Monday, August 29, 2016

The Irrawaddy - Burmese Edition

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် အစိုးရတပ်မတော် တိုက်ပွဲဖြစ် ကျော်ခ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် အစိုးရတပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့အကြား သြဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စု အတွင်းရှိ SSPP/SSA ၏ လွိုင်လင် စခန်းရှိရာသို့ တပ်မတော် ခြေလျင်တပ်ရင်း (ခလရ) ၃၃၊ ၁၄၇ တို့ ဦးတည် ချီတက်လာရာမှ နှစ်ဖက်တပ်များကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြခြင်းဖြစ်ပြီး အသေ အပျောက် သတင်းမကြားရသော်လည်း နှစ်ဖက်လုံး ဒဏ်ရာရရှိမှု ရှိကြောင်း SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းဆုက ပြောသည်။ ဗိုလ်မှူးစိုင်းဆု က “တပ်မတော်က ကျနော်တို့စခန်းဘက်ကို ဦးတည်ဝင်လာတာကနေ တိုက်ပွဲဖြစ်တာ။ ဖြစ်တော့ နောက်က သူတို့လက်နက်ကြီး တပ်ကလည်း ဝိုင်းကူပစ်တယ်။ ကျနော်တို့ဘက်မှာတော့ အနည်းအကျဉ်း ဒဏ်ရာရတယ်။ တပ်မတော်ဘက်က သေတာလည်း မကြားဘူး။ ဒဏ်ရာရတာတော့ ရှိတယ်။ အဲဒီအထဲမှာ သူတို့ ခေါ်လာတဲ့ လားဟူ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့က ၃ ယောက် ဒဏ်ရာရသွားတယ်။ ဒဏ်ရာရတဲ့ လားဟူ တယောက်ကိုတောင် ကျနော်တို့ ဖမ်းမိထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ယင်းသို့ တိုက်ပွဲဖြစ်ပွားနေချိန်တွင် SSPP/SSA ခေါင်းဆောင်တချို့သည် အစိုးရက ဖိတ်ခေါ်ထားသည့် ၂၁ ရာစုပင်လုံ ညီလာခံ သို့ တက်ရန် ပြင်ဆင်နေချိန်လည်းဖြစ်ပြီး ဗိုလ်ချုပ် စိုင်းထူးဆိုလျှင် နေပြည်တော်တွင် ပြုလုပ်နေသည့် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရေး ပူးတွဲကော်မတီ အစည်းအဝေးသို့ တက်ရောက် ဆွေးနွေးနေလျက်ရှိကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာမှ တပ်မတော် စစ်ကြောင်းများ မိုင်းကောင် ဒေသဘက်သို့ ပြန်လည် ဆုတ်ခွာသွားသဖြင့် ယနေ့ တိုက်ပွဲ ဆက်မဖြစ်တော့ဘဲ ငြိမ်သက်သွားကြောင်း၊ ဖမ်းမိထားသည့် လားဟူ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်ကို လည်း ဆေးကုသပေးလျက်ရှိပြီး ပြန်လည်ပို့ဆောင်နိုင်ရန် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။ “ဒီတိုက်ပွဲက အထက်အမိန့်အရ ဆိုရင်တော့ မဖြစ်သင့်ဘူးလို့မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့က ၂၁ ပင်လုံ တက်ဖို့ ကိုယ်စားလှယ်တွေက နေပြည်တော်ရောက်တဲ့ လူရောက်၊ ရန်ကုန်ရောက်တဲ့ လူရောက်နဲ့ ၂၁ ပင်လုံတက်ဖို့ ၈၅ ရာခိုင်နှုန်းအသင့် ဖြစ်နေပြီ။ ဒီမှာက တိုက်ပွဲဖြစ်တယ်ဆိုတော့ ကောင်းတော့ မကောင်းဘူးပေါ့။ အောက်ခြေမှာ ဖြစ်တယ် ဆိုရင်တော့ နှစ်ဦးနှစ်ဖက် အဆင်ပြေသွားမယ့် အခြေအနေပါ။ တပ်မတော်ဘက်ကလည်း ထိန်းသိမ်းသွားမယ်လို့ ယူဆ ပါတယ်”ဟု ဗိုလ်မှူးစိုင်းဆုက ပြောသည်။ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ ဖြေရှင်းချက် သိရှိနိုင်ရန်အတွက် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) တို့ထံ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန် ဖြေကြားနိုင်ခြင်း မရှိပါ။ SSPP/SSA အဖွဲ့သည် ယခင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အစိုးရနှင့် တပ်မတော်က ဘဝတူ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တချို့ကို တပြိုင်တည်း လက်မှတ်ထိုးရန် ကန့်သတ်ခဲ့သဖြင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်မထိုးသေးဟု ဆုံးဖြတ်ထားသည့် အဖွဲ့ဖြစ်သည်။ SSPP/SSA အဖွဲ့သည် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တပ်ပေါင်းစုအဖွဲ့ဝင် လည်း ဖြစ်ပြီး UNFC တပ်ပေါင်းစု ခေါင်းဆောင်များနှင့်အတူ ၂၁ ရာစု ပင်လုံ ပထမ အစည်းအဝေး ပြင်ဆင်နေကြောင်း သိရ သည်။ အစိုးရက ပြုလုပ်မည့် ၂၁ ရာစု ပင်လုံ ပထမအစည်းအဝေးသည် ယခုလ ၃၁ ရက်နေ့တွင် စတင်တော့ မည်ဖြစ်သည်။ သို့သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲများရပ်ရန် အတွက် ယခုလ ၈ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော် တွင် တွေ့ဆုံပြီး ပြောဆိုခဲ့သည်။ သို့သော် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း (SSA-N)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ကြား တိုက်ပွဲ များ ဖြစ်ပွားလျက်ရှိပြီး KIA နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် တပ်မတော်ဘက်မှ လေကြောင်း တိုက်ခိုက်မှုကိုပါ အသုံးပြုခဲ့သည်ဟု ဆိုသည်။
Source : http://goo.gl/uhPXaK
via IFTTT

No comments:

Post a Comment