အချုပ်သားသေဆုံးမှု ထိရောက်စွာအရေးယူရန် MNHRC အကြံပြု ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့မရဲစခန်းတွင် အချုပ်သားသေဆုံးမှုနှင့်ပတ်သက်ပြီး စခန်းမှူး၊ အမှုစစ်နှင့် သက်ဆိုင်သည့် ရဲတပ်ဖွဲ့ဝင်များအား အမြန်ဆုံးထိရောက်စွာ အရေယူးဆောင်ရွက်သင့်ကြောင်း မြန်မာအမျိုးသား လူ့အခွင့်အရေးကော်မရှင်(MNHRC) က ဇူလိုင် ၃၁ ရက်နေ့က သတင်းထုတ်ပြန်သည်။ ကော်မရှင်အနေဖြင့် သေဆုံးသူ၏ မိသားစုဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် အခြားသက်သေများ၊ ရဲစခန်းတာဝန်ရှိသူ များအား နှစ်ရက်ကြာတွေ့ဆုံ စစ်ဆေးပြီးနောက် အရေးယူဆောင်ရွက်သင့်သည့် အကြံပြုချက်များအား ပြည်ထဲရေး ဝန်ကြီးဌာနသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ဒေးဒရဲမြို့နယ်၊ ညောင်တပင်ကျေးရွာတွင်း ငါးဖမ်းပိုက်ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ကိုဇော်မင်းထွန်းအနေဖြင့် ဇွန် လ ၂၆ ရက်နေ့ညနေပိုင်းက ဖမ်းဆီးခံရခြင်းဖြစ်ပြီး စစ်ဆေးမေးမြန်းစဉ် ညပိုင်း၌ သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးမှုအပေါ် ဖျာပုံခရိုင်၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် ဇွန် ၂ရ ရက်နေ့တွင် ခုံရုံးဖွဲ့စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အမှုစစ် ဒုရဲအုပ် ကျော်ဌေးလွင် အပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးချုပ်နှောင်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။ ဒုရဲမှူးကြီး ခင်မောင်လတ်က “ ဖြစ်ဖြစ်ခြင်း နောက်နေ့ပဲ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ပြီး စစ်တယ်၊ တွေ့ရှိချက်တွေကို သက်သေခံအကျဉ်းချုပ်ရေးပြီး ရဲချုပ်ရုံးကို ပို့ထားပြီးပြီ၊ ဘယ်လိုအရေးယူမှုတွေ ရှိမလဲတော့ ပြောလို့မရသေးပါဘူး၊ အခုတချို့ကို အချုပ်ထဲမှာ ဖမ်းထားပါတယ်” ဟု ပြောသည်။ သေဆုံးသူအနေဖြင့် အချုပ်ခန်းတွင် ကြိုးတုပ်ကာ ရိုက်နှက်ခံရမှု မျက်မြင်အခြေအနေများအား ယင်းအချိန်တွင် အချုပ်ခန်းအတွင်းရှိနေသူတဦးမှ စစ်ဆေးရေးအဖွဲ့များထံ မျက်မြင်ထွက်ဆိုပေးထားကြောင်း သေဆုံးသူ၏ အမဖြစ်သူ အသီသီဝင်းက ပြောသည်။ မသီသီဝင်းက “ သေတဲ့ထိ ညှင်းပမ်းရိုက်နှက်တာတွေက ဥပဒေဘောင်ကို တော်တော်ကြီးကို ကျော်လွန်သွားပြီး ၊ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဖို့ မျှော်လင့်ထားတယ်”ဟုပြောသည်။ ပိုက်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ကိုဇော်မင်းထွန်းအနေဖြင့် ဝန်ခံမှုပြုလုပ်ခဲ့ပြီ ပိုက်များပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ၎င်းသေဆုံးချိန်တွင် မျက်နှာ၊ ရင်ဘတ်နှင့် ကျောဘက်တို့တွင် ညိုမဲစွဲနေသည့် ဒဏ်ရာများ တွေ့ခဲ့ရကြောင်းလည်း မိသားစုဝင်များက ပြောကြသည်။ ၎င်းသေဆုံးမှုနှင့်ပတ်သက်ပြီး မိသားစုဝင်းများက ပါဝင်ပတ်သက်သူမှန်သမျှအား ဖော်ထုတ်အရေးယူပေးရန် တောင်းဆိုထားပြီး သာမန်ပြစ်မှုတခုအား သေသည်ရိုက်နှက်စေရန် တွန်းအားပေးခဲ့သူများကိုလည်း ဖော်ထုတ်အရေးယူပေးလိုကြောင်း ဧရာဝတီသို့ပြောသည်။ ကော်မရှင်၏ အကြံပြုချက်တွင် အမှုအား စစ်ဆေးခဲ့သူမှာ ဒုရဲအုပ်ကျော်ဌေးလွင်ဆိုသူဖြစ်ပြီး အဓိကတာဝန်ရှိသည့် မြို့နယ်စခန်မှူးသည်လည်း အရက်ကို စွဲလမ်းစွာသောက်သူဖြစ်သည့်အတွက် လက်ရှိအခြေအနေတွင် ကွပ်ကဲမှု တာဝန်ပေးရန် မသင့်လျော်ကြောင်းတို့လည်း ဖော်ပြထားသည်။ အရေးယူဆောင်ရွက်ရာတွင်လည်း ကျန်ရဲတပ်ဖွဲ့ဝင်များ စိတ်ဓာတ်ပျက်ပြားမှုမရှိရေးအတွက် စုပေါင်းအရေးယူခြင်းကို သတိပြုဆောင်ရွက်ရန်နှင့် ရဲတပ်ဖွဲ့စခန်းများအတွင်း တရားခံသေဆုံး/ဒဏ်ရာရမှုများလည်း မကြာခဏဖြစ်ပွားနေသည့်အတွက် ရဲလုပ်ငန်းစဉ်နှင့်အညီ စနစ်တကျဆောင်ရွက်ရေးကို တိုးမြှင့်ကြပ်မတ်သင့်ကြောင်းလည်း ကော်မရှင်က ထောက်ပြထားသည်။ ဆက်စပ်ဖတ်ရှုရန်–အချုပ်သားသေဆုံးမှုဖြင့် ဒေးဒရဲမြို့ ရဲတပ်ဖွဲ့ဝင်များကို ခုံရုံးဖွဲ့စစ်ဆေး The post အချုပ်သားသေဆုံးမှု ထိရောက်စွာအရေးယူရန် MNHRC အကြံပြု appeared first on ဧရာဝတီ.
Source : https://ift.tt/2vpLurc
via IFTTT
No comments:
Post a Comment