ဂျိုဆွန်းခေတ်က ပထမဆုံးသတ္တဝါဆန်းကြီးအကြောင်း ရိုက်ကူးထားတဲ့ ‘Monstrum’ ရုပ်ရှင် မကြာမီ ရုံတင်ပြသတော့မယ့် ကိုရီးယားသတ္တဝါဆန်းကြီး တကောင်အကြောင်း ရိုက်ကူးထားတဲ့ အက်ရှင်ရုပ်ရှင် “”Monstrum” ဟာ ဘုရင်ဂျောင်ဂျုံလက်ထက်၊ ၁၅၂၇ ခုနှစ်မှာ တော်ဝင်နန်းတော်ကို ခြိမ်းခြောက်ခဲ့တဲ့ ထူးဆန်းတဲ့ သတ္တဝါဆိုးကြီးအကြောင်း မှတ်တမ်းမှတ်ရာတွေကို ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဘုရင်က အဲဒီသတ္တဝါကြီးကို အမဲလိုက်ဖို့ သူ့လူယုံတွေကို စေခိုင်ခဲ့တဲ့အကြောင်း သမိုင်းမှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်။ ရုပ်ရှင်ဒါရိုက်တာ Heo Jong-ho က “ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ် သတ္တဝါအကြောင်းကို ပုံဖော်ထားပါတယ်။ ကျနော်တို့ရဲ့ ကိုယ်ပိုင် စိတ်ကူးယဉ်ပုံစံကို အခြေခံထားတဲ့ သတ္တဝါဆိုးတကောင်ကို ဖန်တီးခဲ့ပါတယ်။ ဒါပေမယ့် ကွဲပြားချက်ရှိတာက ကျနော်တို့က သမိုင်းမှတ်တမ်းတွေကနေ အိုင်ဒီယာယူထားတာလည်း ဖြစ်ပါတယ်” လို့ သြဂုတ်လ ၁၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဝါရင့်သရုပ်ဆောင် Kim Myung-min က ဘုရင်ကို ထီးနန်းကနေ ဖယ်ရှားဖို့နဲ့ အန္တရာယ်ပေးနေတဲ့ သတ္တဝါဆိုးကြီး နောက်ကို ထပ်ကြာမကွာ လိုက်သွားခဲ့တဲ့ ဘုရင့်လူယုံတော် Yoon Gyeom အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသား Kim In-kwon ကတော့ ရှာဖွေရေးအဖွဲ့ထဲက Yoon ရဲ့ ညာလက်ရုံး Seong-han အဖြစ်သရုပ်ဆောင် ထားပါတယ်။ နာမည်ကျော် Kpop အမျိုးသမီးအဆိုတော်အဖွဲ့ Girls’ Day မှ အဆိုတော်၊ သရုပ်ဆောင် Hyeri က Yoon ရဲ့ သမီး Myeong အဖြစ်လည်းကောင်း၊ မင်းသား Choi Woo-sik က ဘုရင့်အမိန့်တော်ကို လာရောက်ပေးအပ်တဲ့တပ်မှူး အဖြစ် သရုပ်ဆောင်ထားကြပါတယ်။ မင်းသား Kim Myung-min က “ဇာတ်ညွှန်းက စိတ်ဝင်စားဖို့ကောင်းပြီး ထူးခြားပါတယ်။ မမြင်ရတဲ့ရန်သူကို တိုက်ခိုက် ရမယ်ဆိုတဲ့အချက်က ကျနော့်ကို စိတ်ဝင်စားစေပါတယ်။ ပြီးတော့ ရုပ်ရှင်ဟာ စိတ်ကူးယဉ်နဲ့ တကယ့်ဖြစ်ရပ်ဇာတ်လမ်းကို အခြေခံထားတာလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်” “ Yoon အဖြစ်နဲ့ သမိုင်းနောက်ခံ ဒရာမာတွေမှာ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေအားလုံးကို မြင်တွေ့နိုင်မှာပါ။ ကျနော် အရင်တုန်းက သရုပ်ဆောင်ခဲ့တာတွေနဲ့လည်း ဆင်တူပါတယ်။ ပြီးတော့ ဇာတ်ကောင်ကို ကျနော်က ပေါ့ပေါ့ပါးပါးရော လေးလေးပင်ပင်ရော မဖြစ်အောင် ဖန်တီးထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အခုရုပ်ရှင်ဟာ မင်းသမီး Hyeri အတွက်တော့ ပထမဆုံး ရုပ်ရှင်လည်း ဖြစ်ပါတယ်။ သူက “ဂျိုဆွန်းခေတ်မှာ ဇာတ်အိမ်တည်ထားတဲ့ သတ္တဝါဆန်းကြီးအကြောင်း ဖြစ်တဲ့အတွက် ရုပ်ရှင်က ပိုပြီးဆွဲဆောင်မှု ရှိမယ်လု့ိ ကျမ ခံစားရပါတယ်။ ကျမအတွက် စီနီယာကျတဲ့ သရုပ်ဆောင်ကောင်းတွေနဲ့ အလုပ်အတူလုပ်ရတာ ဂုဏ်ယူမိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ သူ့အတွက်ပထမဆုံး ရုပ်ရှင်ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိပေမယ့် ရုပ်ရှင်ရိုက်ကူးရေးနေစဉ်နဲ့ မြားပစ်လေ့ကျင့်ရေး တို့မှာလည်း ပျော်ရွှင်ခဲ့ရတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ အဲဒီရုပ်ရှင်ကို Lotte Entertainment ကနေတဆင့် စက်တင်ဘာလ ၁၃ ရက်နေ့ကစလို့ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ Ref:Yonhap The post ဂျိုဆွန်းခေတ်က ပထမဆုံးသတ္တဝါဆန်းကြီးအကြောင်း ရိုက်ကူးထားတဲ့ ‘Monstrum’ ရုပ်ရှင် appeared first on ဧရာဝတီ.
Source : https://ift.tt/2Peiewt
via IFTTT
No comments:
Post a Comment