၂ သိန်းဝန်းကျင် ဖုန်းဝယ်ရန် စဉ်းစားနေသူများအတွက် “Asus ZenFone Max Pro M1” ယနေ့ Review လုပ်ပေးမယ့် စမတ်ဖုန်းကတော့ ASUS ရဲ့ ZenFone Max Pro M1 ဖုန်းဖြစ်ပါတယ်။ ZenFone Max Pro M1 ဟာ ၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်းက ထွက်ရှိလာတဲ့ မော်ဒယ်သစ်ဖုန်းတလုံးဖြစ်ပြီး၊ ဈေးနှုန်းကတော့ အနိမ့်ဆုံးမော်ဒယ် (3GB+32GB) ကို မြန်မာငွေ ကျပ်၂၁၉၀၀၀ ဈေးနှုန်း ရှိပါတယ်။ ZenFone Max Pro M1 ဟာ လတ်တလော Mid-range လို့ခေါ်ဆိုနိုင်တဲ့ Specifications တွေနဲ့ ထွက်ရှိ လာပြီး ဈေးနှုန်းကတော့ ၂ သိန်းစွန်းစွန်းပဲ ရှိတဲ့အတွက် ပြည်တွင်းဖုန်းဈေးကွက်မှာ လူကြိုက်များနေတဲ့ ဖုန်းတလုံးလည်း ဖြစ်ပါတယ်။ ဒီဖုန်းက ဘာကြောင့် လူကြိုက်များနေလဲ၊ ညွှန်းကြသလို ကောင်းရဲ့လားဆိုတာ လေ့လာကြည့်ရအောင်။ ဒီဇိုင်း လူတိုင်း ဖုန်းဝယ်ရင် ပထမဆုံးကြည့်တဲ့ အချက်ဖြစ်တဲ့ ဒီဇိုင်းကနေ စပြီး လေ့လာကြည့်ရအောင်။ ZenFone Max Pro M1 ဟာ အခုခေတ်စားနေတဲ့ Bezel-less Design နဲ့ ဖြစ်ပေမယ့်၊ ASUS ဟာ တခြားဖုန်းတွေလို တလုံးနဲ့ တလုံး မခွဲနိုင်တဲ့ ဒီဇိုင်းပုံစံမျိုး မသုံးထားဘဲ ZenFone တွေနဲ့ ဒီဇိုင်းထုံးစံ မပျက်ဖြစ်အောင် သုံးထားတာ တွေ့ရပါတယ်။ Notch မသုံးထားတဲ့အတွက် Display နေရာ မဆိုစလောက် ပိုနည်းသွားပေမယ့်၊ Notch မကြိုက်တဲ့သူတွေ သဘောကျမယ့် Full Display ဖုန်းတလုံးဖြစ်ပါတယ်။ ဖုန်းဘောင်တွေက အသေးဆုံးထဲမှာ မပါပေမယ့်၊ အရမ်းလည်း သိသာမှု မရှိပါဘူး။ Screen အပြည့် ဖုန်းတလုံး ကိုင်ရတဲ့ Feeling အပြည့်ကို ခံစားနိုင်မှာပါ။ အလူမီနီယမ် ကိုယ်ထည်ပြည့်ကို သုံးစွဲထားတယ်လို့ ဆိုပေမယ့် Alloy ဖြစ်ဖို့များပြီး ပလတ်စတစ် အရသာ နည်းနည်း ခံစားရပါတယ်။ ရှေ့ဘက်ကိုလည်း 2.5D Curved Glass အသုံးပြုထားတဲ့အတွက် ၂ သိန်းတန်ဖုန်းဆိုပေမယ့် တန်ဖိုးကြီး ဖုန်းတလုံး ပုံစံပေါက်ပါတယ်။ ဖုန်းကျောဘက်မှာ ဒေါင်လိုက် Dual Camera ကို အသုံးပြုထားပြီး၊ Dual Camera မှန်း မသိသာမှာ စိုးတဲ့ အတွက် ကင်မရာနှစ်လုံးကြားမှာ Dual Camera လို့ပါ ရေးထားပါသေးတယ်။ ZenFone Max Pro M1 ရဲ့ ဒီဇိုင်းကို ခြုံငုံပြောရမယ်ဆိုရင် သိသိသာသာ ထူးခြားတဲ့ ဒီဇိုင်း မဟုတ်ပေမယ့်၊ ပေးရတဲ့ တန်ဖိုးထက် ပိုတဲ့ အမြင်မျိုး ရှိပါတယ်။ Display ZenFone Max Pro မှာ ၅.၉၉ လက်မအရွယ်၊ 18:9 Display ကို အသုံးပြုထားပြီး၊ IPS LCD Display Panel နဲ့ ဖြစ်ပါတယ်။ Resolution အနေနဲ့ 2160×1080 pixels (FHD+) ကို အသုံးပြုထားပြီး၊ Display အရည်အသွေးက စိတ်ကျေနပ်စရာပါပဲ။ အလင်းအမှောင်ပြတ်သားမှုကောင်းပြီး ထောင့်ပေါင်းစုံကနေလည်း ကောင်းကောင်းကြည့်ရှုနိုင်ပါတယ်။ sRGB လို Color Mode တွေ စုံစုံလင်လင် မရွေးနိုင်တာ တခုတော့ အားနည်းချက ်ရှိပါတယ်။ ၆ လက်မ အရွယ် အတွက် FullHD Resolution သုံးပေးထားတာကတော့ ချီးကျူးစရာ တချက်ပါ။ ရုပ်ထွက်အရည်အသွေး ကောင်းမွန်တာကြောင့် ဓာတ်ပုံ၊ ဗီဒီယိုတွေ ကြည့်ရတာ တော်တော် အဆင်ပြေပါတယ်။ ကင်မရာ ZenFone Max Pro M1 ကို အထူးချီးကျူးသင့်တဲ့အချက်ထဲမှာ ကင်မရာက ထိပ်ဆုံးကပါဝင်ပါတယ်။ ကြော်ငြာ ထားတဲ့ အတိုင်း အထူးသဖြင့် Low-light မှာ စိတ်ကျေနပ်စရာ ကောင်းပါတယ်။ အကောင်းဆုံး အရည်အသွေး မဟုတ်ပေမယ့် တန်ဖိုးတူဖုန်းတွေနဲ့ Low-light ယှဉ်ရိုက်ရင်တောင် Noise ပိုနည်းပြီး၊ အရောင် ပြတ်သားမှုလည်း ပိုကောင်းတာကို တွေ့ရပါတယ်။ OnePlus 5 နဲ့ Low-light ယှဉ်ရိုက်တာတောင် ZenFone Max Pro m1 က နည်းနည်း ပိုသာတာ တွေ့ရပါတယ်။ Ambient Light ကို အသုံးချနိုင်စွမ်းကောင်းမွန်ပြီး၊ အရောင်တွေက တမင်စိုအောင် ပြင်ထားမှန်းသိသာပေမယ့်လည်း ရလဒ်သပ်ရပ်ကောင်းမွန်တာကြောင့် အပြစ်ပြောစရာမရှိပါဘူး။ နေ့ဘက် Outdoor ရိုက်ချက်တွေမှာလည်း အရောင်အသွေး စိုလင်ကောင်းမွန်ပေမယ့်၊ နည်းနည်းဝေးဝေးက ပုံရိပ်တွေ မှာတော့ ပြတ်သားမှု အားနည်းတာ တွေ့ရပါတယ်။ အနီးကပ်ရိုက်ကူးချက်တွေမှာတော့ စိတ်ကျေနပ်မှု ရှိပါတယ်။ နေ့ဘက်ကတော့ တခြားတန်ဖိုးတူဖုန်းတွေနဲ့ သူမသာကိုယ်မသာ လောက်ပါပဲ။ Bokeh effect တွေ ရိုက်ကူးရာမှာလည်း Foreground နဲ့ Background ခွဲခြားမှုတွေ တိကျသေရပ်ပြီး၊ လူမဟုတ်တဲ့ Object တွေကိုလည်း Bokeh effect ကောင်းကောင်းပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် Bokeh effect ကို Processing လုပ်တာ၊ Image Save တာတွေကတော့ နည်းနည်းကြာပါတယ်။ Pro Mode မပါဝင်ပေမယ့် HDR နဲ့ Sports, flowers, sunset, beach စသဖြင့် Scene mode တွေ ပါဝင်တဲ့အတွက် အလွယ်တကူရိုက်ကူးနိုင်မှာပါ။ ကင်မရာရဲ့ နောက်ထပ်ကောင်းမွန်တဲ့တချက်ကတော့ ကျောကင်မရာနဲ့ 4K Video တွေပါ ရိုက်ကူးနိုင်တာပါ။ ဒီဈေးဝန်းကျင် ဖုန်းထဲမှာ 4K ရိုက်နိုင်တာ နည်းနည်းရှားတဲ့အတွက် ဒါကတော့ လက်မထောင်သင့်တဲ့ အချက်တခုပါပဲ။ Performance and Software ZenFone Max Pro M1 မှာ Snapdragon 636 SoC ကို အသုံးပြုထားပြီး၊ Xiaomi ရဲ့ Redmi Note 5 Pro, Redmi Note 5 with AI Dual Camera တို့နဲ့ Chipset အတူတူပါပဲ။ ဒါပေမယ့် ASUS ZenUI မသုံးဘဲ Android 8.1 Oreo Pure Android ကိုပဲ အသုံးပြုထားတာကလည်း ဒီဖုန်းရဲ့ အဓိကဆွဲဆောင်မှု တချက်ပါ။ အထူးသဖြင့် ရိုးရိုးရှင်းရှင်း Interface နဲ့ Android စစ်စစ်အရသာကို ကြိုက်တဲ့သူတွေ နှစ်သက်မှာပါ။ Camera, Calculator, FM Radio နဲ့ Sound Recorder တို့ကတော့ စိတ်ကြိုက် ASUS Apps တွေဖြစ်ပါတယ်။ Settings ထဲမှာလည်း ZenMotion gestures လိုမျိုး ASUS ရဲ့ Features တွေ ဖြည့်ထားပေမယ့်၊ Overall ကတော့ Pure Android ခံစားမှု မပျက်ပါပဲ။ Face Unlock စနစ်လည်း ပါဝင်တာ တွေ့ရပါတယ်။ Face Unlock ကတော့ Low-light မှာ နည်းနည်းလေး အလုပ်မလုပ်ချင်တာမျိုး ရှိပေမယ့်၊ ASUS ဘက်က software updates တွေ ထုတ်လာတဲ့အခါ ပိုကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်။ GeekBench စစ်ဆေးမှုအရ Single Core နဲ့ Multicore အမှတ်တွေမှာ ပြိုင်ဘက်ဖုန်းတလုံးဖြစ်တဲ့ Redmi Note 5 Pro ထက် မဆိုစလောက်လေး အမှတ်ပိုတာ တွေ့ရပါတယ်။ Antutu 7 မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ZenFone Max Pro M1 ဟာ အခုလူဆော့များနေတဲ့ PUBG Mobile ကို နဂိုအခြေအနေနဲ့ Medium လောက်မှာ ကောင်းကောင်းဆော့နိုင်ပြီး၊ ကစားရတာ သွက်လက်မှု ရှိပါတယ်။ ဒါပေမယ့် အချိန်ကြာကြာ ဆက်တိုက် ဆော့ရင်တော့ နည်းနည်းပူလာပြီး Frame Rate ကျပြီး ထစ်ချင်သလိုလို ဖြစ်လာနိုင်ပါတယ်။ အပူက ကိုင်ထားရင် မသိသာပေမယ့် ဂိမ်းထဲမှာတော့ Performance နည်းနည်း သိသာလာပါတယ်။ ZenFone Max Pro M1 ကို အကြိုက်ဆုံးအချက်တွေ ပြောပါဆိုရင် ကင်မရာနဲ့ ဘက်ထရီကို ပြောရမှာပါ။ ဘက်ထရီက 5,000 mAh ဘက်ထရီကို အသုံးပြုထားတာကြောင့် တော်တော်လေးအသုံးခံပါတယ်။ တနေကုန် ဂိမ်းဆော့လိုက်၊ ဖုန်းသုံးလိုက် လုပ်နေရင်တောင် အသုံးခံပါတယ်။ ဘက်ထရီအသုံးခံသလို ပြန်သွင်းရတာလည်း တော်တော်လေး ကြာပါတယ်။ အားအပြည့်သွင်းဖို့ကို ၃ နာရီနီးပါးလောက် ကြာပါတယ်။ ဘက်ထရီကြီးလို့ အားသွင်းကြာတာလို့ ငြင်းချက် ထုတ်နိုင်ပေမယ့် ဒီအမြန်နှုန်းကတော့ အခုခေတ်စံနှုန်းနဲ့ ကြည့်ရင် နှေးတယ်လို့ ဆိုရမှာပါ။ ပြီးတော့ ASUS ကတော့ Fast Charging ပါတယ်လို့ ပြောထားပေမယ့် ဘာ Fast Charging မှန်း သေချာ မပြောထားဘဲ ပုံမှန် 10W Charging ပဲ ဖြစ်ပါတယ်။ ဒီတော့ တနေကုန်အပြင်ထွက်မယ်ဆိုရင် မသွားခင်ဖုန်းအားအပြည့်သွင်းထားဖို့နဲ့ ဖုန်းအားကုန်ခါနီးအထိ မသုံးဖို့ အကြံပေးချင်ပါတယ်။ ပြန်သွင်းရတာ တကယ်စိတ်မရှည်ပါဘူး။ အဆုံးသတ် သုံးသပ်ချက် ASUS ZenFone Max Pro M1 ရဲ့ အဓိကအားသာချက်တွေကတော့ ဒီဈေးနှုန်းနဲ့ Pure Android ကိုင်ရမယ်၊ SIM ကတ်ကလည်း SIM နှစ်ကတ်နဲ့ microSD ကတ်ပါ တပြိုင်တည်းသုံးနိုင်တဲ့ သုံးကတ်ထိုးဖြစ်မယ်၊ ၆ လက်မနီးပါး ကိုယ်ထည်ပြည့် Display နဲ့လည်း ဂိမ်းဆော့၊ရုပ်ရှင်ကြည့် ကောင်းကောင်းလုပ်လို့ရမယ်။ ကင်မရာကလည်း သူ့ဝန်းကျင်ထဲမှာ အကောင်းဆုံးနီးပါးအရည်အသွေးရှိတယ်။ ဘက်ထရီလည်း ကြာရှည်ခံပါမယ်။ အားနည်းချက်ကတော့ ဘက်ထရီပြန်သွင်းရတာကြာမယ်၊ ဗီဒီယို Recording က EIS တွေ ဘာတွေ မပါတဲ့အတွက် တုန်ခါမှုဒဏ် တော်တော်လေး ခံရမယ်၊ ဖုန်းကျောဘက်က လက်ဗွေရာထင်လွယ်တယ်၊ Matte finish ဖြစ်တာကြောင့် နည်းနည်း မွဲခြောက်ခြောက်နိုင်တာတို့ ရှိပါမယ်။ ဒါပေမယ့် အားနည်းချက်တွေက အားသာချက်တွေနဲ့ ပြန်ထေကြည့်ရင် မေ့ထားလို့ရပါတယ်။ အထူးသဖြင့် ၂ သိန်းစွန်းစွန်းလောက်နဲ့ ဘာဖုန်းဝယ်ရင်ကောင်းမလဲ စဉ်းစားနေသူတွေအတွက် ထည့်စဉ်းစားသင့်တဲ့ ဖုန်းကောင်း တလုံးဖြစ်ကြောင်း တင်ပြရင်း ညွှန်းဆိုလိုက်ပါတယ်။ The post ၂ သိန်းဝန်းကျင် ဖုန်းဝယ်ရန် စဉ်းစားနေသူများအတွက် “Asus ZenFone Max Pro M1” appeared first on ဧရာဝတီ.
Source : https://ift.tt/2K1k8Nn
via IFTTT
No comments:
Post a Comment