မကရင်မ အမှု ဓာတ်ပုံ၊ ရုပ်သံ ရိုက်ကူးခွင့် တားမြစ်ရန် တပ်မတော် အရာရှိ စာပို့ အိမ်အကူ မကရင်မ အမှုနှင့် ပတ်သက်၍ သံသယရှိသူအား သတင်း မီဒီယာများက ဓာတ်ပုံနှင့် ရုပ်သံ ရိုက်ကူးခွင့်ကို ယနေ့ ရုံးချိန်း ကစ၍ တရားရုံးက တားမြစ် လိုက်သည်။ သံသယရှိသူ ဒေါ်သိင်္ဂီစု၏ ခင်ပွန်း ဖြစ်သူ တပ်မတော် အရာရှိ တဦးက ရုံးချိန်း၌ သတင်း မီဒီယာများ ဓာတ်ပုံ၊ ရုပ်သံများ ရိုက်ကူးခွင့်ကို ကန့်သတ်ရန် တရားရုံးနှင့် မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီသို့ စာပေးပို့ခဲ့ကြောင်း ရန်ကုန်တိုင်း သံလျင်မြို့နယ်ရှိ တောင်ပိုင်း ခရိုင် တရားရုံးက သိရသည်။ မကရင်မ အမှု၏ ပဉ္စမ အကြိမ်မြောက် ရုံးချိန်းမှ စတင်၍ တောင်ပိုင်းခရိုင် တရားရုံးသည် သတင်းထောက်များ သတင်း ရယူ ရာတွင် ပရဝုဏ် အတွင်း၌ ဓာတ်ပုံနှင့် ရုပ်သံ သတင်း ရယူခွင့်ကို ကန့်သတ်ခဲ့သည့် အပြင် ယခင် ရုံးချိန်းများတွင် ရိုက်ကူးခဲ့သည်များကိုပါ အသုံးမပြုရန်လည်း တောင်ပိုင်းခရိုင် တရားရုံး၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ယူထားသူ ဦးမိုးဝေ က ပြောသည်။ ဦးမိုးဝေ က “ဇူလိုင်လ ၄ ရက်နေ့ ရက်စွဲနဲ့ ပြီးခဲ့တဲ့ ရုံးချိန်းပြီးမှ ဝင်လာတာ။ အဲဒီ စာက စာတိုက်ကနေ ပို့တာ။ ကျနော်တို့ဆီ တိုက်ရိုက် ပု့ိတာ မဟုတ်ဘူး” ဟု ပြောသည်။ နှိပ်စက်ခံရသည့် ဒဏ်ရာများနှင့် သေဆုံးသွားသည့် မကရင်မ အမှုကို ဇူလိုင် ၂၅ ရက်တွင် ပဉ္စမ အကြိမ်မြောက် ရုံးထုတ်ခြင်း ဖြစ်သည်။ ဦးမိုးဝေက “အဲဒီတော့ အချုပ်က ထုတ်တာနဲ့ အချုပ်ကားပေါ် တင်တာတွေ မသုံးဖို့ ပြောချင်ပါတယ်” ဟု ပြောဆိုသည်။ ဒေါ်သိင်္ဂီစု၏ ခင်ပွန်းသည် လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာ တပ်ရင်းမှ တပ်မတော် အရာရှိ တဦး ဖြစ်ကြောင်း သိရ သည်။ သတင်း မီဒီယာ ကောင်စီ အနေဖြင့် သတင်းထောက်များကို ဓာတ်ပုံ သို့မဟုတ် ရုပ်သံ ရိုက်ကူးခြင်း မပြုရန် တားမြစ်ခွင့် မရှိ ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အတွင်းရေးမှူး ဦးသီဟစော က ဧရာဝတီသို့ ပြောသည်။ “သတင်းသမားတွေကို ဘာမလုပ်ရဘူး။ ညာမလုပ်ရဘူး အဲဒီလိုလုပ်ဖို့ အခွင့်အာဏာ ကောင်စီမှာ မရှိဘူး”ဟု ၎င်းက ပြောဆိုသည်။ တရားလို ရှေ့နေ ဒေါ်စန်းစန်းမြင့် က “ဓာတ်ပုံ မရိုက်ပါနဲ့ ဆိုတာ Complain ပေါ့။ အရပ်သား တရားခံဆို ကျနော်တို့ကို ဒီလို ဓာတ်ပုံ ရိုက်နေပါတယ်။ ရိုက်ခွင့် မရှိပါဘူးလို့ ဘယ်သူ့ကိုမှ Complain မတက်ရဲဘူး။ အခု သူက ကွန်ပလိန်း တက် ရဲတယ် ဆိုတော့ သူတို့မှာ အားကိုးစရာ တခုခု ရှိနေလို့ပေါ့” ဟု ပြောသည်။ တောင်ပိုင်းခရိုင် တရားရုံး၌ ပြီးခဲ့သည့် ရုံးချိန်း လေးကြိမ် စလုံးတွင်မူ ဓာတ်ပုံနှင့် ရုပ်သံ သတင်းရယူခွင့်များ ကန့်သတ် ခြင်း မရှိခဲ့ပေ။ အခြားသော အမှုများတွင်လည်း ယင်းသို့ ကန့်သတ်သည့် အဖြစ်အပျက်မျိုး မရှိခဲ့ကြောင်း ဦးမိုးဝေက ဆိုသည်။ သို့သော်လည်း ယခုကဲ့သို့ ကန့်သတ်မှုသည် သံသယသူ၏ ခင်ပွန်းပေးပို့သော စာကြောင့် တားမြစ်ခြင်း မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ သံသယရှိ သူ၏ ရှေ့နေအား ဧရာဝတီက မေးမြန်းရာတွင် ဖြေကြားခြင်း မရှိပေ။ ဖြစ်စဉ်မှာ လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိရိပ်သာရှိ တပ်မတော် အရာရှိတဦး နေအိမ်တွင် မကရင်မ သည် အိမ်အကူ လုပ်ကိုင်နေရာမှ နှိပ်စက်ခံရမှုကြောင့် ဒဏ်ရာများဖြင့် သေဆုံးသွားသဖြင့် သံသယရှိသူ အဖြစ် အရာရှိကတော် ဒေါ်သိင်္ဂီစုကို ဖမ်းဆီးပြီးနောက် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ သတင်း မီဒီယာ ဥပဒေ အခန်း ၃၊ အပိုဒ် ၄ (က) တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုင်ရာတို့၏ လုပ်ငန်း ဆောင်ရွက်မှုများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ လွတ်လပ်စွာ ဝေဖန် ထောက်ပြ အကြံပြု ရေးသားခွင့် ရှိသည်ဟု ပြဋ္ဌာန်း ထားသည်။ အပိုဒ် ၄ (ခ) တွင်လည်း နိုင်ငံသားတိုင်း သိခွင့်ရှိသော သတင်း အချက်အလက်များနှင့် သဘောထား အမြင်များကို ကျင့်ဝတ် စည်းကမ်းနှင့်အညီ စုံစမ်းဖော်ထုတ် ရေးသားခွင့်နှင့် သတင်း ထုတ်လွှင့်ခွင့်တို့ ရှိသည်။ ထို့ပြင် အပိုဒ် ၄ (ဂ) တွင်လည်း နိုင်ငံသားတဦး၏ အခွင့်အရေး ဆုံးရှုံးမှုဆိုင်ရာ ကိစ္စရပ်များကို ဖော်ထုတ် ရေးသားခွင့် ရှိ သည် ဟု ပြဋ္ဌာန်းထားသည်။ The post မကရင်မ အမှု ဓာတ်ပုံ၊ ရုပ်သံ ရိုက်ကူးခွင့် တားမြစ်ရန် တပ်မတော် အရာရှိ စာပို့ appeared first on ဧရာဝတီ.
Source : https://ift.tt/2Og9GVt
via IFTTT
No comments:
Post a Comment