Saturday, August 27, 2016

7Day News Journal

အင်ဒိုနီးရှားတွင် တောမီးလောင်ကျွမ်းမှုများကြောင့် အိမ်နီးချင်း စင်ကာပူ နိုင်ငံတွင် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ဩဂုတ် ၂၇ ရက်တွင် စင်ကာပူ၏ လေထုအရည်အသွေးသည် အတန်အသင့် ညစ်နွမ်းနေသည့် အဆင့်မှ ကျန်းမာရေးအတွက် ထိခိုက်စေနိုင်သည့် အဆင့်သို့ မြင့်တက်လာကြောင်း စင်ကာပူ အမျိုးသား သဘာဝ ပတ်ဝန်းကျင် အေဂျင်စီက ကြေညာသည်။ ဩဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် လေထုညစ်ညမ်းမှု အညွှန်းကိန်းသည် ၁၀၆ ထိ ရောက်ရှိလာခဲ့သည်။ အညွှန်းကိန်း ၁၀၀ မှတ် အထက်သို့ ကျော်လွန်ခြင်းသည် ကျန်းမာရေး ထိခိုက်စေနိုင်သည့် အဆင့်အဖြစ် ယူဆနိုင်သည်။ စင်ကာပူ အစိုးရက လူအများ အနေဖြင့် နေအိမ်ပြင်ပတွင် အချိန်ကြာမြင့်စွာ နေထိုင်သွားလာနေရသည့် ကိစ္စမျိုးကို အတတ်နိုင်ဆုံး ရှောင်ရှားကြရန် အကြံပြုထားသည်။ အဆိုပါ အညွှန်းကိန်းသည် ဩဂုတ် ၂၇ ရက်က ၁၀၀ အောက်တွင်သာ ရှိခဲ့ပြီး ဩဂုတ် ၂၆ ရက်တွင်မူ ၂၁၅ ထိ ထိုးတက်သွားသေးသည်။ ထိုအခြေအနေသည် ကျန်းမာရေးအတွက် အလွန်အမင်း မသင့်တော်သည့် လေထုညစ်ညမ်းမှုမျိုးဟု အေဂျင်စီက ကြေညာခဲ့သည်။ အင်ဒိုနီးရှားတွင် တောမီးများ လောင်ကျွမ်းရာမှ မီးခိုးများ စင်ကာပူဘက် ရောက်ရှိလာပြီး မီးခိုးမြူများအဖြစ် ပြောင်းလဲကာ လေထုညစ်ညမ်းမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သို့သော် အနောက်တောင်ဘက်မှ လေတိုက်ခတ်မှု အားကောင်းလာချိန်တွင် မီးခိုးမြူများ ရှင်းလင်းပြီး လေထုအရည်အသွေး ပြန်လည် မြင့်တက်လာဖွယ် ရှိနေသည်။ လေထုညစ်ညမ်းမှု ဆိုးရွားလာပါက သက်ကြီးရွယ်အိုများနှင့် ကလေးများအတွက် ပိုမိုသတိထားရန် လိုအပ်ပြီး နှလုံးနှင့် အဆုတ် ရောဂါရှိသူများ ကျန်းမာရေး ပိုမိုထိခိုက်နိုင်ကြောင်း အေဂျင်စီက သတိပေးထားသည်။ အင်ဒိုနီးရှားတွင် တောမီးများ လောင်ကျွမ်းပါက စင်ကာပူ၏ လေထုကို သက်ရောက်မှုမျိုးသည် ယခင်ကလည်း မကြာခဏ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။
Source : http://ift.tt/2bUxviI
via IFTTT

No comments:

Post a Comment