ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေး၊ ငှက်ဖျား၊ တီဘီ၊ မိခင်ကလေး ကျန်းမာရေးနှင့် လူသားချင်း စာနာထောက်ထားမှု အစီအစဉ်များတွင် ယူကေ အကူအညီပေးမည် ယူကေ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန (DFID) ဝန်ကြီး Mr Rory Steward သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် သုံးရက်ကြာ လာရောက်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေး၊ ငှက်ဖျား၊ တီဘီ၊ မိခင်ကလေး ကျန်းမာရေးနှင့် လူသားချင်း စာနာထောက်ထားမှု အစီအစဉ်များတွင် ယူကေက အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း သြဂုတ် ၂၅ ရက်က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ “ခရီးစဉ်မှာ တီဘီစင်တာ၊ ရန်ကုန်ဆေးရုံကြီးတွေကို သွားပြီး လေ့လာခဲ့တယ်။ မြန်မာနိုင်ငံကို လာရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ ရှိတဲ့ သူတွေရဲ့ စကားသံတွေကို နားထောင်ကြည့်ချင်တာအပြင် မြန်မာနိုင်ငံကို အထောက်အပံ့တွေပေးမယ့် အစီအစဉ်တွေကြောင့်လည်း လာရောက်ရခြင်း ဖြစ်ပါတယ်။ ယူကေအနေနဲ့ မြန်မာနိုင်ငံကို ပံ့ပိုးနေတဲ့ နေရာတွေ အများကြီးရှိပြီး အာဟာရဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပံ့ပိုးနေတာတွေ အများကြီး ရှိပါတယ်။ အထူးပြောချင်တဲ့ အကြောင်းအရင်း နှစ်ချက် ရှိပါတယ်။ ပထမ တစ်ခု အနေနဲ့ တခြားသော ပူးပေါင်းလုပ်ကိုင်နေတဲ့ အဖွဲ့တွေနဲ့ ပေါင်းပြီး ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အစီအစဉ်တွေမှာ ပံ့ပိုး ဖို့ ရှိပါတယ်။ ငှက်ဖျားရောဂါစမ်းသပ်တဲ့ ကိရိယာတွေ၊ ငှက်ဖျားရောဂါဖြစ်ပွားနေတဲ့ သူတွေအတွက် ကုသရေးအစီအစဉ်တွေနဲ့ ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေးလုပ် ငန်းတွေမှာ ပံ့ပိုးသွားဖို့ ရှိပါတယ်။ ဒါ့အပြင် လူသားချင်း စာနာထောက်ထားမှုနဲ့ ပတ်သက်တာတွေ၊ ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေးတွေမှာလည်း အကူအညီတွေ ပေးသွားဖို့ ရှိပါတယ်” ဟု ယူကေ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန (DFID) ဝန်ကြီး Mr Rory Steward က ပြောကြားသည်။ ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေးအတွက် အကူအညီပေးမည့် အစီအစဉ်များကိုလည်း ဆက်လက် ပြောကြားခဲ့ရာ “အရင်တုန်းကလည်း ရန်ကုန်ဆေးရုံကြီးကို ပံ့ပိုးပေးခဲ့တာတွေ ရှိပါတယ်။ အခုလည်း ပြန်ပြီးတော့ ပံ့ပိုးပေးဖို့ ရှိပါတယ်။ ဆေးရုံကြီးက တကယ်လည်းလှတဲ့ ရှေးဟောင်းအဆောက်အအုံကြီးတစ်ခု ဖြစ်သလို တော်တော်လည်း ဟောင်းနေပါပြီ။ ပြန်လည်ပြုပြင် မွမ်းမံဖို့ အတွက်ကလည်း လိုအပ်ချက်တွေ ရှိနေတယ်။ ဒါကြောင့် အထူးသဖြင့် ရေနဲ့ မိလ္လာစနစ်တွေ၊ မြောင်းစနစ်တွေကို ပြန်လည်ပြုပြင်ပေးဖို့အတွက် အစီအစဉ်တွေ ရှိပါတယ်” ဟု Mr Rory Steward က ဆက်လက်ပြောကြားသည်။ ယူကေ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန (DFID) အနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေများ ထောက်ပံ့ပေးလျက် ရှိကြောင်းနှင့် ရန်ကုန်မြို့ရှိ DFID ရုံးမှ စီမံခန့်ခွဲသော နှစ်နိုင်ငံ အစီအစဉ်များကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တစ်ဆင့် လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ ကျန်းမာရေးနှင့် အာဟာရလုပ်ငန်းများအတွက် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေမှတစ်ဆင့် အခြေခံကျန်းမာရေး လုပ်ငန်းများ တိုးချဲ့ခြင်း၊ ကျန်းမာရေးစနစ်များ တိုးတက်အောင် ဆောင်ရွက်ခြင်း၊ ဆေးယဉ်ပါး ငှက်ဖျားရောဂါ တိုက်ဖျက်ခြင်း၊ အသက်မွေးဝမ်းကျောင်း၊ စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေနှင့် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေမှ တစ်ဆင့် ငါးနှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အာဟာရ ပြည့်ဝစွာ ရရှိရေးအတွက် အကူအညီများပေးလျက် ရှိကြောင်း၊ ယူနီဆက်ဖ်မှတစ်ဆင့် အခြေခံပညာရေး အရည်အသွေး တိုးမြှင့်ပေးခြင်း၊ မြန်မာ့ပညာရေး မြှင့်တင်မှု လက်တွဲဆောင်ရွက်ရေး အဖွဲ့မှတစ်ဆင့် ဖြည့်စွက်ပညာရေး စနစ်များ တိုးမြှင့်ပေးခြင်းများကို လုပ်ဆောင်ပေးလျက် ရှိကြောင်းနှင့် လူသားချင်း စာနာထောက်ထားမှု အနေဖြင့် ချင်း၊ ရခိုင်နှင့် နယ်စပ်ဒေသများရှိ ပဋိပက္ခဒဏ် ခံရသူများအား လူသားချင်း စာနာထောက်ထားမှုအရ ဘဏ္ဍာငွေများ ထောက်ပံ့ခြင်း၊ သဘာဝဘေးဒဏ် ခံရသူများအား အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သော အထောက်အပံ့များ အကူအညီပေးခြင်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ Writer: အိသဉ္ဇာကျော်
Source : http://ift.tt/2bomKXt
via IFTTT
No comments:
Post a Comment