၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန် အစိုးရဘက်က TNLA,MNDAA နှင့် AA အဖွဲ့တို့အား လက်ရှိအချိန်အထိ ဖိတ်ကြားထားမှု မရှိသေးကြောင်းနှင့် တွေ့ဆုံဆွေးနွေးရန်လည်း ညှိနှိုင်းထားမှု မရှိကြောင်း TNLA ပြောကြား ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန် အစိုးရဘက်က တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အား လက်ရှိအချိန်အထိ ဖိတ်ကြားထားမှု မရှိသေးကြောင်းနှင့် တွေ့ဆုံဆွေးနွေးရန်လည်း ညှိနှိုင်းထားမှုမရှိကြောင်း TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောကြားသည်။ ဗိုလ်မှူးကြီး တာဖုန်းကျော်က ၎င်းတို့အနေဖြင့် ၂၁ရာစု ပင်လုံညီလာခံသို့ ပါဝင်သွားရန် အဆင်သင့်ရှိကြောင်း ထုတ်ဖော် ပြောကြားထားသော်လည်း အစိုးရဘက်က တရားဝင်ဖိတ်ကြားမှု မရှိသေးကြောင်း ပြောကြားသည်။ သြဂုတ် ၃၁ ရက်တွင် စတင်ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် ပါဝင်သွားရန် အဆင်သင့်ရှိကြောင်း TNLA,MNDAA နှင့် AA တို့က သြဂုတ် ၁၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။ “အစိုးရ ကော်မရှင်နဲ့ ဆက်သွယ်ညှိနှိုင်းမှုကတော့ မရှိဘူး။ ဒါပေမဲ့ မိုင်းလားခေါင်းဆောင်တွေနဲ့ ညှိတာပဲရှိတယ်။ UNFC ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းတာပဲရှိပါတယ်။ ကျွန်တော်တို့ တိုက်ရိုက်ညှိနှိုင်းတာတော့ မရှိပါဘူး။ သူတို့ကနေတစ်ဆင့် စကားပြောနေတာပဲ ရှိပါတယ်” ဟု ဗိုလ်မှူးကြီး တာဖုန်းကျော်က သြဂုတ် ၂၅ ရက်တွင် ပြောကြားသည်။ အစိုးရ၏ ကိုယ်စားလှယ်အဖွဲ့နှင့်TNLA,MNDAA နှင့် AA တို့မှ ခေါင်းဆောင် ကိုယ်စားလှယ်များသည် သြဂုတ် ၉ ရက်က ရှမ်းပြည်နယ် မိုင်းလားဒေသတွင် တွေ့ဆုံညှိနှိုင်းခဲ့ရာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ခွင့်ရရေး ဆွေးနွေးမှု တိုးတက်မှု မရှိခဲ့ကြောင်း ဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောကြားသည်။ အဆိုပါ ဆွေးနွေးမှုတွင် လက်နက်ကိုင် နည်းလမ်းကို အပြီးတိုင် ချုပ်ငြိမ်းရန် သဘောထားကြေညာချက် ထုတ်ပြန်မည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပြုမည်ဟု အစိုးရကိုယ်စားလှယ်အဖွဲ့ ဘက်က ပြောကြားခဲ့ကြောင်းနှင့် အဆိုပါအချက်မှာ မိမိတို့အတွက် အခက်အခဲရှိခြင်းကြောင့် အခြာ ဝေါဟာရ ပြောင်းပေးရန် တောင်းဆိုခဲ့ရာတွင် ညှိနှိုင်း၍ မရသေးသဖြင့် အစည်းအဝေး အဆုံးသတ်ခဲ့ရကြောင်း ဗိုလ်မှူးကြီးတာဖုန်းကျော်က ပြောကြားသည်။ TNLA, MNDAA အပါအဝင် NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကမူ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်သို့ တက်လှမ်းနိုင်ရန် ရည်ရွယ်လျက်လာမည့် ၂၁ ရာစု ပင်လုံ ညီလာခံသို့ UNFC အဖွဲ့ဝင် အဖွဲ့အစည်းများအနေဖြင့် အားလုံးနှင့် အတူတကွ ပါဝင် တက်ရောက်သွားမည် ဖြစ်ကြောင်း သြဂုတ် ၂၅ ရက်က ထုတ်ပြန်ထားသည်။ Writer: ဇာလီမြင့်ဦး
Source : http://ift.tt/2c3nqD5
via IFTTT
No comments:
Post a Comment