ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ဧပြီလထက် နောက်မကျဘဲပြုလုပ်မည် ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲအပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရဖွဲ့ပြီးနောက် လစ်လပ် သွားသည့် မဲဆန္ဒနယ်များအတွက် ပြုလုပ်ရန်ရှိသည့် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီလထက် နောက်မကျဘဲ ကျင်းပ သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များအဖြစ် ရွေးချယ်ခဲ့ခြင်းကြောင့် လစ်လပ်သွားသည့် ပြည်သူ့လွှတ်တော်အတွက် ခုနစ်နေရာ၊ အမျိုးသားလွှတ်တော်အတွက် သုံးနေရာနှင့် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ကွယ်လွန်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နှစ်နေရာ စုစုပေါင်း ကိုယ်စားလှယ် ၁၂ ဦးကို အသစ်ထပ်မံ ရွေးချယ်ရမည်ဖြစ်သည်။ "ဧပြီထက်တော့ နောက်မကျပါဘူး" ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲ ဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ပြောဆိုသည်။ လက်ရှိ လစ်လပ်လျက်ရှိသည့် မဲဆန္ဒနယ်များတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးမဲဆန္ဒနယ်၊ ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံရသည့် ဦးဟင်နရီဗန်ထီးယူ ကိုယ်စားပြုယှဉ်ပြိုင်ခဲ့သည့် ချင်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၃) ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၏ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၆ စသည်တို့ ပါဝင်သည်။ မြန်မာနိုင်ငံတွင် နောက်ဆုံးပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ (၂၀၁၀ နိုဝင်ဘာ ၇ ရက် အထွေထွေ ရွေးကောက်ပွဲအပြီး တစ်နှစ်ခွဲခန့် အကြာ) တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ရာ ယင်း အနေအထားအရ လာမည့် ကြားဖြတ် ရွေးကောက်ပွဲသည်လည်း ဧပြီလတွင်သာ ကျင်းပနိုင်ရန် ရာခိုင်နှုန်းများသည်။ "ရွေးကောက်ပွဲတွေရဲ့ လုပ်ရမယ့် နှစ်တွေ၊ လတွေဆိုတာကလည်း ပုံမှန် လုပ်နေကြ လအတိုင်းပဲ နိုင်ငံတကာမှာတော့ ဆောင်ရွက်ကြပါတယ်"ဟု ဦးစိုင်းကျော်သူ The Voice သို့ ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်မြင့်က ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြုလုပ်မည်ဟု ပြောဆိုခဲ့သေးသည်။နှစ်ဆန်းပိုင်းဆိုသည်မှာ ဇန်နဝါရီလမှ ဧပြီလအထိ အကျုံးဝင်ကြောင်း ဦးစိုင်းကျော်သူက ဆိုသည်။ ယင်းအပြင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလက ထည့်သွင်း ကျင်းပခဲ့ခြင်းမရှိသည့် ရှမ်းပြည်နယ် မိုင်းရှူးနှင့် ကျေးသီးမြို့နယ် မဲဆန္ဒနယ်များကိုလည်း တည်ငြိမ်အေးချမ်းပြီး လွတ်လပ် မျှတစွာ ပြုလုပ်နိုင်သည့် အခြေအနေပေးပါက ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အဆိုပါ မဲဆန္ဒနယ်နှစ်ခုအနေနှင့် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်နှစ်ဦးနှင့် ပြည်နယ် လွှတ်တော်အတွက် ကိုယ်စားလှယ်လေးဦး ရွေးချယ်ရမည်ဖြစ်ရာလာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် စုစုပေါင်း ကိုယ်စားလှယ် ၁၈ ဦးအထိ ရှိလာမည်ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ မိုင်းရှူး၊ကျေးသီး မြို့နယ်များအပြင် 'ဝ' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ပန်ဆန်း (ပန်ခမ်း)၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမောနှင့် မိုင်းလား မြို့နယ် ငါးခုတွင်လည်း လုံခြုံရေး အနေအထားအရ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ သို့သော် အဆိုပါ ငါးမြို့နယ်မှာ နယ်မြေ တည်ငြိမ်အေးချမ်းခြင်း မရှိခြင်းကြောင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များ ဖွဲ့စည်း ထားရှိနိုင်ခြင်း မရှိသည့်အပြင် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းလည်း မရှိခြင်းကြောင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ထည့်သွင်းကျင်းပရန် မသေချာသေးဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လုံခြုံရေး အနေအထားကို ဆွေးနွေးရဦးမည် ဖြစ်ကြောင်း ဦးစိုင်းကျော်သူက ပြောသည်။ အဆိုပါ မြို့နယ်ငါးခုသည် ၂၀၁၀ ပြည့်နှစ်ကလည်း ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း မရှိပေ။ ယင်းမြို့နယ် ငါးခုအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ငါးဦးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးကို ရွေးချယ်ရန် ကျန်ရှိနေဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နောက်ဆုံး ပြုလုပ်ခဲ့သည့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲ ဆန္ဒနယ် ၄၅ ခုရှိခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ၄၃ နေရာတွင် အနိုင်ရရှိခဲ့သည်။
Source : http://goo.gl/O7Hs75
via IFTTT
No comments:
Post a Comment