Sunday, August 5, 2018


ဝင်ငွေ ဖြတ်တောက်မှုကြောင့် Fortnite ဂိမ်းကို Google Play Store မှာ မရနိုင်တော့ နာမည်ကြီး Battle Royale ဂိမ်း “Fortnite” ဟာ မကြာခင် Android အတွက် ထွက်ရှိလာတော့မှာ ဖြစ်ပေမယ့်၊ Google Play Store ကနေတော့ Download ရယူနိုင်မှာ မဟုတ်တော့ပါဘူး။ Fortnite ဖန်တီးသူ Epic Games ရဲ့ တရားဝင်ထုတ်ပြန်ကြေညာချက်အရ Fortnite for Android ကို Play Store ကနေ ဖြန့်ဖို့ ကုမ္ပဏီရဲ့ တရားဝင် Fortnite ဝဘ်ဆိုဒ်ကနေသာ တိုက်ရိုက်ထုတ်ပေးဖို့ ရှိတယ်လို့ သိရပါတယ်။ Fortnite ဝဘ်ဆိုဒ်ကနေတဆင့် Installer တခု Download ဆွဲပြီး၊ ကိုယ့် Android ဖုန်းမှာ Install လုပ် ကစားရမှာ ဖြစ်ပါတယ်။ မိုဘိုင်း Gaming ဈေးကွက်ထဲက ကုမ္ပဏီတိုင်းလိုလိုဟာ သူတို့ရဲ့ ဂိမ်းတွေကို iOS အတွက် App Store ၊ Android အတွက် Play Store ကနေသာ တရားဝင်ထုတ်ပေးလေ့ ရှိပေမယ့် Epic Games ရဲ့ ဆုံးဖြတ်ချက်ကတော့ အထူးအဆန်းတခု ဖြစ်နေပါတယ်။ ဒီထက် ပိုထူးဆန်းတာက Epic Games ဟာ Fortnite ကို Apple App Store မှာတော့ တရားဝင်ထုတ်ပေးထားပြီး၊ Google Play Store ကိုတော့ ပေါ်တင် ကျောခိုင်းလိုက်တာဖြစ်ပါတယ်။ ဒါကလည်း iOS ဟာ App Store က Apps တွေကိုပဲ သွင်းလို့ရတာကြောင့် တခြားရွေးချယ်စရာ မရှိဘဲ ထုတ်ပေးခဲ့ရတာဖြစ်ပါတယ်။ Android ကတော့ Open Source Platform ဖြစ်ပြီး၊ Play Store က မဟုတ်တဲ့ Apps တွေကိုလည်း အလွယ်တကူ Install လုပ်လို့ရတာကြောင့် Play Store ကို ဂရုစိုက်စရာ မလိုတာဖြစ်ပါတယ်။ Epic Games ရဲ့ CEO ဖြစ်သူ Tim Sweeney ကတော့ Fornite for Android ကို Play Store မှာ မထုတ်ပေးဖို့ ဆုံးဖြတ်ချက်ဟာ အဓိကအကြောင်း ၂ ချက်ကြောင့် ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။ ပထမ တချက်ကတော့ Epic ဟာ သူ့ User ဂိမ်းကစားသူတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုကို လိုချင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီဟာ PC အတွက် Fortnite ကိုလည်း Valve ရဲ့ နာမည်ကြီး Steam platform ကနေ မထုတ်ပေးခဲ့ဘဲ ကိုယ်ပိုင် Epic Games Launcher ကနေပဲ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ “ဖြစ်နိုင်သမျှ ပလက်ဖောင်းအကုန်လုံးမှာ ကျနော်တို့ ဂိမ်းတွေကို အားပေးတဲ့သူအားလုံးနဲ့ တိုက်ရိုက် ဆက်သွယ်မှုကို လိုချင်ပါတယ်။ အင်တာနက်နဲ့ ဒီဂျစ်တယ် တော်လှန် ပြောင်းလဲရေးတို့ကြောင့် ဒီအချက်က မဖြစ်နိုင်စရာ မရှိပါဘူး။ အခုဆိုရင် ဂိမ်းစတိုးဆိုင်တွေနဲ့ တဆင့်ဖြန့်ချိသူတွေတောင် လိုတော့တာမှ မဟုတ်တာ” လို့ Sweeney က The Verge ကို အီးမေးလ်ကနေ ပြောကြားခဲ့ပါတယ်။ Fortnite ကို Play Store မှာ တွေ့ရမှာမဟုတ်တဲ့ ဒုတိယ အကြောင်းပြချက်ကတော့ ငွေရေး ကြေးရေးကြောင့် ဖြစ်ပါတယ်။ Epic ဟာ Google ရဲ့ ဝင်ငွေ ၃၀ ရာခိုင်နှုန်း ဖြတ်တောက်မှုကို သဘော မကျဘဲ၊ အထူးသဖြင့် ဂိမ်းတွင်း ရောင်းချမှုတွေနဲ့ပဲ ပိုက်ဆံရှာတဲ့ Fortnite လို ဂိမ်းမျိုး အတွက် ဒီစနစ်ကို မနှစ်မြို့ဘူးလို့ သိရပါတယ်။ “ဒီဂိမ်းကို အပြီးသတ် ထုတ်နိုင်ဖို့၊ လုပ်ငန်းလည်ပတ်ဖို့နဲ့ ဂိမ်းကို အမြဲဝန်ဆောင်မှုပေးနေဖို့ လိုအပ်တဲ့ ကုန်ကျစရိတ်တွေ အားလုံးအတွက် ဂိမ်းဖန်တီးသူ Developers ဘက်က ၇၀ ရာခိုင်နှုန်းပဲရပြီး၊ Google က ၃၀ ရာခိုင်နှုန်း အခွန်ဖြတ်တာကြီးကတော့ များလွန်းပါတယ်” “Hardware ပိုင်းအတွက် အများကြီး ရင်းနှီးမြှပ်နှံထားရပြီး၊ ကုန်ကျစရိတ်ထက်တောင် လျော့ရောင်းရတဲ့ Console ပလက်ဖောင်း အတွက် ပေးရတာက မျှတပါသေးတယ်။ Publisher တွေနဲ့ ပူးတွဲလုပ်ဆောင်တဲ့ မားကတ်တင်းအစီအစဉ်တွေတောင် ပါသေးတဲ့အတွက် ပေးပျော်ပါတယ်” လို့ CEO ဖြစ်သူ Tim Sweeney က ပြောကြားခဲ့ပါတယ်။ Fornite for Android ကို သြဂုတ်လ ၉ ရက်နေ့ကျရင် မိတ်ဆက်မယ့် Galaxy Note 9 ဖုန်းမှာ စတင် မြင်တွေ့ရမယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒီပုံစံအတိုင်းဆို Note 9 ဖုန်းပြီးရင်တော့ ကျန် Android ဖုန်းတွေအနေနဲ့ Fortnite ဝဘ်ဆိုဒ်ကနေပဲ Download ရယူနိုင်ဖို့ ရှိပါတယ်။ Ref: The Verge The post ဝင်ငွေ ဖြတ်တောက်မှုကြောင့် Fortnite ဂိမ်းကို Google Play Store မှာ မရနိုင်တော့ appeared first on ဧရာဝတီ.
Source : https://ift.tt/2vGRk7u
via IFTTT

No comments:

Post a Comment