အမေရိကန်နှင့် ထိုင်းကုမ္ပဏီတို့က နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စက်ရုံ ဆောက်ရန် အဆိုပြုလွှာတင် ရန်ကုန်၊ သြဂုတ် ၂၄ ထိုင်းနှင့် စင်ကာပူနိုင်ငံ အခြေစိုက် အမေရိကန် ကုမ္ပဏီတို့က နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် အဆိုပြုလွှာ တင်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍမှာ အများဆုံး ဖြစ်သော်လည်း လက်ရှိ အစိုးရလက်ထက်တွင် စွမ်းအင်နှင့် ပတ်သက်၍ မူဝါဒ အပြောင်းအလဲ ရှိသောကြောင့် ရင်းနှီးမြှုပ်နှံမှုများကို အလျင်စလို လုပ်ကိုင်ခွင့် မပေးကြောင်း ယင်းဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။ “မနှစ်က ဒီလိုအချိန်မှာ စွမ်းအင်နဲ့ ပတ်သက်ပြီး အမေရိကန်ဒေါ်လာ နှစ်ဘီလီယံလောက် ခွင့်ပြုပြီးသွားပြီ။ ဒီနှစ်မှာ တစ်ခုမှ ခွင့်မပြုရသေးဘူး။ အဆိုပြုထားတဲ့ နှစ်ခုကိုလည်း ခွင့်ပြုပေးဖို့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ရဲ့ မှတ်ချက် တောင်းထားတုန်းပါ”ဟု ၎င်းကဆိုသည်။ အဆိုပါကုမ္ပဏီ နှစ်ခုသည် ပြီးခဲ့သည့် နှစ်လခန့်မှ စ၍ ရင်းနှီးမြှုပ်နှံရန် လျှောက်လွှာတင်ခဲ့ပြီး ထိုင်းကုမ္ပဏီသည် မကွေးတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၉၇ သန်း တန်ဖိုးရှိ ၂၂ဝ မဂ္ဂါဝပ်ထုတ် နေစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ ဆောက်လုပ်ရန်ဖြစ်ကာ အမေရိကန် ကုမ္ပဏီသည် မန္တလေးတိုင်း ဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာသန်း ၄၈ဝ တန်ဖိုးရှိ ၁၅ဝ မဂ္ဂါဝပ်ထုတ် နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရန် အဆိုပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်က စွမ်းအင်နှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာသန်း ၄၈၁၇ ဒသမ ၇၉ ရှိခဲ့ပြီး ယင်းကဏ္ဍတွင် တရုတ်နှင့် စင်ကာပူနိုင်ငံတို့က အများဆုံး ရင်းနှီး မြှုပ်နှံကြောင်း၊ ယခုနှစ်တွင် မူဝါဒ အပြောင်းအလဲ များကြောင့် ယခင်နှစ်ကထက်စာလျှင် ရင်းနှီး မြှုပ်နှံမှု လျော့ကျနိုင်ဖွယ် ရှိကြောင်း ယင်း ဌာနထံမှ သိရသည်။
Source : http://goo.gl/s7gbjx
via IFTTT
No comments:
Post a Comment