Sunday, August 5, 2018

The Voice

နည်းပညာတက္ကသိုလ် ဗိသုကာကျောင်းသားများကို ပြည်ပနိုင်ငံများသို့ ပထမဆုံးအကြိမ် စေလွှတ်မည် မန္တလေး၊ ဩဂုတ် ၄ နည်းပညာတက္ကသိုလ် (မန္တလေး) ဗိသုကာဌာနမှ ကျောင်းသားကျောင်းသူများကို ပြည်ပနိုင်ငံများသို့ အုတ်၊ ကျောက်တုံးများနှင့် ပတ်သက်သည့် ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများ လေ့လာနိုင်ရန် ပထမဦးဆုံးအကြိမ် စေလွှတ်မည်ဟု ယင်းတက္ကသိုလ် ဗိသုကာဌာနမှ ပါမောက္ခ ဒေါက်တာဇာခြည်မင်းက ပြောကြားသည်။ သူတို့အတွက် အတွေ့အကြုံတွေ ပိုရအောင်နဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လုပ်နိုင်တဲ့ အခွင့်အလမ်းတွေ ရရှိလာစေမှာဖြစ်ပါတယ်”ဟု ၎င်းကရှင်းပြသည်။ ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေး World Monuments Funt အကူအညီဖြင့် ပထမဆုံးအကြိမ် စေလွှတ်ခြင်းဖြစ်ကြောင်း၊ မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်းပြုပြင်ထိန်းသိမ်းရေးတွင် ကူညီဆောင်ရွက်နေသည့် နည်းပညာတက္ကသိုလ် (မန္တလေး) ဗိသုကာဌာနမှ ကျောင်းသားကျောင်းသူ ခြောက်ဦးကို စေလွှတ်မည်ဖြစ်ကြောင်း ဒေါက်တာဇာခြည်မင်းက ဆက်လက် ပြောဆိုသည်။ အဆိုပါကျောင်းသားကျောင်းသူများသည် ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရှိ WATTCHAI အဆောက်အအုံများတွင် အုတ်နှင့်ပတ်သက်သည့် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများနှင့် ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ကျောင်းရှိ အဆောက်အအုံများမှ ကျောက်တုံးနှင့်ပတ်သက်သည့် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို သွားရောက်ကူညီလုပ်ကိုင်ပေးမည်ဖြစ်ကြောင်း နည်းပညာတက္ကသိုလ် (မန္တလေး) ဗိသုကာဌာနထံမှ ထပ်မံသိရသည်။ “အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လုပ်ရတဲ့အတွက် သူတို့ရဲ့စီမံခန့်ခွဲမှုပုံစံတွေ၊ ဘတ်ဂျက်ရှာတဲ့ပုံစံတွေ သိလာမှာဖြစ်ပါတယ်။ အုတ်နဲ့ပတ်သက်တာတွေသိလာရင် ကျွန်တော်တို့ပြည်တွင်းမှာ ဥပမာ-ပုဂံလို နေရာမျိုးတွေမှာ ပြန်ပြီးတော့ အသုံးချလို့ရလာနိုင်မယ်”ဟု ဗိသုကာပညာ နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးဖြစ်သူ ကိုချမ်းမြေ့လွင်က ပြောကြားသည်။ နည်းပညာတက္ကသိုလ် (မန္တလေး) ဗိသုကာဌာနမှ ကျောင်းသားခြောက်ဦးသည် ထိုင်းနိုင်ငံသို့ ဩဂုတ်လ ၇ ရက်နေ့တွင် ထွက်ခွာမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံသို့ ထပ်မံသွားရောက်မည်ဖြစ်သည်။
Source : https://goo.gl/kd8mBs
via IFTTT

No comments:

Post a Comment