Sunday, August 21, 2016

လက္ေကာက္ဝတ္က ျဖဴနီႀကဳိး

လက်ကောက်ဝတ်က ဖြူနီကြိုး မွန်ဂိုရီးယား တိဘက်ဒေသမှာ အခြေချနေထိုင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်ရင်း အရှေ့တောင်အာရှနဲ့ မြန်မာပြည်ထဲကို ရောက်လာခဲ့ကြတဲ့ ကရင်လူမျိုးတွေဟာ တစ်ဦးနဲ့တစ်ဦး အလွယ်တကူ သိနိုင်ဖို့ သူတို့ရဲ့ လက်ကောက်ဝတ်တွေမှာ အဖြူအနီကြိုးတွေ ရစ်ပတ်ထားတာပါ။ ဒါ့အပြင် ကရင်တိုင်းရင်းသားတွေ ထိမ်းမြားမင်္ဂလာ ပြုလုပ်တဲ့အခါမှာလည်း မိဘတွေက သားသမီးတွေရဲ့ လက်ကောက်ဝတ်မှာ ချည်ဖြူ၊ ချည်ဝါ ချည်နှောင်ပေးပြီး ဆုတောင်းထောပနာ ပေးတက်ကြပါသေးတယ်။ ကရင်လူမျိုးတွေဟာ သူတို့ရဲ့ လက်ကောက်ဝတ်မှာ ချီဖြူ၊ ချည်ဝါ ချည်နှောင်ထားခြင်းဟာ ကရင် တိုင်းရင်းသားတွေ တစ်ယောက်နဲ့တစ်ယောက် ပြန်လည်ဆုံတွေ့ကြတဲ့အခါ အလွယ်တကူ သိရှိနိုင်အောင် အမြော်အမြင်ရှိတဲ့ ရှေးလူကြီးတွေက ပြုလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ခြည်ဖြူဖွဲ့ အဆောင်အယောင် ပြုလုပ်ရာမှာတော့ ကောက်ညှင်းထုတ် ဖင်ချွန်၊ ငှက်ပျောသီး၊ ကြံ၊ ရေ၊ နတ်ပန်းညိုပန်း၊ ထမင်းဆုပ်တို့ကို ဆုပ်ကိုင်ထားပြီး ချီဖြူ၊ ချီနီကို လက်ကောက်ဝတ်မှာ သုံးချက် ချည်နှောင်ပေးလိုက်တာဟာ ကရင် တိုင်းရင်းသားတို့ရဲ့ ချစ်စရာ ရိုးရာဓလေ့တစ်ခုလို့ ဆိုရမှာပါ။ ရှေးယခင် နှစ်ပေါင်းများစွာကတည်းက ကရင် တိုင်းရင်းသား မျိုးနွယ်တွေဟာ ရိုးရာဓလေ့ဖြစ်တဲ့ ခြည်ဖြူဖွဲ့လက်ချည်ပွဲကို ဝါခေါင်လဆန်းမှ ဝါခေါင် လပြည့်နေ့အထိ နှစ်စဉ်ပြုလုပ်ခဲ့ကြပါတယ်။ ကရင်မိသားစုတွေ ဖျားနာတဲ့အခါမှာ မကောင်းဆိုဝါး နတ်ဆိုးနတ်ညစ် ဖမ်းစားခံရတာလို့ ယူဆတဲ့အတွက် ချည်ဖြူ၊ ချည်ဝါတွေ လက်ကောက်ဝတ်မှာ ချည်နှောင်တဲ့ အယူအဆတွေ ရှိသလို ဝါခေါင်လဟာ မကောင်းဆိုးဝါးတွေ ပျော်မြူးကြတဲ့လ ဖြစ်တယ်လို့ ယုံကြည်ကြတဲ့အတွက် ဝိညဉ်တွေ အနှောင့်အယှက် မပေးနိုင်အောင် အဆောင်အယောင်အနေနဲ့ စီမံပြီး ခြည်ဖြူဖွဲ့လေ့ ရှိကြပါတယ်။ ဓာတ်ပုံ- ဉာဏ်စိုး
Source : http://goo.gl/JZNnOa
via IFTTT

No comments:

Post a Comment