တနင်္သာရီ ဂျာနယ် အမှု ချေဖျက်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လျှောက်ထား မဲဆွယ်အပြုံး အမည်ရ သရော်စာ ဖော်ပြသည့် တနင်္သာရီ အပတ်စဉ် ဂျာနယ်အား တနင်္သာရီတိုင်း အစိုးရအဖွဲ့က တရားစွဲ ဆို ထားခြင်းကို ချေဖျက်ပေးရန် နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ယနေ့ လျှောက်ထား လိုက်ကြောင်း သိရသည်။ တနင်္သာရီ အပတ်စဉ် ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က “ဒီနေ့ ကျနော်တို့ နေပြည်တော် တရားလွှတ်တော် ချုပ် ကို တင်လိုက်တယ်။ သူတို့က ရုံးရှေ့ အရောက်ပို့တယ် ဆိုတဲ့ မှတ်ချက်နဲ့ပဲ လက်ခံလိုက်တယ်”ဟု ဧရာဝတီကို ပြော သည်။ ဆက်လက်၍ ၎င်းက ယခု လျှောက်ထားမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် အနေဖြင့် လက်ခံသင့်မသင့် အရင် ကြားနာပြီးမှ အပြီးသတ် လျှောက်လဲချက် ပေးရမည့် အဆင့်ကို ရောက်မည်ဟု နားလည်ထားသော်လည်း မည်သည့် ရက် ၌ ဆောင်ရွက်မည်ကိုမူ အသေးစိတ် မသိသေးကြောင်း ရှင်းပြသည်။ တိုင်းတရားလွှတ်တော်တွင် အတွေ့အကြုံအရ အမှုနှင့် ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ကြော်ငြာသင် ပုန်းတွင် လည်းကောင်း၊ တရားဝင် လူမှုကွန်ရက် စာမျက်နှာတွင် လည်းကောင်း ကြေညာပေးမည်ဟု ထင်မိကြောင်းလည်း ၎င်း က ဆက်ပြောသည်။ ဦးမျိုးအောင်က“ဥပဒေကြောင်း အရဆို ကျနော်တို့ဘက်က ရှေ့နေတွေရဲ့ ချေပချက်တွေ လျှောက်ထားချက်တွေ အရ အားရဖို့ ကောင်းတယ်။ ဥပဒေကြောင်းအရရော မီဒီယာ လွတ်လပ်ခွင့်ဆိုတဲ့ ဘောင်အရပါ ဒါက ချေဖျက်ပေးရမယ်လို့ ယုံ ကြည်တယ်”ဟု ပြောဆိုသည်။ ယင်းအမှုအား ချေဖျက်ပေးရန် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်သို့ ဇွန် ၂၁ ရက်က တင်ခဲ့သော်လည်း ဇူလိုင် ၃၁ ရက်တွင် တိုင်းတရား လွှတ်တော်က ပလပ်(ပယ်ချ) လိုက်ကြောင်း အမိန့်ချမှတ်ခဲ့သည့်အတွက် ယခုကဲ့သို့ ပြင်ဆင် လျှောက်ထားရခြင်း ဖြစ်ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၀ ရက်ထုတ် တနင်္သာရီဂျာနယ်တွင်ဖော်ပြခဲ့သော ကလောင်ရှင် မူးဆေးအိုး၏ ‘မဲဆွယ်အပြုံး’ ခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဂုဏ်သိက္ခာကို ထိခိုက်သည်ဟုဆိုကာ အရေး ယူ ပေးရန် နိုဝင်ဘာ ၂၃ ရက်တွင် တိုင်းအစိုးရ အဖွဲ့ရုံး ဒု ညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ်တရားရုံးကို ဦးတိုက် လျှောက် ထား ခဲ့ခြင်း ဖြစ်သည်။ The post တနင်္သာရီ ဂျာနယ် အမှု ချေဖျက်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လျှောက်ထား appeared first on ဧရာဝတီ.
Source : https://ift.tt/2KSUE4W
via IFTTT
No comments:
Post a Comment