Good Morning စက်ရုံ ဆန္ဒပြ အလုပ်သမား ၈၅ ဦး အလုပ်ထုတ်ခံရ လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်နိုင်ရေး အတွက် တောင်းဆိုနေသည့် Good Morning စက်ရုံ ဆန္ဒပြ အလုပ်သမား များ အနက် ၈၅ ဦးအား အလုပ်က ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။ လှိုင်သာယာ စက်မှုဇုန်ရှိ Good Morning အမှတ်တံဆိပ် မုန့်များ ထုတ်လုပ်သည့် မြန်မာ မေဆန်း စက်ရုံမှ ဆန္ဒပြ အလုပ် သမား ၁၀၀ အနက် ကျန်ရှိနေသည့် ၈၅ ဦးအား အလုပ်က ထုတ်ပယ်ခြင်း ဖြစ်ပြီး အဆိုပါ အလုပ်သမားများ အတွက် လျော်ကြေးငွေကို ဥပဒေ အတိုင်း ပေးအပ်မည် ဖြစ်ကြောင်း စက်ရုံ တာဝန်ရှိသူ တဦးက ပြောသည်။ အဆိုပါ ဆန္ဒပြမှုသည် စက်ရုံရှိ အလုပ်သမား ၁၅၀ ခန့်က အချိန်ပိုကြေး ၁ နာရီ ၆၀၀ ကျပ် ရရှိသည်ကို မကျေနပ် သဖြင့် ၇၅၅ ကျပ် ရရှိရန် ဇွန်လ ၂၂ ရက်က စက်ရုံပြင်ပ၌ တောင်းဆိုမှု စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ Good Morning စက်ရုံမှ ထုတ်လုပ်ရေး မန်နေဂျာ ဦးကျော်အေး က“နောက်ဆုံး အခြေအနေကတော့ ကျနော်တို့ စက်ရုံ ရဲ့ သူဋ္ဌေးတွေကို မနေ့က တံခါး ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တဲ့ အတွက် အဲဒီဒဏ်တွေ မခံနိုင်သလို သူတို့နဲ့ လက်တွဲ လုပ်လို တဲ့ ဆန္ဒမရှိဘူး ဆိုပြီး ကျန်တဲ့သူတွေ အကုန်လုံးကို အလုပ်ထုတ်လိုက်ပါပြီ”ဟု ဧရာဝတီသို့ ပြောသည်။ ထို့ပြင် ဇူလိုင်လ ၁၇ ရက်၌ အလုပ်သမားများက အလုပ်ခွင် ပြန်လည် ဝင်ရောက်နိုင်ရေး အတွက် အလုပ်ရှင်ထံ တောင်း ဆိုကြပြီး အလုပ်ရှင်၊ အလုပ်သမား သဘောတူ (EC) စာချုပ်တွင် ပါဝင်သည့် အချက် ၈ ချက်ကိုလည်း အလုပ်ရှင်ထံ တောင်း ဆိုထားကြောင်း သိရသည်။ ဦးကျော်အေးက “စက်ရုံက ဆန္ဒပြတဲ့ ဝန်ထမ်း ၁၄၀ ကျော်ရှိတယ်။ ဆန္ဒပြပြီးတဲ့ အချိန်ကစပြီး ကျနော်တို့က တကယ် ကို အလုပ်လုပ်ချင်တဲ့ ဝန်ထမ်းတွေဆိုရင် ခံဝန်ကတိ လက်မှတ်ထိုးပြီး ဝင်ခိုင်းတယ်။ ခံဝန်ကတိ ဆိုတာလည်း အလုပ် ရှင် အလုပ်သမား (EC) စာချုပ်ပါ အချက်တွေပဲ ဖြစ်တယ်။ အဲဒါတွေကို လက်မှတ်ထိုးထားတာ ၅၉ယောက် ရှိသွားပြီ” ဟု ပြောဆိုသည်။ အဆိုပါ တောင်းဆိုမှု အတွက် အလုပ်သမားများက မြို့နယ်ရုံးတွင် ရှင်းလင်းမှု ပြုလုပ်ခဲ့သလို ဌာနဆိုင်ရာ တိုင်းရုံးများ ကိုလည်း စာတင်ခဲ့ကြောင်း သိရသည်။ ဆန္ဒပြတောင်းဆိုနေသည့် စက်ရုံလုပ်သား ကိုမျိုးလှိုင်က “အခု တောင်းဆိုနေတာ အင်အား ၁၀၀ ရှိတယ်။ မနေ့က မန်နေဂျာကို ပြောပြီး အလုပ်ဝင်တာက အယောက် ၂၀ လောက် ရှိတယ်။ အဲဒီလူတွေကတော့ သူတို့ ခံဝန် ကတိ ပေးပြီး ဝင်တာ ဖြစ်တယ်။ အခု ၈၅ ယောက်ကတော့ အရင်လို အလုပ်ပဲ၊ အရင်နေရာပဲ ဆိုရင်တော့ လုပ်မယ်ဆိုတော့ သူတို့က လက်မခံဘူး။ အဲဒီတော့ ကျနော်တို့ ၈၅ ယောက်ကို အလုပ်ထုတ်လိုက်တယ်” ဟု ပြောပြသည်။ ဆန္ဒပြရာတွင် ပါဝင်သည့် Good Morning စက်ရုံ အလုပ်သမား ကိုညီညီအောင်ကလည်း “အခြေအနေကတော့ သူဌေး က အလုပ်သမား ၈၅ ယောက်ကို အလုပ်ထုတ် လိုက်တယ်။ လျော်ကြေး အကျိုး ခံစားခွင့်ကတော့ ဥပဒေ အတိုင်း ပေးမယ် လို့ ပြောပါတယ်။ အလုပ်လုပ်သက် ၄ နှစ်ရှိတဲ့သူဆိုရင် သုံးလစာ၊ ၁၀ နှစ်ရှိတဲ့ သူကို ၇ လစာတို့ ပေးရတယ်။ ကျနော်တို့ ကလည်း သူတို့ပြောသလို သဘောတူကြောင်း စာချုပ်ချုပ်လိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။ ယင်းစက်ရုံရှိ အလုပ်သမား ဝန်ထမ်း တချို့သည် လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်နိုင်ရေး အတွက် တောင်းဆိုရာ တလကျော်မှ ယခုကဲ့သို့ ညှိနှိုင်းမှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ The post Good Morning စက်ရုံ ဆန္ဒပြ အလုပ်သမား ၈၅ ဦး အလုပ်ထုတ်ခံရ appeared first on ဧရာဝတီ.
Source : https://ift.tt/2LRLbjW
via IFTTT
No comments:
Post a Comment