Gmail အသုံးပြုသူတိုင်း သိထားသင့်သည့် အသုံးဝင် လုပ်ဆောင်ချက်များ မသက်ဆိုင်သူတယောက်ကို အီးမေးလ် မှားပို့မိလိုက်လို့ စိတ်ညစ်ရခဲ့ဖူးပါသလား။ ဒါမှမဟုတ် ကိုယ့် Inbox ထဲမှာ Website ပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံက အီးမေးလ်တွေ ရောထွေးပြည့်နှက်နေလို့ မျက်စိ ရှုပ်နေပါသလား။ ယခုနည်းလမ်းတွေကို လေ့လာပြီး Gmail ကို ဆရာကျကျ အသုံးပြုလို့ရပါတယ်။ (၁) ပို့ပြီးသား အီးမေးလ်ကို ချက်ချင်းပြန်ဖျက်မယ် Gmail ရဲ့ အသုံးဝင်ဆုံး လုပ်ဆောင်ချက်တခုဖြစ်ပြီး စာရေးသူကို အကြိမ်ရေတွက် မနည်း ကယ်တင်ပေးခဲ့တဲ့ လုပ်ဆောင်ချက်တခု ဖြစ်ပါတယ်။ Undo Send လုပ်ဆောင်ချက်ဟာ အီးမေးလ်တခုကို Send နှိပ်လိုက်ပေမယ့်၊ ချက်ချင်း မထွက်သွားစေဘဲ သတ်မှတ် အချိန်ပြည့်မှ လက်ခံသူဆီ ရောက်သွားတဲ့အတွက် မှားယွင်းသွားတဲ့ အီးမေးလ်တွေကို အချိန်မီ ပြန်ဖျက်နိုင်ပါတယ်။ သင့် Gmail အကောင့်ရဲ့ ညာဘက်အပေါ်ထောင့်က စက်သွားပုံ Settings လေးကို နှိပ်ကာ၊ ‘‘Enable Undo Send’’ ဆိုတဲ့ box လေးကို အမှန်ခြစ်ပြီး ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါတယ်။ Send နှိပ်ပြီးပြီးချင်း ဘယ်နှစ်စက္ကန့်နေမှာ အီးမေးလ်ထွက်မလဲဆိုတာကိုလည်း ရွေးချယ်ပေးရမှာပါ။ ၅ ၊ ၁၀၊ ၂၀၊ ၃၀ စက္ကန့် လေးမျိုးပဲ ရွေးချယ်နိုင်ပြီး ၅ စက္ကန့်နဲ့တော့ ကိုယ်မှားသွားပြီဆိုတာ ချက်ချင်း မသိနိုင်တဲ့အတွက် စက္ကန့် ၃၀ ဂိတ်ဆုံးရွေးပေးထားတာက ပိုအဆင်ပြေစေမှာပါ။ ပြီးရင် အောက်ဆုံးက Save Changes ဆိုတာလေးကို နှိပ်ဖို့ မမေ့ပါနဲ့။ Save လုပ်ပြီးသွားရင်တော့ နောက် သင်အီးမေးလ်ပို့တိုင်းမှာ Undo လုပ်နိုင်တဲ့ ခလုတ်လေးတခု အပို ပါဝင်လာတာကို တွေ့ရမှာဖြစ်ပြီး၊ တခုခုမှားသွားပြီဆိုတာနဲ့ Undo ကောက်နှိပ်လိုက်တာနဲ့ သာသာယာယာ ပြန်ပြင်နိုင်မှာဖြစ်ပါတယ်။ (၂) Search and Filter ကို ကောင်းကောင်းအသုံးချပါ Gmail ရဲ့ Search box ကနေ ကိုယ်ပြန်ရှာချင်တဲ့ အီးမေးလ်ကို အလွယ်တကူပြန်ရှာနိုင်ပေမယ့်၊ ဒီထက် ပိုမို တိတိကျကျရှာချင်ရင် ဒါမှမဟုတ် ဖိုင်ဆိုဒ်အများကြီးပါတဲ့ အီးမေးလ်တွေကိုပဲ ရွေးရှာပြီး ဖျက်ချင်ရင် ဒီ လုပ်ဆောင်ချက်ကလည်း တော်တော်အသုံးဝင်ပါတယ်။ Search, Delete and Filter ကို Gmail အပေါ်ဆုံးက Search Box ဘေးနားက အောက်စိုက်နေတဲ့ ုမြှားလေးကို ဆွဲချအသုံးပြုနိုင်ပါတယ်။ အီးမေးလ်ပို့သူ၊ လက်ခံသူ၊ အီးမေးလ်အကြောင်းအရာ၊ အီးမေးလ်မှာ ပါဝင်တဲ့ စကားလုံး၊ မပါတဲ့ စကားလုံး၊ ဖိုင်ဆိုဒ် စသဖြင့် စိတ်ကြိုက်ရွေးချယ်ပြီး အလွယ်တကူ ပြန်ရှာနိုင်ပါတယ်။ ဒီထက် ပိုအဆင်ပြေတာကတော့ Filter ခံလို့ရတာဖြစ်ပါတယ်။ ကိုယ့်ဆီ ဝင်လာတဲ့ အီးမေးလ်တွေကို စစ်ထုတ်ပြီး၊ အလိုအလျောက် Label တပ်တာ၊ ဝင်လာတာနဲ့ ဖျက်ပစ်တာ၊ Star မှတ်ပေးထားတာ၊ ဒါမှမဟုတ် အလိုအလျောက် ထပ်ပြီး Forward လုပ်တာ စတဲ့ အချိန်ကုန်သက်သာမယ့် လုပ်ဆောင်ချက် အားလုံးကို Filter ခံပြီး လုပ်လို့ ရပါတယ်။ Filter ခံနည်းကတော့ Search လုပ်တဲ့အတိုင်းပဲ ပို့သူ၊ ပါဝင်တဲ့စကားလုံး စတာတွေကို သတ်မှတ်ပြီး၊ Create filter ကို နှိပ်ပေးရမှာပါ။ ပြီးရင်တော့ အဆိုပါ အီးမေးလ်ကို ဘာလုပ်ပစ်ချင်လဲ ဆိုတာ ထပ်ရွေးပေးရပါမယ်။ ဥပမာ- Pornographic လို့ စကားလုံးရွေးပြီး၊ “Delete it” ကို လုပ်ထားမယ် ဆိုရင် နောက်တခါ အဆိုပါစကားလုံးပါတဲ့ အီးမေးလ်ဝင်လာတာနဲ့ အလိုအလျောက် ဖျက်ပစ်မှာ ဖြစ်ပါတယ်။ Label ရွေးထားမယ်ဆိုရင် အဆိုပါအီးမေးလ်ဝင်လာရင် သက်ဆိုင်ရာ label ထဲ ပို့ပေးမှာ ဖြစ်ပါတယ်။ အိုင်ဒီယာရှိ သလောက် အသုံးဝင်တဲ့ Feature ဖြစ်ပါတယ်။ (၃) Stars များနဲ့ Inbox ကို ကောင်းကောင်း အသုံးချပါ အီးမေးလ်တခုကို Star ပေးလို့ရတယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမယ့် Star တမျိုးတည်း မဟုတ်ဘဲ Stars အရောင်အမျိုးမျိုးနဲ့ တခြားအမှတ်အသားလေးတွေ ရွေးပေးလို့ ရပါတယ်။ ဒီ Feature ကို အသုံးပြုချင်တယ်ဆိုရင် Settings > General ထဲက Stars ကို သွားပြီး၊ ကိုယ်သုံးချင်တဲ့ Stars အရေအတွက်ကို ရွေးပေးပါ။ Stars ပေးတာက ဘယ်နေရာမှာ သိသာလည်းဆိုတော့ အီးမေးလ်တွေကို အရေးကြီးမှု အဆင့်အလိုက် Star အရောင်ရွေးပေးနိုင်တာကြောင့် အီးမေးလ်ပြန်စစ်တဲ့အခါ သိသာပါတယ်။ ကိုယ့်အမှတ်အသားအလိုက် ပုံစံအမျိုးမျိုး Star ပေးပြီး အီးမေးလ်တွေ ခွဲနိုင်ပါတယ်။ Star ပေးမယ်ဆိုရင်တော့ ပုံမှန်အတိုင်း အီးမေးလ်တစောင်ဘေးက Star နေရာကို နှိပ်ပေးရမှာ ဖြစ်ပြီး၊ Star အရောင်ပြောင်းပေးမယ်ဆိုရင် ကလစ်ဆက်တိုက် နှိပ်ပြီး အရောင်ပြောင်းနိုင်ပါတယ်။ Star ပေးထားတာရဲ့ နောက်ထပ် အသုံးဝင်တဲ့တချက်ကတော့ Search box မှာ “has:purple-star’’ လို့ ရိုက်လိုက်တာနဲ့ Purple Star ပေးထားတဲ့ မေးလ်တွေ အကုန်ကျလာမှာပါ။ (၄) Email များကို အချိန် သတ်မှတ် ပို့မယ် အီးမေးလ်တွေကို အချိန်သတ်မှတ်ပြီး ပို့ချင်တယ်ဆိုရင်တော့ Browser Add-on တခု အသုံးပြုရပါမယ်။ အသုံးများဆုံးကတော့ Boomerang for Gmail ဖြစ်ပြီး၊ အသုံးပြုနည်းကတော့ ယခု website ကို သွားပါ။ https://ift.tt/vMQlkE ပြီးရင် Add this to your Gmail ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ Box တခုပေါ်လာရင် Add extension ဆိုတာကို ထပ်နှိပ်လိုက်ပါ။ ဒီအခါ သင့် Browser မှာ Boomerang extension ကို သွင်းပေးသွားမှာဖြစ်ပြီး၊ Gmail ကို Load ပြန်လုပ်လိုက်တာနဲ့ Send Later ဆိုတဲ့ နောက်ထပ် ခလုတ် အသစ်တခုကို Send အောက်မှာ ထပ်တွေ့ ရမှာပါ။ ပထမဆုံး Register လုပ်ပေးဖို့ လိုပါတယ်။ Send Later ဘေးနားက လေးထောင့်ကွက် သေးသေးလေးကို နှိပ်လိုက်ပါ။ ဒီအခါ သင့် Gmail အကောင့်ကို Access လုပ်ခွင့် တောင်းဆိုတာကို တွေ့မြင်ရမှာဖြစ်ပြီး၊ Allow လုပ်လိုက်တာနဲ့ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အသုံးပြုနည်းကတော့ ရိုးရှင်းပါတယ်။ အီးမေးလ်အရင်ရေးထားပြီး လို့ နောက်မှပို့ချင်တယ်ဆိုရင် Send Later ကို နှိပ်ပြီး၊ စိတ်ကြိုက်အချိန်ရွေးကာ Schedule လုပ်နိုင်ပါတယ်။ (၅) Canned Response ဖြင့် အချိန်ချွေတာပါ ဝင်လာတဲ့ အီးမေးလ်တွေကို အမြဲလိုလို တမျိုးတည်း ပြန်ဖြေနေရပါသလား။ Settings > Lab ထဲက Canned Responses ကို ဖွင့်ပေးလိုက်ပါ။ Gmail ဒီဇိုင်းအသစ်မှာတော့ Lab မဟုတ်တော့ဘဲ Advanced ဆိုပြီး ဖြစ်သွားပါတယ်။ ဖွင့်ပြီးသွားပြီဆိုရင် Compose ကို သွားပါ။ ကိုယ်ရေးချင်တဲ့ စာတွေကို ရေးပါ။ ပြီးရင် ညာဘက်အောက်ထောင့် နားက မြှားအောက်စိုက်နေတဲ့ပုံလေးကို နှိပ်လိုက်ပါ။ List တခုပေါ်လာရင် Canned responses ဆိုတာ တွေ့ပါလိမ့်မယ်။ New canned response ကို နှိပ်ပြီး ကိုယ်မှတ်ထားချင်တဲ့ နာမည်နဲ့ မှတ်ထားလိုက်ပါ။ နောက်တခါ အီးမေးလ်ပို့ရတော့မယ်ဆိုရင် စာရိုက်စရာမလိုတော့ဘဲ အထက်ပါနည်းအတိုင်း Canned responses ကို သွားကာ၊ ကိုယ် Save ထားတဲ့ Reply တခုခုကို နှိပ်လိုက်တာနဲ့ စာရိုက်ပြီးသွား ဖြစ်ပါလိမ့်မယ်။ နေ့စဉ်နေ့တိုင်း အထက်လူကြီးကို Report တင်နေရသူ၊ အမြဲလိုလို တပုံစံတည်း Reply ပြန်နေရသူတွေ အတွက် အချိန်ကုန်သက်သာစေမယ့် Feature ဖြစ်ပါတယ်။ Ref: Mashable, Tutsplus The post Gmail အသုံးပြုသူတိုင်း သိထားသင့်သည့် အသုံးဝင် လုပ်ဆောင်ချက်များ appeared first on ဧရာဝတီ.
Source : https://ift.tt/2ADjJB8
via IFTTT
No comments:
Post a Comment