Tuesday, August 14, 2018

The Voice

ထရမ့်၏ အခွန်များနှင့် အရေးယူပိတ်ဆို့မှုများသည် အလုပ်အကိုင်များနှင့် ဖွံ့ဖြိုးမှုကို ဖျက်ဆီးသည်ဟု ဂျာမနီပြောကြား ဘာလင် ဩဂုတ် ၁၃ ဂျာမနီစီးပွားရေးဝန်ကြီး ပီတာအယ်လ်မေယာက အမေရိကန်သမ္မတ ထရမ့်၏ အခွန်ချမှတ်မှုနှင့် အရေးယူပိတ်ဆို့မှုများသည် အလုပ်အကိုင်နှင့် ဖွံ့ဖြိုးမှုကို ဖျက်ဆီးနေသည်ဟု ပြစ်တင်ဝေဖန်လိုက်ပြီး အီရန်ကိစ္စနှင့်ပတ်သက်၍ ဖိအားပေးမှုကို ဥရောပကအလျှော့ပေးမည် မဟုတ်ဟုပြော ဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ သမ္မတထရမ့်သည် တရုတ်၊ ဥရောပနှင့် အခြားနိုင်ငံများထံမှ မမျှတသည့် ကုန်သွယ်ရေးလုပ်ထုံးလုပ်နည်းများကို ထိပ်တိုက်ရင်ဆိုင်ကာ အမေရိကန် အလုပ်အကိုင်များကို ကာကွယ်ပေးရန်အတွက် သွင်းကုန်အခွန်များကိုချမှတ်ကာ ကုန်သွယ်ရေးပဋိပက္ခကို အစပျိုးလျက်ရှိသည်။ တီဟီရန်အပေါ် ချမှတ်လိုက်သည့် အရေးယူပိတ်ဆို့မှုများကို ဖိအားပေးတင်းကျပ်ရန်နှင့် ဥရောပကုမ္ပဏီများကို ဖိအားပေးရန် ရည်ရွယ်ထားသော ထရမ့်၏ ဆုံးဖြတ်ချက်သည် နောက်ထပ် စစ်မျက်နှာတစ်ခုကို ဖွင့်လှစ်ခဲ့သည်။ အခွန်ကြောင့် ကုန်ဈေးနှုန်းများတက်ကာ စားသုံးသူများကို အများဆုံး ထိခိုက်စေလိမ့်မည်ဟု ဝန်ကြီးအယ်လ်မေယာက ဆိုသည်။ ဥရောပကော်မရှင်ဥက္ကဋ္ဌ ဂျွန်ကလော့ဂျန်ကာနှင့် သမ္မတထရမ့်တို့အကြား ယခင်လကညှိနှိုင်းခဲ့သည့် သဘောတူညီချက်ကို အယ်လ်မေယာက ချီးကျူးလိုက်ပြီး ထိုစာချုပ်က ဥရောပတိုက်ရှိ အလုပ်အကိုင် ထောင်ပေါင်းများစွာကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ပြောကြားသည်။ ထရမ့်က အလူမီနီယံနှင့် သံမဏိသွင်းကုန်များအပေါ် အခွန်ချမှတ်မှုကြောင့် အမေရိကန်ကုန်စည်အချို့ကို ဥရောပက တုံ့ပြန်အခွန်ချမှတ်ခဲ့ပြီးနောက်တွင် အမေရိကနှင့် အီးယူတို့သည် ကုန်သွယ်ရေး အငြင်းပွားမှုတွင် ထိပ်တိုက်ရင်ဆိုင်မိနေကြသည်။ ထရမ့်က ဥရောပလုပ်ကားများကို အခွန်ကောက်မည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း ယခင်လက အီးယူဥက္ကဋ္ဌဂျန်ကာနှင့် အိမ်ဖြူတော်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ဥရောပကား အခွန်ကောက်မည့်ကိစ္စကို ရုပ်သိမ်းရန် သဘောတူညီမှုရခဲ့ကြသည်။ “အမေရိကနဲ့ အီးယူအကြားသဘောတူညီမှုဟာ ပထမခြေလှမ်းပဲရှိပါသေးတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်ကတစ်ကမ္ဘာလုံးအခွန်လျှော့ဖို့၊ ကိုယ်ကျိုးကာကွယ်မှု လျှော့ဖို့၊ ဈေးကွက်တွေဖွင့်ဖို့ ဖြစ်ပါတယ်” ဟု အယ်လ်မေယာက ပြောကြားသည်။ အီရန်အပေါ် အရေးယူပိတ်ဆို့မှုနှင့် ပတ်သက်၍ ဥရောပကုမ္ပဏီများကိုဝါရှင်တန်က ဖိအားပေးနေသော်လည်း အီရန်နှင့် စီးပွားရေးလုပ်သောကုမ္ပဏီများကို ဂျာမနီနှင့် ဥရောပမဟာမိတ်များက ဆက်လက်ဖိအားပေးသွားမည်ဟု အယ်လ်မေယာက ပြောကြားသည်။
Source : https://goo.gl/M2e71m
via IFTTT

No comments:

Post a Comment