Wednesday, August 24, 2016

The Voice

အီတလီနိုင်ငံ အလယ်ပိုင်းတွင် ယနေ့ နံနက် အစောပိုင်းက ပြင်အား ၆ ဒသမ ၂ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးသူ ၆ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။ ဒေသစံတော်ချိန် မနက် ၃ နာရီ၊ ၃၆ မိနစ်က ပီရူဂျီယာမြို့ အရှေ့တောင်ဘက် ၄၇ မိုင်ခန့်ကို ဗဟိုပြုကာ အနက် ၆ မိုင်ခန့်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ငလျင်ဒဏ်ကြောင့် အကူမိုလီမြို့ရှိ အဆောက်အဦ အများအပြား ပြိုကျ ပျက်စီးခဲ့ပြီး ရောမမြို့ရှိ အဆောက်အအုံ အချို့မှာ စက္ကန့် ၂ဝ ကြာ လှုပ်ခါသွားခဲ့ရသည်။ အကူမိုလီမြို့ရှိ အပျက်အစီးများကြားမှ မိသားစုဝင် ၄ ဦးရှိ မိသားစု တစ်စုကို တွေ့ရှိခဲ့ရပြီး အနီးအနားရှိ ရွာတစ်ရွာတွင်လည်း လူ ၂ ဦး သေဆုံးခဲ့သည်ကို တွေ့ရှိထားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ငလျင်ကျရောက်ရာဒေသရှိ မြို့တစ်မြို့ဖြစ်သော အမ်မာထရိုက်စ်မြို့တွင်လည်း ငလျင်ကြောင့် လမ်း၊ တံတားနှင့် အဆောက်အဦ အများအပြား ပျက်စီးခဲ့သည်။ “မြို့တွင်း အဝင်၊ အထွက် လမ်းတွေ အားလုံး ပျက်ကုန်တယ်၊ မြို့တစ်ဝက်လောက်လည်း ပျက်စီးသွားတယ်၊ အပျက်အစီးတွေ အောက်မှာလည်း လူတွေရှိနေတုန်းပဲ”ဟု အမ်မာထရိုက်စ် မြို့တော်ဝန်က ပြောကြားသည်။ ယခု ငလျင်လှုပ်ခတ်သည့် ဒေသတွင် ၂ဝဝ၉ ခုနှစ်ကလည်း ပြင်းအား ၆ ဒသမ ၃ ရှိ ငလျင် တစ်ခုလှုပ်ခတ်ခဲ့ပြီး ထိုစဥ်က လူပေါင်း ၃ဝဝ အထိ အသက် ဆုံးရှုံးခဲ့ရသည်။
Source : http://goo.gl/95CXjY
via IFTTT

No comments:

Post a Comment