Tuesday, August 23, 2016


မကွေးမြို့ရှိ ရွှေဆိုင်ကို မူးယစ်ဆေးသုံးထားသည့် လူငယ်နှစ်ဦး အနုကြမ်းစီး မကွေး၊ ဩဂုတ် ၂၃ မကွေးမြို့သစ္စာလမ်းရှိ စိန်ရတနာရွှေဆိုင်ရှင် မိသားစုကို မူးယစ်ဆေးသုံးစွဲထားသည့် အသက် ၂၀ အရွယ် လူငယ်နှစ်ဦးက ခြမ်းခြောက်ကာ အနုကြမ်းစီးမှု ဩဂုတ် ၂၂ ရက် ည ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရွှေဆိုင် မိသားစုနှင့် မကွေးမြို့မရဲစခန်းထံမှ သိရသည်။ အဆိုပါဆိုင်မှ လုပ်သားများ အလုပ်ဆင်းချိန်၌ မူးယစ်ဆေးသုံးစွဲထားသည့် လူငယ်နှစ်ဦး ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ ၎င်းတို့သည် ဆိုင်တွင် တပ်ဆင်ထားသည့် CCTV ကင်မရာကို ဆွဲလှန်ခဲ့ကြောင်း ဆိုင်ရှင် ဦးအောင်ကျော်စိုးက ပြောကြားသည်။ “သူတို့ထဲက တစ်ဦးက သိန်း ၅၀ ရအောင်တောင်းဖို့ပြောတယ်လို့ သိရတယ်။ အိမ်မှာရှိတဲ့လူတွေ ဖုန်းဆက် အကြောင်းကြားတဲ့အတွက် အနုကြမ်းစီးတဲ့ လူငယ်တွေကို ၁၀ မိနစ်အတွင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု မကွေးမြို့မရဲစခန်းမှူး ဒုရဲမှူးစိန်အောင်က ပြောဆိုသည်။ ပြစ်မှုကျူးလွန်ခဲ့သူများမှာ မကွေးမြို့ ကန်သာရပ်တွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် ရန်နောင်ထွန်း (ခ) ယံယံနှင့် အသက် ၁၉ နှစ်အရွယ် ရဲမြတ်ကျော်(ခ) ရဲကြီးတို့ဖြစ်ပြီး ၎င်းတို့ထံမှ မူးယစ်ဆေးဟုယူဆရသည့် ပစ္စည်းအချို့ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း မကွေးမြို့မရဲစခန်း၏ ကနဦးစစ်ဆေးချက်များအရ သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရန်နောင်ထွန်း (ခ) ယံယံနှင့် ရဲမြတ်ကျော်(ခ) ရဲကြီးတို့ကို မကွေးမြို့မရဲစခန်းက (ပ)၁၆၅၈/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၈၄ (ခြောက်လှန့်၍ ပစ္စည်း တောင်းယူမှု) ၊ (မယ) ၇/၂၀၁၆ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၀(က)/၂၁ တို့ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
Source : http://goo.gl/soi002
via IFTTT

No comments:

Post a Comment