ရခိုင်ပြည်နယ်အကြံပေးကော်မရှင်တွင် ပြည်ပ ပညာရှင်များ ထည့်သွင်း ဖွဲ့စည်းရခြင်း အကြောင်းရင်း ဦးဇော်ဌေးရှင်းလင်း မိုးမင်း ရခိုင်ပြည်နယ် အရေးကိစ္စသည် နိုင်ငံတကာနှင့်ပတ် သက်မှုရှိနေပြီး အစိုးရက သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်မီခြင်းကြောင့် အကြံပေး ကော်မရှင်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နှင့် နိုင်ငံခြားသား ပညာရှင်များ ထည့်သွင်းဖွဲ့စည်းခြင်း ဖြစ်သည် ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ပြော သည်။ ‘‘မည်သို့ပင်ငြင်းဆန်စေကာ မူ ရခိုင်အရေး ပြဿနာဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပါဝင် ပတ်သက်မှုရှိတယ်။ ဖိအားရှိတယ်။ နိုင်ငံရေးအရလည်း ထိလွယ် ရှလွယ်နေတယ်။ နိုင်ငံတကာနဲ့ ဆက်စပ် ပတ်သက်နေတော့ နိုင်ငံတကာအရေး၊ နိုင်ငံခြားရေးကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်တယ်’’ ဟု သြဂုတ် ၂၆ ရက်က နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန ရုံးတွင် ပြုလုပ်သည့် အစိုးရသစ်၏ ပထမ ရက်တစ်ရာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ဦးဇော်ဌေးက ပြောကြားသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး သည် ရခိုင်ပြည်နယ်၏ သိမ်မွေ့ နက်နဲသည့် အရေးကိစ္စများကို ဖြေရှင်းရာတွင် အကြံပေးကော်မ ရှင်ကို သြဂုတ် ၂၄ ရက်က ဖွဲ့ စည်းခဲ့သည်။ အဆိုပါကော်မရှင် တွင် ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်ကို ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ကာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူး အကြံပေး ပုဂ္ဂိုလ်ဟောင်း မစ္စတာဂါ ဆန်ဆလမ်၊ ကုလသမဂ္ဂ အိတ်ချ် အိုင်ဗီနှင့် အေအိုင်ဒီအက်စ် ဆိုင်ရာ အစီအစဉ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စလက်တီတီရာ ဗန်ဒန် အာဆမ်တို့ကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်းထားခြင်းသည် နိုင်ငံတော် အမျိုးသား လုံခြုံရေးနှင့် အမျိုးသားရေး စိုးရိမ်စရာဖြစ်သည် ဟု ဝေဖန် ထောက်ပြမှုများနှင့် ပတ်သက်၍ ဦးဇော်ဌေးက ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ကော်မရှင်တွင် နိုင်ငံခြားသား ပညာရှင်များ ပါဝင်ထည့် သွင်းထားခြင်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် အဖွဲ့အ စည်းအချို့က ဝေဖန်ကန့်ကွက် ထားသည်။ ယခုဖွဲ့စည်းလိုက် သည့် ကော်မရှင်တွင် အဆိုပါ နိုင်ငံခြားသား ပညာရှင် သုံးဦးနှင့် မြန်မာနိုင်ငံသား ပညာရှင် ခြောက်ဦးကို ထည့်သွင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ အားလုံးသည် အစိုးရက သတ်မှတ်ထားသည့် ဘက်လိုက်မှု ကင်းခြင်း၊ လူအများ လေးစား၍ အတွေ့အကြုံ ရင့်ကျက်ခြင်း၊ ထင်ပေါ်ကျော်ကြားခြင်း စသည့် အချက်များနှင့်ကိုက်ညီသူများ ဖြစ်သည်ဟု ၎င်းကဆိုသည်။ ထို့အပြင်ယခင်က ရခိုင်အ ရေးနှင့်ပတ်သက်၍ ဖွဲ့စည်းခဲ့ သည့် ကော်မရှင်မှ အစီရင်ခံစာ များ ထုတ်ပြန်နိုင်ခဲ့သော်လည်း နိုင်ငံတကာ၏ တုံ့ပြန်မှု မည်သို့ရှိခဲ့ သည်နှင့် ယခုအချိန်အထိ ရခိုင် အရေးနှင့် ပတ်သက်၍ အဖြေ ထွက်နိုင်မှု မရှိခဲ့ခြင်း အပေါ်ကိုလည်း ထည့်သွင်း စဉ်းစားသင့်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။ အစိုးရသည် ယင်းကော်မ ရှင်အဖွဲ့ထံမှ အကြံပြုချက်ကိုသာ ရယူမည်ဖြစ်ပြီး ယင်းအကြံပြု ချက်အတိုင်း လိုက်နာဆောင်ရွက် မည်ဟူ၍ သတ်မှတ်ထားခြင်း မရှိကြောင်းလည်း ဦးဇော်ဌေးက တုံ့ပြန်သည်။ ‘‘အရင်အစိုးရ လက်ထက် မှာတုန်းက ပြည်တွင်း ပညာရှင်တွေနဲ့ပဲ ရခိုင်အရေး ကိစ္စစုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး လုပ်ခဲ့တာ ရှိတယ်။ ကဏ္ဍအသီးသီးအတွက် အဲဒီတုန်းက အကြံပြုချက် ၅၉ ခုရှိတယ်။ အဲဒီအကြံပြုချက် အားလုံး လုပ်စရာ မလိုဘူး။ လုပ်သင့်လား၊ မလုပ်သင့်ဘူးလား ဆိုတာ အစိုးရကသာ ဆက်ဆုံးဖြတ်တာ။ အခုပြောနေကြတဲ့ ကော်မ ရှင်က အကြံပြုချက်ကို အစိုးရက လုပ်မှာလား၊ မလုပ်ဘူးလားဆိုတဲ့ အခါမှာ အစိုးရ လုပ်ချင်လည်း လုပ်မယ်၊ မလုပ်ချင်လည်းမလုပ်ဘူး။ အကြံပြုချက်အတိုင်း လုပ်ရမယ်လို့ မရှိဘူး’’ဟု ၎င်းက ပြောသည်။ ယခုဖွဲ့စည်းလိုက်သည့် ကော်မရှင်သည် ရခိုင်ဒေသရှိ ပြည်သူများ၏ လုံခြုံရေးနှင့် အခြေခံ အခွင့်အရေးများအား အာမခံချက် ပေးနိုင်ရေးကိစ္စ၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများနှင့် အခြေခံ လူမှုဝန်ဆောင်မှု ရရှိရေး ကိစ္စများ စဉ်းစား ဆောင်ရွက်ပေးရန်၊ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ကြိုတင်ကာကွယ်ရေး၊ လူသားချင်း စာနာ ထောက်ထားမှုအကူအ ညီများပံ့ပိုးပေးရေး၊ အခွင့်အရေးများနှင့် ပြန်လည်ရင်ကြားစေ့ရေး သင့်မြတ်ရေး၊ အခြေခံ အဖွဲ့အစည်း အဆောက်အအုံများ တည်ထောင်ပေးရေး၊ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး စသည့် ကဏ္ဍများအတွက် လေ့လာသုံးသပ်မှု ပြုလုပ်၍ အကြံပြုတင်ပြရန်ဖြစ်သည်။ ထို့အပြင် ကော်မရှင်သည် ပြည်ပနိုင်ငံများတွင် ဒုက္ခသည်အ ဖြစ် ခံယူထားသူများ၏ ပင်ရင်း နိုင်ငံနှင့် နောက်ခံအကြောင်းအ ရာများ အပါအဝင် နိုင်ငံတကာ ဆက်နွှယ်မှုတို့ကိုလည်း သုံးသပ် ရမည်ဟုလည်း ဆိုသည်။
Source : http://ift.tt/2bqfT1b
via IFTTT
No comments:
Post a Comment