Galaxy Note 9 မိတ်ဆက်ဗီဒီယိုကို YouTube ပေါ် မှားတင်မိခဲ့တဲ့ Samsung Galaxy Note 9 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်ဖို့ ၆ ရက်တိတိ လိုသေးပေမယ့် Note 9 ရဲ့ မိတ်ဆက် ဗီဒီယိုကတော့ အင်တာနက်ပေါ် ကြိုတင်ပျံ့နှံ့နေပါပြီ။ ဗီဒီယိုစတင် ပေါက်ကြားလာတဲ့ တရားခံကတော့ တခြားသူ မဟုတ်ဘဲ Samsung ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ Samsung New Zealand ဟာ သြဂုတ်လ ၉ ရက်နေ့မှ တရားဝင် မိတ်ဆက်မယ့် Galaxy Note 9 ဗီဒီယိုကို သြဂုတ်လ ၃ ရက်နေ့ကတည်းက YouTube ပေါ် မတော်တဆ တင်မိခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဗီဒီယိုကို ပြန်ဖျက်သွားပြီဖြစ်ပေမယ့်၊ အချိန်မီ Download ရယူထားနိုင်ခဲ့တဲ့သူတွေက YouTube ပေါ် ပြန်တင်ထားကြပါတယ်။ Galaxy Note 9 Trailer Video ဗီဒီယိုထဲမှာ မိတ်မဆက်ရသေးတဲ့ Galaxy Note 9 ရဲ့ ဒီဇိုင်းပုံစံအသေးစိတ်ကို တွေ့မြင်ခဲ့ရပြီး၊ အထူးခြားဆုံးကတော့ ကင်မရာနဲ့ လက်ဗွေရာဆန်ဆာတို့ကို နေရာပြောင်းလိုက်တာ ဖြစ်ပါတယ်။ အရင် Note 8 တို့မှာတုန်းက လက်ဗွေရာဆန်ဆာဟာ ကင်မရာနှစ်လုံးတွဲဘေး၊ ကပ်လျက်မှာ တည်ရှိတာကြောင့် နှိပ်ဖို့ အဆင်မပြေကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ရာမှာ Samsung ဟာ လက်ဗွေရာ ဆန်ဆာကို ကင်မရာအောက် ပြောင်းထားလိုက်တာ ဖြစ်ပါတယ်။ 3.5mm Headphone Jack ပါဝင်ဆဲ ဖြစ်တာကိုလည်း တွေ့ရမှာပါ။ Galaxy Note 9 ရဲ့ စွမ်းဆောင်ရည်၊ Storage ၊ ဘက်ထရီနဲ့ S-Pen အသစ်တို့ကို ဗီဒီယိုမှာ အဓိက ဖော်ပြသွားတာ တွေ့မြင်ရမှာပါ။ ဒါ့အပြင် ဗီဒီယိုထဲမှာ Galaxy Note 9 ကို 1TB Storage အထိ ရရှိမှာဖြစ်ကြောင်းလည်း ဖော်ပြ ထားပါတယ်။ 1TB ဆိုပေမယ့် 512GB မော်ဒယ်ကို microSD ကတ် 512GB ထပ်စိုက်နိုင်တဲ့ သဘောဖြစ်ပါတယ်။ Galaxy Note 9 မှာ နောက်ထပ် ဘယ်လို Feature သစ်တွေ ပါဝင်လာမလဲဆိုတာကိုတော့ သြဂုတ်လ ၉ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ New York မြို့မှာ ကျင်းပမယ့် Unpacked ပွဲရောက်မှ အပြည့်အစုံ သိရမှာပါ။ Ref :Tech Crunch The post Galaxy Note 9 မိတ်ဆက်ဗီဒီယိုကို YouTube ပေါ် မှားတင်မိခဲ့တဲ့ Samsung appeared first on ဧရာဝတီ.
Source : https://ift.tt/2vzqvlx
via IFTTT
No comments:
Post a Comment