တတိယအကြိမ် ၂၁ ရာစု ပင်လုံကို အနီးကပ် ကြည့်ရှုခြင်း (၃) မြောက်ပိုင်း ၇ ဖွဲ့အလားအလာ မြောက်ပိုင်းအဖွဲ့များအနေနှင့် ယခုအကြိမ် လာရောက်ရာတွင် ဒုတိယအကြိမ် ပင်လုံ လာစဉ်ကထက် နှိုင်းစာလျှင် အစိုးရ၊ တပ်မတော်နှင့် PC မှ တာဝန်ရှိသူများ၏ ပျော့ပြောင်းနွေးထွေးစွာ ကြိုဆိုခြင်းခံရသည်ဟု သဘောထားကြပါသည်။ သို့သော် ဆက်လက် တွေ့ဆုံများပြုလုပ်၍ လမ်းကြောင်း ရှာဖွေသွားရန် လိုအပ်သည်ဟု ကချင် လွတ်လပ်ရေး တပ်မတော် (KIA) မှ ဗိုလ်ချုပ် ဂွန်မော်က ဆိုပါ သည်။ PC မှ တာဝန်ရှိသူများကလည်း တတိယပင်လုံပြီးပါက အမြန်ဆုံး ဆက်လက် တွေ့ဆုံ သွားမည်ဟု ဆိုကြပါသည်။ သို့သော် ကျော်လွှားရမည့် ဆွေးနွေးဖြေရှင်းစရာ ပြဿနာများ ရှိပါသေးသည်။ ပထမ ပြဿနာမှာ NCA လက်မှတ်ထိုးရေး ဖြစ်သည်။ မြောက်ပိုင်း ၇ ဖွဲ့အနေနှင့် မူလဖွဲ့စည်းစဉ်က NCA လမ်းကြောင်းမဟုတ်ဘဲ သီးခြားလမ်းကြောင်းက သွားမည် ဟု ဆိုထား ခဲ့သော်လည်း အစိုးရနှင့် တပ်မတော်က NCA ကိုသာ ရပ်ခံထားခြင်း၊ တရုတ်ကလည်း NCA လက်မှတ်ရေးထိုး ရန် ၂၀၁၆ ခုနှစ်မှစ၍ တောက်လျှောက် တိုက်တွန်း လာခြင်းတို့ကြောင့် NCA သည် မရှောင်မလွှဲသာ စမှတ်တခုအဖြစ် စဉ်းစားရသည့် အခြေသို့ ဆိုက်ရောက်နေပေသည်။ တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ ကို တက်ရောက်လာသော ရက္ခိုင့် တပ်မတော် (AA) မှ ဒေါက်တာ ညိုထွန်းအောင် / ဧရာဝတီ KIA/SSPP/TNLA/AA/MNDAA တို့သည် မူလ EAOs ညီလာခံများတွင် ပါဝင်ခဲ့ကြပြီး UNFC အဖွဲ့ဝင်ဟောင်းများ ဖြစ်ကြ ရာ NCA သည် ၎င်းတို့နှင့် မစိမ်းခဲ့ပေ။ NCA နှင့် ပတ်သက်၍ အကြိမ်ကြိမ် ဆွေးနွေးခဲ့ဖူးသူများ ဖြစ်သည့်ပြင် ၂၀၁၅ စက်တင်ဘာ ၉ ရက်နေ့က သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် အားလုံးပါဝင်ရေးကို ရပ်ခံခဲ့ကြပြီး TNLA/MNDAA/ AA အဖွဲ့ ၃ ဖွဲ့ကို သာ ထိုစဉ်က လက်ခံခဲ့ပါက NCA လက်မှတ် ရေးထိုးခဲ့ကြပြီးပြီး ဖြစ်သည်။ ထိုအဖွဲ့ ၅ ဖွဲ့အနေနှင့် NCA သည် စိမ်းလှသည် မဟုတ်ပေ။ NCA ထိုးရန်မလိုဟု မူလကတည်းက ရပ်ခံခဲ့သည့် အဖွဲ့ ၂ ဖွဲ့မှာ UWSA နှင့် NDAA တို့ဖြစ်သည်။ ဦးသိန်းစိန်အစိုးရ လက် ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အားနည်းချက်တခုမှာ NCA နှင့်ပတ်သက်၍ အဆိုပါ အဖွဲ့နှစ်ဖွဲ့ သီးခြား ဆွေးနွေး ခဲ့ခြင်း လည်း မရှိ၊ အခြား EAOs များနှင့်အတူလည်း ဆွေးနွေးခဲ့ခြင်းမရှိဘဲ အခြား EAOs များနှင့် ဆွေးနွေးပြီး NCA ရလဒ် ထွက် လာမှ ထိုနှစ်ဖွဲ့အား NCA လက်မှတ် သွားထိုးခိုင်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း တရုတ်၏ ဆက်တိုက် ဖိအားပေး တိုက်တွန်းမှုများကြောင့် ၂၀၁၈ ခုနှစ် အစောပိုင်း PC မှ တာဝန်ရှိသူများ နှင့် UWSA တာဝန်ရှိသူများ တွေ့ဆုံရာတွင် NCA နှင့် ပတ်သက်၍ UWSA က သဘောထား ပြောင်းလဲ ဖော်ပြခဲ့သည်ကို တွေ့ရ သည်။ ထိုသဘောထားကို တတိယ ညီလာခံတွင် UWSA က စာဖြင့်အတည်ပြု ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ ထိုသဘော ထား မှာ NCA အား ပြင်ဆင်ခွင့်နှင့် သဘောမကျပါက NCA မှ နုတ်ထွက်ခွင့်ရှိပါက NCA လက်မှတ်ထိုးရေးကို UWSA က စဉ်းစားပေးမည် ဆိုခြင်းဖြစ်သည်။ အဆိုပါ သဘောထားနှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူများက ဆက်လက် ညှိနှိုင်း၍ ရနိုင်ကြောင်း မှတ်ချက် ပြုထားပါသည်။ သို့သော် NCA ပါ သဘောတူညီချက်များ ချို့ယွင်းချက် ရှိနေ၍ စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း၊ နိုင်ငံ ရေး ဆွေးနွေးမှု မူဘောင်မှာလည်း ချို့ယွင်းချက်ရှိနေ၍ အရေးကြီးသော နိုင်ငံရေး ပုဒ်မတိုင်း သဘောတူညီချက် မရကြ ကြောင်း နှင့် မြန်မာပြည် မြောက်ပိုင်း စစ်မရပ်တန့်နိုင်ခြင်းမှာ TNLA/AA/MNDAA အဖွဲ့ ၃ ဖွဲ့ကို အသိအမှတ် မပြုဘဲ စစ်ရေး အရ အပြုတ်တိုက်ရေးလမ်းစဉ် ကိုင်စွဲထား၍ဖြစ်ကြောင်း တတိယပင်လုံ ညီလာခံ ကာလအတွင်း ၂၀၁၈ ခုနှစ် ဇူလိုင် လ ၁၁ ရက်နေ့ ရက်စွဲနှင့် ထုတ်ပြန်သော UWSA ၏ ဆွေးနွေး တင်ပြချက်တွင် ဖော်ပြထားပါသည်။ မည်သို့ပင်ဖြစ်စေ UWSA အနေနှင့် NCA လက်မှတ် ရေးထိုးရေးကို စဉ်းစားသည့် အခြေအနေရှိသည်ကို တွေ့ရှိရသည်။ NDAA မှာ မူလကထဲက ပျော့ပြောင်းသော သဘောထားရှိသည့် အဖွဲ့ဖြစ်ပြီး စစ်ရေးအရ တပ်မတော်နှင့် UWSA ကြားတွင် ရပ်တည်နေသော ဒေသလည်းဖြစ်သည်။ UWSA အဖွဲ့ NCA လက်မှတ်ရေးထိုးပါက NDAA အဖွဲ့အနေနှင့် NCA လက်မှတ် ရေးထိုးရန် ခက်ခဲမည် မဟုတ်ပေ။ သို့ ဖြစ်ရာ တတိယအကြိမ် ပင်လုံညီလာခံ နောက်ပိုင်း မြောက်ပိုင်း ၇ ဖွဲ့ NCA လက်မှတ် ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်ရေးသည် မဖြစ်နိုင်သော အရာတော့ မဟုတ်ပေ။ တရုတ်၏ကြားဝင်မှု၊ တွန်းအား ပေးမှုများ အောက်တွင် ညှိနှိုင်း၍ရသော အရာဖြစ်၍ လာသည်။ လက်တွေ့ ညှိနှိုင်းကြရန် သာ လိုအပ်ပါသည်။ ဒုတိယပြဿနာမှာ TNLA/MNDAA/AA အဖွဲ့ ၃ ဖွဲ့ ပြဿနာ ဖြစ်ပါသည်။ အဆိုပါ ၃ ဖွဲ့အား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွင်း တရားဝင် အဆင့်နေရာအား အသိမှတ်ပြုခြင်း ဖြစ်သည်။ တတိယ ၂၁ ရာစုပင်လုံတွင် ဒုကာချုပ်နှင့် တွေ့ဆုံရာတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်ရန် လမ်းဖွင့်ထားသည်ဟု ဆိုခဲ့ သည်။ ထို့အတူ PC မှတာဝန်ရှိသူများက အဆိုပါ ၃ ဖွဲ့အား NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန် သဘောထားရှိပြီးဟု ဆိုသည်။ သို့သော် တရားဝင် အတည်ပြု ထုတ်ပြန်ခြင်းတော့ မရှိသေးပါ။ တရားဝင်မှု လို အပ် နေပါသေးသည်။ ထိုသုံးဖွဲ့နှင့် ပတ်သက်သည့် သဘောထားမှာ ထိုသုံးဖွဲ့အနေနှင့် “လက်နက်ကိုင် တော်လှန်ရေး စွန့်လွှတ်ကြောင်း” ကြေ ညာ ချက် ထုတ်ပြန်ပေးရမည်။ ထိုသို့ ထုတ်ပြန်ပြီးနောက် အစိုးရနှင့် ထို ၃ ဖွဲ့တို့ Bilateral ထိုးမည်။ ပြီးလျှင် NCA လက်မှတ် ရေးထိုး ခွင့်ပြု မည်ဟု ဆို သည်။ ထိုသဘောထားကို ၂၀၁၆ ခုနှစ် ထို ၃ ဖွဲနှင့် PC တွေ့ခဲ့စဉ်ကလည်း တကြိမ် ဖော်ပြပြီးဖြစ်သည်။ ထိုစဉ်ကလည်း ထိုအသုံးအနှုန်းကို လက်မခံ၍ ပထမအကြိမ် ညီလာခံဖိတ်ကြားမည့် အစီအစဉ်ပျက်ခဲ့ ဖူးသည်။ ဤဝေါဟာ ရ နှင့် ပတ်သက်၍ နှစ်ဖက်လက်ခံနိုင်သည့် အသုံးအနှုန်းကို ရှာဖွေညှိနှိုင်းရန် လိုသည်။ ဤအချက်မှာ ဝေါဟာရ စကားလုံး သက်သက် ပြဿနာ မဟုတ်၊ မူဝါဆိုင်ရာ ပြဿနာလည်း ဖြစ်နေသည်။ တိုင်းရင်းသားများက “လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းသွားမည်” ဆိုသော ဝေါဟာရကို လိုလား ကြပုံ ရသည်။ ဤအချင်းအရာနှင့် ဆက်နွယ်၍ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) ဒု ဥက္ကဋ္ဌ တာခူးလန် က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား NCA လက်မှတ် ရေး ထိုးပြီး သတ္တိရှိရှိ ဝင်ရောက်ရန် တိုက်တွန်းခြင်းနှင့် ပတ်သက်ပြီး ၎င်းတို့ ပလောင်များ အနေနှင် သတ္တိရှိခဲ့ပြီ ဖြစ်ကြောင်း၊ လက်နက် စွန့်လွှတ်ပါက မိမိ ပလောင်ဒေသ ဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအား အစိုးရက တာဝန်ယူမည် ဆို၍ ၂၀၀၅ ခုနှစ်က လက်နက် စွန့်လွှတ်ခဲ့ပြီ ဖြစ်ကြောင်း၊ သို့သော် မိမိတို့ ပလောင်များ လက်နက်စွန့်ပြီးနောက် ဒေသတွင်း လုံခြုံရေး ကင်းမဲ့ လာသည့်ပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း အများအပြား ဖြစ်လာပြီး ဒေသခံ ပလောင် မိသားစုများ မူးယစ်ဆေးစွဲပြီး ပျက်စီးမှုများ ကြုံလာခြင်း၊ ဒေသလုံခြုံရေး အတွက် လက်နက် ၄၀၀ ပြန်လည် ထုတ်ပေးရန် တင်ပြတောင်းဆို ခဲ့သော် လည်း ခွင့်ပြုခြင်း မရှိခဲ့ကြောင်း၊ ထို့ပြင်ဒေသတွင်း ဖွံ့ဖြိုးရေးများလည်း လုပ်ဆောင် ပေးခြင်းမရှိ၊ လမ်းတမိုင် မဆိုထားနှင့် တထွာပင် ဖောက်မပေးသည့်အခြေအနေတွင် မိမိတို့ ပလောင်များ ပြန်လည် လက်နက်ကိုင်ခဲ့ရသည်ဟု ဆိုခဲ့ပါသည်။ ထိုသို့သော အခြေအနေ အောက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွင်း အားလုံးပါဝင်နိုင်ရေး အတွက် လမ်းစ ရှာနေဆဲ မှာပင် စိတ်မကောင်းစရာ သတင်းတပုဒ် ပေါ်ထွက်လာသည်။ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) ဒု ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာခူးလန် / ဧရာဝတီ ၎င်းမှာ TNLA တပ်ဖွဲ့မှ အမျိုးသမီးဆေးမှူး ၆ ဦးအား တပ်မတော် စစ်ကြောင်းတခုမှ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ဖမ်းမိပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ည ၈ နာရီတွင် TNLA သတင်း ပြန်ကြားရေးက သတင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ စစ်မြေပြင်တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားပြီး သေဆုံးခဲ့ကြလျှင် သီးခြားပြောစရာရှိမည် မဟုတ်သော်လည်း ဖမ်းမိပြီးမှ အသတ်ခံရသည် ဆိုပါက ကျင့်ဝတ်ပြဿနာဖြစ်ပြီး လက်ခံနိုင်ဖွယ်မရှိပေ။ တပ်မတော် ဘက်က အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ တိုက်ပွဲတွင် အသေ ရမိခြင်းဖြစ်သည်ဟု သတင်း ထုတ်ပြန်ပါသည်။ မည်သို့ပင်ဖြစ်စေ ဤကိစ္စသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ထိခိုက်နိုင်သည်ဖြစ်၍ သေချာစွာ စုံစမ်းစစ်ဆေး၍ အမှန် အတိုင်း ဖြစ်စေရန် လိုအပ်သည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်တွင် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) မှ ရဲဘော် ၃ ဦးနှင့် အရပ်သားတဦး သတ်ဖြတ်ခံခဲ့ရ သည့် ဖြစ်ရပ် ပေါ်ပေါက် လာခဲ့ရာ ယနေ့တိုင် ဖြေရှင်း နေရဆဲဖြစ်သည်။ ထို့ပြင် UNFC နှင့် NCA လက်မှတ် ရေးထိုးရေး ဆွေးနွေးစဉ် ပြသနာဖြစ်ပွား ခဲ့ခြင်းဖြစ်ရာ KNPP က ယနေ့တိုင် NCA လက် မှတ် မထိုးနိုင်သေးဘဲ ဖြစ်နေခြင်းသည် ထိုဖြစ်ရပ်ကလည်း အရေးပါသော အကြောင်းအချက် တခုဖြစ်ခဲ့သည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် ကာလတွင်း၌ အောက်ခြေမှ ခြေလွန်လက်လွန် ပြုမူမှုများသည် ငြိမ်းချမ်းရေးကို ထိ ခိုက်နိုင်သည် ဖြစ်ရာ အထက်အဆင့်ဆင့်မှ ကြပ်မတ်ရန် လိုအပ်ပေသည်။ ထို့ပြင် ထိုဖြစ်ရပ်များ နှင့် ပတ်သက်၍ အမှန်အတိုင်းဖြစ်စေခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေး အတွက် အရေး ပါသည်။ ထို့အတူ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် တပ်မတော်၏ သဘောထားသည် အထက်ပိုင်းတွင်သာမက အောက်ခြေ ပိုင်းတွင်ပါ ဖော်ပြရန် လိုအပ်နေပါသည်။ တတိယပြဿနာမှာ အားလုံးအတူတကွ လက်မှတ်ရေးထိုးရေး ပြဿနာဟု ဆိုရပါမည်။ အစိုးရနှင့် တပ်မတော်ဘက်က လက်ရှိ အချိန်ထိ FPNCC ကို အသိမှတ်မပြုပါ။ PC ကတာဝန်ရှိသူ၏ အဆိုအရ Bilateral ထိုးထားသော အဖွဲ့ ၄ ဖွဲ့ ဖြစ် သည့် KIA/ SSPP/UWSA/NDAA တို့ကို NCA ထိုးဖို့ လက်ခံမည်ဟု ဆိုသည်။ (သို့သော် KIA သည် Bilateral အပြည့်အဝ မထိုးရသေးပါ)။ ကျန် ၃ ဖွဲ့မှာ ကြေညာချက် ထုတ်ပြန်ပြီးပါက Bilateral အရင်ထိုးမည်။ ပြီးမှ NCA ထိုးခွင့်ပြု မည်ဟု ဆို သည်။ မြောက်ပိုင်း အဖွဲ့များဘက်က ရပ်ခံမှုမှာ အားလုံးအတူတကွ ပါဝင် လက်မှတ်ရေးထိုးရေး ပါဝင် ဆွေးနွေးရေး ဖြစ်သည်။ SSPP ဒုဥက္ကဌ စဝ်ခွန်ဆိုင်းက SSPP သည် အားလုံး ပါဝင်ရေးမူကို ဆက်လက် ကိုင်စွဲထားဆဲဖြစ်ပြီး အားလုံးပါဝင်မှ NCA လက်မှတ် ရေးထိုးမည် ဖြစ်သည်ဟု ဆိုခဲ့ပါသည်။ တတိယအကြိမ် ၂၁ ရာစု ပင်လုံကာလအတွင်း FPNCC သဘောထားအဖြစ် AA မှ ဒေါက်တာ ညိုထွန်းအောင်၏ ဆွေးနွေး တင်ပြချက် တစောင်ထုတ် ပြန်ရာတွင် FPNCC မှအဖွဲ့အစည်း အသီးသီးသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ် ဆိုပြီးနောက် နိုင်ငံရေးဆွေးနွေးမှုကို FPNCC အနေနှင့် ပြုလုပ်သွားမည်ဟု ဆိုထားသည်။ ဤနေရာတွင် FPNCC အဖွဲ့ များသည် NCA ရေးထိုးရေးအား တပြိုင်တည်းလုပ်မည် မလုပ်မည်နှင့် ပတ်သက်၍ သဲကွဲခြင်း မရှိဟု ဆိုနိုင်သည်။ PC ကတော့ ၄ ဖွဲ့ နှင့် ၃ ဖွဲ့ခွဲ၍ လုပ်ရန်ဖြစ်စေ၊ UWSA/NDAA/SSPP/KIA တို့ထဲမှ တဖွဲ့ချင်းကို ခွဲထုတ်၍ဖြစ်စေ၊ NCA ရေးထိုးစေရန် ဖြစ်စေ အားသန်လျက်ရှိပြီး ယခုနှစ်ဆန်း ကတည်းက ထိုသို့ NCA လက်မှတ် ရေးထိုးလာစေရန် ကြိုးပမ်းနေ သည် ကို တွေ့မြင်ရသည်။ သို့ဖြစ်ရာ မြောက်ပိုင်း ၇ ဖွဲ့ အတူတကွ NCA လက်မှတ် ရေးထိုးရေး ဆိုသည်မှာလည်း ဆွေးနွေး ဖြေရှင်းစရာ ပြဿနာ တခု အဖြစ် ရှိနေဆဲဖြစ်သည်။ စတုတ္ထ ပြဿနာအဖြစ် ကျော်လွှားရမည့် အချက်မှာ မြောက်ပိုင်းအဖွဲ့က ညီလာခံအတွင်း တင်ပြထားခဲ့သည့် နိုင်ငံရေး ဆွေး နွေးမှု အပိုင်းတွင် FPNCC နှင့် ပြည်ထောင်စု အစိုးရတို့ တိုက်ရိုက် နိုင်ငံရေး ဆွေးနွေးသည့်ပုံစံကို ပြုလုပ်သွားမည် ဆိုသည့် အချက်ဖြစ်သည်။ ထိုအချက်အရ မြောက်ပိုင်းအဖွဲ့များသည် အစိုးရနှင့် တိုက်ရိုက်နိုင်ငံရေး ဆွေးနွေးမည့်ပုံစံအား ဖော်ပြ ထားပြီး အစိုးရနှင့် တပ်မတော် ဘက်ကမူ NCA လက်မှတ်ရေးထိုးပြီးနောက် NCA အင်စတီကျူးရှင်းများ ဖြစ်သည့် UPDJC ၊ JMC ၊ NCA အကောင် အထည် ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) တို့တွင် ပါဝင် ဆွေးနွေးရေး ဖြစ်သည်။ သို့ဖြစ်ရာ ထိုအချက်အားလည်း ဆွေးနွေးဖြေရှင်း ကျော်လွှားရန် လိုအပ်နေသည် ဟု ဆိုရပါမည်။ UNFC နှင့် NSCN – K ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် UNFC အဖွဲ့ဝင် မွန်ပြည်သစ် ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်း အရုံး (LDU) နှစ်ဖွဲ့ NCA လက်မှတ် ရေးထိုးခဲ့သည်။ ထို့နောက် NCA လုပ်ငန်းစဉ်ထဲတွင် ထိုနှစ်ဖွဲ့ပါဝင်နေပြီ ဖြစ်သည်။ ရခိုင် အမျိုးသား ကောင်စီ (ANC) အား PC အနေနှင့် သီးခြားဆွေးနွေးမှု မပြုတော့ဟု ဆိုသည်။ လက်ရှိ KNPP နှင့် ဆွေး နွေး မှုများ ပြုလုပ်နေသော်လည်း NCA ထိုးသည့် အဆင့်သို့ မရောက်သေးပေ။ တတိယ အကြိမ် ၂၁ ရာစု ပင်လုံ တွင် လည်း KNPP အား ဖိတ်ကြားခဲ့၍ တက်ရောက်ခဲ့သော်လည်း NCA ထိုးရေးအတွက် ဆက်လက် ညှိနှိုင်းဆဲဖြစ်သည်။ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ – ကပ်ပလန် (NSCN-K) ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန် / ဧရာဝတီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စကတည်းက ပါဝင်လာခဲ့သော ANC အား ယခု ချန်ထားသည်မှာ သင့်လျော်ပါ၏လော စဉ်းစား ဖွယ် ဖြစ်သည်။ တမျိုးတဖုံ ထည့်သွင်း စဉ်းစားပါက ပို၍ကောင်းမည်ဟု ယူဆမိသည်။ လက်ရှိအချိန်တွင် အင်အားချိနဲ့သွားသည့် UNFC သည် ဆက်လက် တည်ရှိနေသေးသည်လော သို့မဟုတ် ပျက်ပြယ် သွားပြီလော ဆိုသည်မှာလည်း ပြောဆိုရန် ခက်ခဲနေပေသည်။ မြောက်ပိုင်းရှိ KIA/SSPP တို့နှင့် မူလ UNFC အဖွဲ့ဝင်များကား အဆက်အစပ် ရှိနေဆဲဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ တွင် ပါဝင်ခွင့်ရကြပါက ပြန်လည်နီးစပ်မှု ရလာနိုင်ပါသည်။ မိမိတဦးချင်း အမြင်အရ NSCN – K နာဂ အဖွဲ့နှင့်ပတ်သက်၍ လောလောဆယ်တွင် သီးခြား ဖြေရှင်းသည်က ပို၍ ကောင်း ပါသည်။ တတိယ ပင်လုံနှင့် သဘောတူညီမှုများ ဒုတိယ ပင်လုံနှင့် တတိယ ပင်လုံကြား တနှစ်နီးပါးကြာခဲ့သည့် ပထမအကြောင်းမှာ NCA ပါ အမျိုးသားအဆင့် နိုင်ငံရေး ဆွေး နွေးပွဲများ ကျင်းပရေးနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှုအား ဖြေရှင်းနိုင်ခြင်း မရှိ၍ ဖြစ်သည်။ ယနေ့တိုင် ရှမ်း၊ ရခိုင်တို့တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ခြင်း မရှိသေးပေ။ ဒုတိယ အချက်မှာ နိုင်ငံရေးကဏ္ဍ၌ အရေးပါသော တိုင်းရင်းသား အခွင့်အရေးနှင့် ပတ်သက်၍ လည်းကောင်း၊ လုံခြုံရေး ကဏ္ဍနှင့်ပတ်သက် ၍ လည်းကောင်း သဘောတူညီမှု ရယူနိုင်ခြင်း မရှိ၍ဖြစ်သည်။ ပင်လုံညီလာခံ ခေါ်ဆိုကျင်းပပါက မည်သို့ဖြစ်စေ ပြည်ထောင်စု သဘောတူညီချက် ရယူရမည်ဖြစ်ရာ သဘောတူညီချက် ရယူနိုင်မည့် အချက်တချို့အား ရွေးထုတ်ပြီး အဓိက ညှိမရသည့် နိုင်ငံရေးကဏ္ဍမှ တိုင်းရင်းသား အခွင့်အရေး ပြဿနာနှင့် လုံခြုံရေး ကဏ္ဍအား ချန်လှပ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ ကို တက်ရောက်လာသော တိုင်းရင်းသူ အမျိုးသမီးများ / ဧရာဝတီ လက်ရှိညီလာခံတွင် နိုင်ငံရေးကဏ္ဍ၌ ထည့်သွင်းဆွေးနွေးသည်မှာ လည်း ကျား/မ ခွဲခြားမှု ပြဿနာသာ ဖြစ်ခဲ့သည်။ မည်သို့ဆိုစေ ဤသို့ကျင်းပခြင်းဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အသက်ဆက်ခဲ့သည်ဟု ဆိုနိုင်သည်။ ကောင်းသည့် ဘက်က ကြည့်လျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သူများ ထိတွေ့ခွင့် ရရှိသောကြောင့် ယုံကြည်မှုနှင့် နားလည်မှု ပိုမို တည်ဆောက်နိုင်သည့် အခွင့်အလမ်းရခဲ့သည်။ ထို့ပြင် ဖြတ်ကျော်ရမည့် နိုင်ငံရေး သဘောတူညီချက်များနှင့် ပတ်သက်ပြီး ပို၍လေးနက်စေပါသည်။ ထို့ပြင်မြောက်ပိုင်း အဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်း ပါဝင်လာရေး အတွက် နည်းလမ်းများ ရှာဖွေထိတွေ့နိုင်ခဲ့သည်ဟု အကောင်း ဘက် က တွေးဆနိုင်ပါသည်။ သို့သော် တတိယအကြိမ် ပင်လုံညီလာခံမှ တွေ့ရှိရသည်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ပါဝင်ရေးအတွက် NCA ထိုး ရေး သည် ပြဿနာတရပ် ဖြစ်သကဲ့သို့ NCA ထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ပါကလည်း အရေးကြီးသည့် သဘော တူညီချက်များ ရရှိရေးသည်လည်း လွယ်ကူလှသည် မဟုတ် ဆိုသည့် အချက်ပင်ဖြစ်သည်။ တကယ်တမ်း အားဖြင့်လည်း နိုင်ငံရေး သဘောတူညီချက်များ မရပါက မြေယာ၊ စီးပွားရေး စသည့်ကဏ္ဍများတွင် သဘော တူညီချက်ရယူရန် ခက်ခဲပေရာ မူလက မြေယာကဏ္ဍ၌ သဘောတူညီချက် ၄ ချက်ရယူရန် ရည်မှန်းထားခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က တနေကုန် ပြုလုပ်သည့် UPDJC အစည်းအဝေးတွင် သဘောတူညီမှု မရသည့် အချက် ၂ ချက် ချန်ထားခဲ့ရသည်ကို တွေ့ရပါသည်။ တတိယအကြိမ် ၂၁ ရာပင်လုံ ညီလာခံတွင် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၂ အဖြစ် နိုင်ငံရေးကဏ္ဍ အခြေ ခံမူ အချက် ၄ ချက်၊ စီးပွားရေးကဏ္ဍ အခြေခံမူ အချက် ၁ ချက်၊ လူမှုရေးကဏ္ဍ အခြေခံမူ အချက် ၇ ချက်၊ မြေ ယာ နှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ အခြေခံမူ အချက် ၂ ချက် စုစုပေါင်း ၁၄ ချက် ပြည်ထောင်စု သဘောတူညီချက် အစိတ် အပိုင်း ၂ အဖြစ် သဘောတူညီချက် ရခဲ့သည်ကိုတွေ့ရသည်။ ဒုတိယအကြိမ် ညီလာခံတွင် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၁ အဖြစ် နိုင်ငံရေးကဏ္ဍ အခြေခံမူ ၁၂ ချက်၊ စီးပွားရေးကဏ္ဏ အခြေခံမူ ၁၁ ချက်၊ လူမှုရေးကဏ္ဍ အခြေခံမူ ၄ ချက်၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ အခြေခံမူ ၁၀ ချက်၊ စုစုပေါင်းအခြေခံမူ ၃၇ ချက် ရရှိခဲ့ရာ အခြေခံ မူ ၅၁ ချက် သဘောတူခဲ့ပြီ ဖြစ်သည်။ အနာဂတ် ရည်မှန်းချက် အခြေအနေ ၂၁ ရာစုပင်လုံညီလာခံအား ၂၀၁၈ ခုနှစ်အတွင် တကြိမ်၊ ၂၀၁၉ ခုနှစ်အတွင်း ၂ ကြိမ်ပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း ၂၀၂၀ အတွင်း ကျင်းပမည့် ငြိမ်ချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ NLD အစိုးရ၏ အချိန် သတ်မှတ်ချက်အား မတွေ့ရသော်လည်း တပ်မတော်၏ အချိန်ကန့်သတ်မှု အား စတင်တွေ့ရသည်။ တဖက်က ဆိုရလျှင်လည်း အချိန် အကန့်အသတ်မရှိ ဆွေးနွေးနေမည် ဆိုသည်မှာလည်း နည်းလမ်း မကျ။ အဓိပ္ပာယ် လည်း မရှိပေ။ သို့သော် လက်ရှိ အချိန်ကန့်သတ်မှုများ အတိုင်း ပြီးမြောက်အောင်မြင်ရန် လွယ်ကူ လှသည်တော့ မဟုတ် ပေ။ ဦးစွာအားဖြင့် သတ်မှတ်ချိန်အတိုင်း ပြီးမြောက်အောင် ဆောင်ရွက်လိုပါက UPDJC တွင် အချိန်ဇယား ရေးဆွဲ ဆောင်ရွက် ရန် လိုအပ်သည်။ ဒုတိယ အချက်မှာ ဆွေးနွေးညိနှိုင်းမှုများတွင် ပါသောဘက်အားလုံး လက်ခံနိုင်သည့် အဖြေတခု ရှာနိုင်ဖို့ ဖြစ်သည်။ မိမိရပ်ခံထားသော မူဝါဒကိုသာ ကိုယ်စီမြဲမြံစွာ ဆုပ်ကိုင်ထားကြမည် ဆိုပါက ညှိနှိုင်းအဖြေရှာရန် ခက်ခဲပေမည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအား ကာကွယ်မည်ဟု ခံယူထားသည့် တပ်မတော်ကမူ ၂၀၀၈ အခြေခံဥပဒေ မှန်ကန်ကြောင်း သက်သေ ပြနေမည်သာ ဖြစ်သကဲ့သို့ တိုင်းရင်းသားများကလည်း မိမိအခွင့်အရေးဘက်က ရပ်ခံနေမည်သာ ဖြစ်ပေသည်။ ငြိမ်းချမ်းရေး အကျိုးဆောင်များ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကာလတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် Ms Christine Schraner Burgener သည် လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ဂျပန် အစိုးရ၏ အထူးကိုယ်စားလည်နှင့် နိပွန် ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ရိုဟေး ဆာဆာ ကာဝါ သည် လည်းကောင်း၊ တရုတ် အစိုးရ အာရှ ရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန် သည် လည်းကောင်း ရောက်ရှိနေပြီး အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ မြန်မာပြည် ငြိမ်းချမ်းရေးတွင် အစဉ်တစိုက် ပါဝင်နေသော သံတမန်များအနက် တတိယအကြိမ် ၂၁ ရာစု ပင်လုံ တွင် တရုတ်သံတမန်တို့က ရှေ့တန်းရောက်နေပေသည်။ တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ ကို တက်ရောက်လာသော တရုတ်နိုင်ငံမှ ငြိမ်းချမ်းရေး အကျိုးဆောင် မစ္စတာ ဆွန်ကော့ရှန် / ဧရာဝတီ တရုတ်တို့၏ OBOR မျော်မှန်းချက်နှင့်အတူ ပြီးခဲ့သောရက်ပိုင်း အတွင်း က တရုတ်-မြန်မာ နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ဇုန် ၃ ခု (ကန်ပိုက်တီး၊ မူဆယ်၊ ချင်းရွှေဟော်) တည်ဆောက်ရေး MOU အပါအဝင် MOU ၅ ခု လက်မှတ် ရေးထိုးခဲ့သည်ဟု ဆိုပါသည်။ သို့ဖြစ်ရာ ရှေ့လာမည့် မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွင်း တရုတ်တို့ OBOR အကျိုးစီးပွား ယှက်နွယ်မှုများကို တွေ့မြင်ရမည် ဖြစ်ပေရာ ထိုအချင်းအရာသည် မြန်မာပြည် ငြိမ်းချမ်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အလေးထားရမည့် အကြောင်းအရာ ဖြစ်လာတော့မည် ဖြစ်သည်။ ထို့ပြင် တရုတ် တို့သည် ၎င်းတို့ စီးပွားရေး စီမံကိန်းများ၏ ကာလအနားသတ်များပေါ် တည်မှီပြီး မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြားဝင် ညှိနှိုင်းပေးသည်ထက် ပို၍ တွန်းတွန်းတိုက်တိုက် ဖိအားပေး ဆောင်ရွက်လာဖွယ် ရှိသည်ဟု သုံးသပ် ရပါသည်။ ။ (မောင်မောင်စိုးသည် ဖက်ဒရယ်နှင့်တိုင်းရင်းသားရေးရာ သုတေသီတဦးဖြစ်သည်။) ဆက်စပ် ဖတ်ရှုရန် – တတိယအကြိမ် ၂၁ ရာစု ပင်လုံကို အနီးကပ် ကြည့်ရှုခြင်း (၁) တတိယအကြိမ် ၂၁ ရာစု ပင်လုံကို အနီးကပ် ကြည့်ရှုခြင်း (၂) The post တတိယအကြိမ် ၂၁ ရာစု ပင်လုံကို အနီးကပ် ကြည့်ရှုခြင်း (၃) appeared first on ဧရာဝတီ.
Source : https://ift.tt/2uY9vpL
via IFTTT
No comments:
Post a Comment