဖြစ်ခဲ့တဲ့ သမိုင်းကြောင်းအရပြောရရင် နိုင်ငံခြားငွေလဲနှုန်းကို နှုန်းရှင်မျှောလိုက်ရင် နိုင်ငံတခုကို နိုင်ငံတကာ စီးပွားရေးရိုက်ခတ်မှုကနေ အကာအကွယ်ပေးနိုင်ကြောင်း တွေ့ရတယ်။ ဒါဟာ အထူးသဖြင့်မြန်မာနိုင်ငံလို ကုန်စည်တွေ၊ အခြေခံထုတ်ကုန်တွေနဲ့ စွမ်းအင်ကို တင်ပို့နေတဲ့နိုင်ငံမျိုးတွေအတွက် အရမ်းအရေးပါတယ်” ဟု ရှောင်တာနဲက ပြောသည်။ အချို့သော ကျွမ်းကျင်သူများက ထိုလုပ်ရပ်ကို ကြိုဆိုပြီး ဗဟိုဘဏ်၏ ရည်ညွှန်းဈေးနှုန်းသည် နေ့စဉ်ဒေါ်လာ လေလံတင်ခြင်းမှ ဝယ်လိုအားကို အဓိက အခြေခံနေကြောင်း ထောက်ပြသည်။ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းနှင့် ဈေးကွက်က မောင်းနှင်သည့် ငွေလဲနှုန်းတို့အကြား ကွာဟချက် အတိုင်းအတာတခုထက် ပိုမိုကြီးမားသောအခါ ဝ.၈ ရာခိုင်နှုန်း အတိုးအလျှော့ဖြင့် ရောင်းချခြင်းသည် လက်တွေ့မကျတော့ဘဲ နိုင်ငံခြားငွေ ရောင်းဝယ်မှုကို အဟန့်အတား ဖြစ်စေသော အကျပ်အတည်း ပေါ်ပေါက်လာသည်။ ထိုစည်းမျဉ်းသည် ၎င်းကို လိုက်နာသောဘဏ်များ၏ စာရင်းရှင်အပ်ငွေစာရင်းများကိုလည်း ရှုပ်ထွေးစေပြီး ဘဏ်အချင်းချင်း နိုင်ငံခြားငွေဈေးကွက်တွင် အထူးသဖြင် ပြည်ပဘဏ်များပါဝင်လာခြင်းကို အတားအဆီးဖြစ်စေသည်။ သို့သော် အချို့ကျွမ်းကျင်သူများကမူ မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံခြားငွေ နှုန်းရှင်မျှောသည့်ဈေးကွက်အတွက် အဆင်သင့်မဖြစ်သေးကြောင်း ထောက်ပြပြီး ဗဟိုဘဏ်၏ လုပ်ရပ်ကို ဝေဖန်ကြသည်။ ထိုဆုံးဖြတ်ချက်ကြောင့် ပြည်ပမှ Hot Money များ စီးဝင်လာသောကြောင့် ကျပ်ငွေကို ကာကွယ်ရန် ပိုမိုခက်ခဲသွားစေပြီး စီးပွားရေး ကပ်ဘေးဆိုက်နိုင်သည်ဟု ၎င်းတို့က သတိပေးသည်။ (Hot Money ဆိုသည်မှာ အတိုးနှုန်းများများ ရနိုင်ရာသို့ အလုံးအရင်းဖြင့် ထည့်ဝင်သော အရင်းအနှီးငွေ ဖြစ်ပြီး အတိုးရော အရင်းပါ ချက်ခြင်း ပြန်လည်ထုတ်ယူသွားတတ်သော သဘောရှိသည်။) “ကျနော်တို့ငွေကြေးက နှုန်းရှင်မျှောရလောက်အောင် မရင့်ကျက်သေးဘူး။ ဗဟိုဘဏ်ရဲ့လုပ်ရပ်ကြောင့် ငွေကြေးဈေးကွက်ကို ချယ်လှယ်ပြီ းအစိုးရကို နိုင်ငံရေးအရ ချိနဲ့သွားအောင် လုပ်ချင်သူတွေအတွက် အခွင့်အရေး ဖန်တီးပေးလိုက်ရာရောက်တယ်” ဟု ဗဟိုဘဏ် ဒုဥက္ကဌဟောင်းနှင့် ကမ္ဘောဇဘဏ်၏ လက်ရှိ အထက်တန်းအကြံပေး ဦးသန်းလွင်က ပြောသည်။ “ကျနော်တို့မှာ ကြီးမားတဲ့ တရားမဝင် ငွေကြေးဈေးကွက်ကြီး ရှိနေတယ်။ ရည်ရွယ်ချက် မကောင်းတဲ့ ဘယ်အုပ်စုမဆို ဈေးကွက်ကို ချယ်လှယ်လို့ ရစေတယ်။ ဒီလုပ်ရပ်ကြောင့် စီးပွားရေးအတွက် အန္တရာယ်ရှိတယ်” ဟုလည်း ဆိုသည်။ အမေရိကန်ဒေါ်လာနှင့် လဲလှယ်သောအခါ ကျပ်ငွေသည် မေလမှ စတင်ပြီး တန်ဖိုးကျဆင်းနေသည်။ အချို့သော ကျွမ်းကျင်သူများက ထိုသို့ဖြစ်ရခြင်းမှာ အရှိန်မြင့်လာသော တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲနှင့် သွင်းကုန်တင်သွင်းရန်ပြည်တွင်းတွင် နိုင်ငံခြားငွေ မလုံမလောက်ဖြစ်ခြင်းတို့ကြောင့်ဟု ပြောသည်။ သြဂုတ်လ ၁၅ ရက်နေ့အတွက် ဗဟိုဘဏ်၏ရည်ညွှန်း ငွေလဲနှုန်းမှာ တဒေါ်လာလျှင် ၁၄၇၅ ကျပ်ဖြစ်သည်။ ထိုနှုန်းကို ပုဂ္ဂလိကဘဏ်များ၏ အဝယ်ဈေး ၁၄၉၅ ကျပ်နှင့်ရောင်းဈေး ၁၅၀၃ ကျပ်တို့နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ ထိုနှုန်းသည် ၈ နှစ်ကျော်ကာလအတွင်း ကျပ်ငွေ၏ အင်အားအချိနဲ့ဆုံးနှုန်းလည်း ဖြစ်သည်။ ထိုအခြေအနေအတွက် ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲလှယ်နူန်း သတ်မှတ်ချက်ကို ပယ်ဖျက်ပေးသည့် မူဝါဒကို လူအများအပြားက အပြစ်တင်ကြသည်။ ဒေါ်လာဈေး စံချိန်တင်တက်နေခြင်းတွင် အကြောင်းရင်းများစွာရှိသည်ဟု Citi Bank ဝန်ထမ်းဟောင်း ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူ ဦးစောဘိုဘိုက ပြောသည်။ သူက ဒေါ်လာသည် တကမ္ဘာလုံးမှငွေကြေးများနှင့် နှိုင်းယှဉ်ဈေးတက်နေကြောင်း ထောက်ပြပြီး မိုးရာသီအတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းဆောင်တာများ နှေးကွေးနေခြင်းကြောင့် လတ်တလော ပုဂ္ဂလိကဘဏ်များတွင် ကျပ်ငွေ အလွန်အကျွံများနေသည်မှာလည်း အချက်တချက်ဖြစ်ကြောင်း ဆိုသည်။ ထို့အပြင် ဈေးမာလာနေသော ဒေါ်လာဈေး ထပ်တတ်မည်ကို စိုးရိမ်ပူပန်မှုများဖြစ်လာပြီး လူအများအပြားက ပြည်တွင်းဈေးကွက်ရှိ ဒေါ်လာများကို ဝယ်ယူနေကြကြောင့်လည်း ဝယ်လိုအား များလာပြီး ဒေါ်လာဈေးကို ဆွဲတင်သလိုဖြစ်နေကြောင်း ရှင်းပြသည်။ ကျပ်ငွေ လတ်တလော အားနည်းနေခြင်းနှင့်ပတ်သက်ပြီး နားလည်မှု မှားယွင်းခြင်းများ အတိုင်းအတာတခုအထိ ရှိနေကြောင်း ကျပ်ငွေနှင့်ယှဉ်လျှင် ဒေါ်လာဈေး စံချိန်တင်တက်နေခြင်းကို တုံ့ပြန်သည့်အနေဖြင့် ရှောင်တာနဲက သူ၏ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားခဲ့သည်။ (အပြည့်အစုံကို “ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းသည် ပြဿနာ မဟုတ်” တွင် ဖတ်ရှုပါ။) သူက ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းလာခြင်းကို တခြားနိုင်ငံများနှင့် ယှဉ်ကြည့်သည်။ “ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း (၁၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်ဖြစ်၍ အချို့ ငွေကြေးတန်ဖိုးကျခြင်းနှင့်ယှဉ်လျှင် များစွာနည်း) သည် အခြားငွေကြေးများ တန်ဖိုးကျသည့် သဘောအတိုင်းသာဖြစ်သည်။ သို့သော် ကျပ်ငွေသည် အင်ဒိုနီးရှာ ရူပီးယား( ၈ ရာခိုင်နှုန်းခန့်ကျ)၊ အိန္ဒိယ ရူပီး (၈ ရာခိုင်နှုန်းခန့်ကျ) တို့ထက် အနည်းငယ် ပိုမိုကျဆင်းသည်မှာ မှန်သည်” ဟု ရေးသည်။ ထို့ပြင် “မြန်မာနိုင်ငံသည် ထွန်းသစ်- emerging ဈေးကွက်မဟုတ်သေးဘဲ ဖွံ့ဖြိုးမှုနိမ့်သော – frontier အစွန်အဖျား ဈေးကွက်သာ ဖြစ်နေသေးသည်။ ထို့ကြောင့် ကျပ်ငွေသည် ထွန်းသစ်စဈေးကွက် ငွေကြေးများလောက် ကျယ်ကျယ်ပြန့်ပြန့် ငွေဖြစ်လွယ်ခြင်း မရှိ”ဟုလည်း ဆိုသည်။ “အနှစ်သာရအားဖြင့် ဆိုရပါက မြန်မာနိုင်ငံနယ်စပ်ကို ကျော်လွန်သွားလျှင်ပင် ကျပ်ငွေသည် ငွေဖြစ်လွယ်ခြင်း လုံးဝမရှိတော့ဘဲ အာမခံနိုင်မှု အန္တရာယ် ပိုမိုမြင့်မားသည်။ အလားတူစွာပင် မြန်မာနိုင်ငံသည်လည်း အခြားနိုင်ငံများထက် ဆုံးရှုံးနိုင်ခြေ အနည်းငယ် ပိုမိုမြင့်မားသည်ဟု သတ်မှတ်ကြသည်”ဟုလည်း ထောက်ပြသည်။ စီးပွားရေး နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လမ်းကြောင်းတွင်လည်း အခြားနိုင်ငံများထက် နိမ့်ကျနေသောကြောင့် အခြားဒေသတွင်း နိုင်ငံများနှင့်ယှဉ်လျှင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် အနည်းငယ် ပိုမိုမြင့်မားနေသည်ဟုလည်း ရှောင်တာနဲက သုံးသပ်သည်။ မြန်မာနိုင်ငံတွင် ၎င်း၏ငွေကြေးကို ကာကွယ်ရန် လုံလောက်သော နိုင်ငံခြားသုံး အရန်ငွေမရှိ။ ရှိသော အမေရိကန်ဒေါ်လာဖြင့် ကျပ်ငွေကို ဝယ်ပြီး ဈေးတက်အောင်လုပ်လျှင် ထို အရန်ငွေသည် အလျှင်အမြန် ကုန်ခမ်းသွားမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ငွေဈေးကို အရှင်မျှောထားရန် လိုအပ်ချက်နှင့် ရင်ဆိုင်ရမည်ဖြစ်သည် ဟု သူက ထောက်ပြသည်။ အစိုးရအနေဖြင့် ပြည်တွင်းဒေါ်လာ မလုံလောက်မှုနှင့် နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်ခြင်းကို လျှော့ချရန် ရေတို၊ရေရှည်စီမံကိန်းများ လိုအပ်သည်ဟု ဦးစောဘိုဘိုက ပြောသည်။ “ဗဟိုဘဏ်အနေနဲ့ ဘဏ္ဍာရေးဈေးကွက်ထဲကို အမေရိကန်ဒေါ်လာတွေ ထပ်ထည့်ဖို့ လိုတယ်။ ပုဂ္ဂလိကပိုင် ဘဏ်တွေအတွက် နိုင်ငံခြားငွေကြေးဆိုင်ရာ ကန့်သတ်ချက်တချို့ကို ဖြည်လျှော့ဖို့ လိုပြီး မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြားဘဏ်တွေရဲ့ အမေရိကန်ဒေါ်လာတွေကို ပြည်တွင်း ဈေးကွက်ထဲ ရောက်လာအောင် အားပေးဖို့ နည်းလမ်းတွေ ရှာရမယ်”ဟုလည်း သူက ဆိုသည်။ (အင်္ဂလိပ်ဘာသာဖြင့် Kyat Trade Deregulation Will Aid Govt’s Development Plans: Suu Kyi Adviser တွင် ဖတ်ရှုပါ။) The post ငွေလဲနှုန်း သတ်မှတ်ချက် ပယ်ဖျက်ခြင်းက အစိုးရ ဖွံ့ဖြိုးရေး စီမံချက်ကို အထောက်အကူပြုဟု ဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2Mv0miA
via IFTTT
No comments:
Post a Comment