ကြွေးကျန် သိန်း ၃ သောင်းကျော် ပြည်သူ့ဘဏ္ဍာ မဟုတ်ဟု မန်းတိုင်း ဝန်ကြီးချုပ်ဟောင်း ရှင်း မန္တလေးတိုင်းအစိုးရအဖွဲ့ဟောင်းမှ ကြွေးကျန် ကျပ် သိန်း ၃ သောင်းကျော်သည် ပြည်သူ့ဘဏ္ဍာများ မဟုတ်သည့်အတွက် လက်ရှိအစိုးရအဖွဲ့ထံ ပြန်လည်ပေးသွင်းရန် မဖြစ်နိုင်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဟောင်း ဦးရဲမြင့်က ပြောသည်။ ဇူလိုင်လ ၂၆ ရက် မန္တလေးမြို့တွင် ပြုလုပ်သော မန္တလေးတိုင်း အစိုးရအဖွဲ့ဟောင်း၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက “ဒီငွေတွေက ပြည်သူ့ဘဏ္ဍာတွေလည်း မဟုတ်သလို အစိုးရငွေလည်း တပြားမှ မပါပါဘူး။ မြေမဲ့ယာမဲ့ လုပ်ကိုင်စားသောက်နေသူတွေကို ကူညီနိုင်ဖို့အတွက် မန္တလေးက စီးပွားရေးလုပ်ငန်းရှင်တွေ စေတနာအလျောက် ထည့်ဝင်ကူညီခဲ့တဲ့ငွေတွေပါ” ဟု ပြောသည်။ ယခင်အစိုးရလက်ထက်က မန္တလေးတိုင်းအတွင်း ကျေးလက်ဒေသများရှိ ပြည်သူများ၏ စားဝတ်နေရေး ဘဝအဆင်ပြေစေရေး စီမံခန့်ခွဲနိုင်ရန် ရန်ပုံငွေတခု ထူထောင်လိုသည့်အတွက် မန္တလေးတိုင်းရှိ စေတနာရှင်များ၊ လုပ်ငန်းရှင်များအား ခေါ်ယူရှင်းပြခဲ့ပြီး ၎င်းတို့က ကူညီခဲ့သည့် ငွေကြေးများဖြစ်သည်ဟု ဆိုသည်။ ၎င်းရန်ပုံငွေအတွက် မန္တလေးတိုင်းအခြေစိုက် စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးကျော်က သန်း ၄ ထောင်ကျော် မတည်ကူညီခဲ့ပြီး ၎င်းငွေများအား မြဝတီဘဏ်တွင် အပ်နှံကာ ကျေးလက်ဒေသရှိ ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးအတွက် ၂ ကျပ်အတိုးနှုန်းဖြင့် တနှစ်ချေးငွေများ ချထားပေးခြင်းဖြစ်သည်ဟု သိရသည်။ သို့သော် ပြီးခဲ့သော ဇွန်လကုန်က ပြုလုပ်ခဲ့သည့် မန္တလေးတိုင်းအစိုးရ၏ ဒုတိယ ၁ နှစ်ပြည့်ကာလအတွင်း ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် လက်ရှိ တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုင်းအစိုးရအဖွဲ့ဟောင်းမှ ပေးစရာ ငွေကြွေးကျန်များနှင့် ပတ်သက်၍ စာရင်းစစ်ချုပ်အစီရင်ခံစာကို ဖတ်ကြားခဲ့ရာ ငွေပမာဏစုစုပေါင်း သိန်းပေါင်း ၃၃၀၀ ကျော်ဖြစ်ကြောင်း ဆိုသည်။ ၎င်းသတင်းစာရှင်းလင်းပွဲတွင် လက်ရှိ မန်းတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က “ဒီငွေတွေဟာ ပြည်သူ့ငွေ တွေဖြစ်ပါတယ်။ ဒါကြောင့် စာရင်းရှင်းရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာတွေဆီကိုလည်း ပို့ပေးပြီးဖြစ်တယ်။ ပြည်သူ့ငွေတွေ အကြွေးတင်ထားပြီးရင် လျော်လို့မရပါဘူး။ ဆပ်ကို ဆပ်ရမှာပါ” ဟု ပြောကြားခဲ့သည်။ အထက်ပါကိစ္စနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့ဟောင်းက ယနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ရှင်းလင်းခြင်းဖြစ်ပြီး ၎င်းငွေများသည် ပုဂ္ဂလိက စေတနာရှင်များ၏ အလှူငွေများဖြစ်ပြီး လက်ရှိတွင် ၎င်းငွေကြေးများအား မန္တလေးတိုင်းရှိ ပြည်သူများ ကျန်းမာရေး၊ ပညာရေးအတွက် ပရဟိတပြုလုပ်နိုင်ရန် “ရတနာပုံ” ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး ၎င်းဖောင်ဒေးရှင်းရန်ပုံငွေများအဖြစ် အစိုးရအာဏာ မလွှဲခင်က ပေးခဲ့ပြီးဖြစ်ကြောင်း ဦးရဲမြင့်က မီဒီယာများအား ရှင်းပြသည်။ “ကျနော်တို့အစိုးရလက်ထက်က ပြည်သူတွေအတွက် ကိုယ့်ဉာဏ်စွမ်းနဲ့ရှာခဲ့တဲ့ ပုဂ္ဂလိကပိုင် ပိုက်ဆံ တွေလေ။ နောက် အစိုးရကိုတော့ ဘယ်လွှဲခဲ့ပါ့မလဲ” ဟု တိုင်း လျှပ်စစ်နှင့် စက်မှုဝန်ကြီးဟောင်း ဦးကျော်မြင့်က ဧရာဝတီကို ပြောသည်။ ထို့ကြောင့် အဆိုပါငွေကြေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတထံလည်း ပြီးခဲ့သည့်လ ၁၈ ရက်က စာတင်ထားပြီး တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာ ကြည့်ရှုခွင့်ပေးရန် မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ယနေ့ စာတင်ထားပြီးဖြစ်ကြောင်း သိရသည်။ မန္တလေးတိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ စာရင်းစစ်ဆေးတွေ့ရှိချက်တွင် ၂၀၁၇ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရန်ပုံငွေစာရင်း ငွေစုစာအုပ် S302 (မြဝတီဘဏ်) ၏ လက်ကျန်ငွေ ကျပ် သန်း ၂၃၀၀ ကျော်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ရန်ပုံငွေ စာရင်းရရှိရန် ထုတ်ချေးငွေကိစ္စတွင် အနီးစခန်း ပြင်ဦးလွင် ပန်းပွဲရုံ ချေးငွေ ကျပ် ၁၀ သန်း၊ မီးလင်းရေးချေးငွေ ကျပ် ၃၆၉.၆ သန်း၊ စဉ့်ကူးမြို့နယ် အမက ၂၇ ကျောင်းသို့ ချေးငွေ ၄၃ သန်း၊ မန္တလေးတိုင်းအစိုးရအဖွဲ့ ရန်ပုံငွေ စာရင်း OA-020448 နှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် မတ်လအထိ လက်ကျန်ငွေ ကျပ် ၂.၆ သန်းကျော်ပြန်လည် ပေးသွင်းရန်၊ ကျေးလက်ဒေသများသို့ မိုဘိုင်းဖုန်း Sim ကတ်များ အရစ်ကျ ရောင်းရာမှာ ၂ ရာခိုင်နှုန်းပေးသွင်းရန် ကျန်ရှိငွေ ၇၆.၉ သန်းကျော် တို့ ကျန်ရှိကြောင်း သိရသည်။ ထို့အတူ ၂၀၁၂-၁၃ ပညာသင်နှစ်က ကျောင်းသုံးဗလာစာအုပ် အခမဲ့ဖြန့်ဝေခြင်းအတွက် တန်ဖိုးကျပ် ၉၇.၁၁၅ သန်း၊ ပျော်ဘွယ်မြို့မဈေး မီးလောင်သည့်အတွက် ပြန်လည်တည်ဆောက်ရန် မတည်ငွေ ကျပ် သန်း ၅၀၊ မန္တလေးတိုင်းအစိုးရအဖွဲ့သည် တောင်ဝင်စက်မှုလက်မှု ကုမ္ပဏီနှင့် အကျိုးတူဆောင်ရွက်ခြင်း တွင် မြေဧက ၄၆ ဏက အခမဲ့ချထားခြင်းနှင့် ကျပ် သန်း ၃၇၅ အစုရှယ်ယာ ပိုင်ဆိုင်ထားသော်လည်း အကျိုးအမြတ် တစုံတရာ မရရှိခြင်းတို့ကိစ္စဖြစ်ရာ စုစုပေါင်း ငွေကျပ် သိန်း ၃ သောင်းကျော်ဖြစ်ကြောင်း သိရသည်။ အဆိုပါကိစ္စများအနက် ပြည်သူ့ပိုင်ငွေကြေးမဟုတ်၍ ပုဂ္ဂလိကဖောင်ဒေးရှင်း ရန်ပုံငွေအဖြစ် ရောက်ရှိ သွားသောငွေကြေးများအား လက်ရှိအစိုးရအဖွဲ့ထံ ရှင်းလင်းပြောကြားပြီး ဖြစ်သကဲ့သို့ ထုတ်ချေးငွေ ပြန်လည်ပေးသွင်းရန်ကိစ္စနှင့် အကျိုးအကြောင်း ဖော်ပြရှင်းလင်းရန် လိုအပ်သည့်ကိစ္စများ သည် သက်ဆိုင်ရာ တာဝန်ရှိဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် ကိစ္စများသာ ဖြစ်သည်ဟု ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့်က ပြောသည်။ The post ကြွေးကျန် သိန်း ၃ သောင်းကျော် ပြည်သူ့ဘဏ္ဍာ မဟုတ်ဟု မန်းတိုင်း ဝန်ကြီးချုပ်ဟောင်း ရှင်း appeared first on ဧရာဝတီ.
Source : https://ift.tt/2OhyLPT
via IFTTT
No comments:
Post a Comment