ဇူလိုင် ၂၄ ဖားကန့်မြေပြိုမှု သေဆုံးသူ အနည်းဆုံး ၂၇ ဦး ရှိနိုင် မြန်မာနိုင်ငံ ကျောက်စိမ်းမှော်တခုတွင် နောက်ဆုံးဖြစ်ပွားသည့် မြေစာပုံပြိုကျမှုကြောင့် အနည်းဆုံး လူ ၂၇ ဦး သေဆုံးမည်ဟု စိုးရိမ်နေရပြီး သည်းထန်သော မိုးကြောင့် အသက်ရှင်နေသေးသူများကို ကယ်ဆယ်ရန် လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာနေသည်ဟု ရဲတပ်ဖွဲ့ ကိုးကားပြီး AFP သတင်းတပုဒ်က ဆိုသည်။ စည်ကမ်းထိန်းသိမ်းမှု လျှော့ရဲပြီး အကျင့်ပျက်ခြစားမှုများကြောင့် ကျော်ကြားလှသည့် ဒေါ်လာ သန်းပေါင်းများစွာ တန်သော ကချင်ပြည်နယ်မှ ကျောက်စိမ်းလုပ်ငန်းတွင် အသေအပျောက်များသော ဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပွားလျှက်ရှိကာ အများအားဖြင့် ထိခိုက်နစ်နာရသူများမှာ ဆင်းရဲသော အသိုင်းအဝန်းများမှ လာသူများဖြစ်သည်။ ယခုနောက်ဆုံးဖြစ်ပွားသော မြေပြိုမှုသည် ဇူလိုင်လ ၂၄ ရက်နေ့ အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဖြစ်ပွားခဲ့ပြီး ဆင်းရဲနွမ်းပါးသော ရဝမ်လူမျိုးစု အများစုပါဝင်သည်ဟု ဒေသခံ ရဲအရာရှိ အောင်ဇင်ကျော်က AFP သတင်းဌာနသို့ ပြောခဲ့သည်။ “အလောင်းတလောင်းမှ ရှာမတွေ့သေးဘူး။ ကြက်ခြေနီတွေ မီးသတ်တွေနဲ့ ဒီနေ့ဆက်ရှာမယ်” ဟု သူက ပြောသည်။ လူဦးရေ ၇၀၀၀၀ ခန့်သာ ကျန်တော့ပြီး အများအားဖြင့် ခရစ်ယာန်များဖြစ်ကြသော အသေးငယ်ဆုံး လူမျိုးစုဖြစ်သည့် ရဝမ် များသည် တောတောင်ထူထပ်သော မြောက်ပိုင်းဒေသတွင်သာ နေထိုင်ကြပြီး ယင်းတို့အနက် အများစုမှာ တရားမဝင် ကျောက်တူးဖော်သော လုပ်ငန်းကို လုပ်ကိုင်ကြသည်။ လုပ်ထုံးအနည်းငယ်သာရှိပြီး ကြီးကြပ်ကွပ်ကဲမှု မရှိသလောက် ဖြစ်သော ထိုကျောက်တူးဖော်ရေး လုပ်ငန်းသည် အဓိက အားဖြင့် တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် အလွန် အကျိုးအမြတ်များသော်လည်း အန္တရာယ်များပြီး အထူးသဖြင့် စိုစွတ်သော ရာသီများတွင် ပိုမိုဆိုးရွားသည့် အန္တရာယ်များ ကြုံရတတ်သည်။ ဇူလိုင်လ ၁၄ ရက်နေ့တွင်လည်း လုံခင်းကျေးရွာအုပ်စု ဆန်ခါးမှော်ရှိ “မဟာကျောက်မျက်ကုမ္ပဏီ”လုပ်ကွက်အတွင်း မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၁၉ ဦး သေဆုံးသွားကြောင်း အစိုးရသတင်းစာများက ဖော်ပြခဲ့သည်။ ယခုနှစ်အတွင်း ကချင်ပြည်နယ် ဖားကန့်တွင် မြေပြိုမှုဖြင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီးဖြစ်သည်။ ၂၀၁၅ ခုနှစ်က ထိုဒေသတွင် ဖြစ်ပွားသော မြေပြိုမှုတွင် လူ ၁၀၀ ကျော်အထိ သေဆုံးခဲ့ဖူးသည်။ မြန်မာ့ ကျောက်စိမ်းလုပ်ငန်းသည် ဒေါ်လာ ၃၁ ဘီလျှံ တန်ကြေးရှိသည်ဟု Global Witness အဖွဲ့က ၂၀၁၄ ခုနှစ်တွင် ခန့်မှန်းခဲ့ပြီး ထိုငွေ အများစုသည် နိုင်ငံဘဏ္ဍာသို့ စာရင်းသွင်း မခံရကြောင်းလည်း ယင်းအဖွဲ့က ပြောသည်။ ကျောက်စိမ်းအပြင် ကျွန်းသစ်၊ ရွှေနှင့် ပယင်း စသည့်အခြားသော သယံဇာတများသည် ဆယ်စုနှစ်များစွာ တိုက်ခိုက်ခဲ့ကြသော ကချင်လက်နက်ကိုင်များနှင့် တပ်မတော်တို့အကြား ပဋိပက္ခတွင် နှစ်ဖက်စလုံးကို ငွေကြေး ထောက်ပံ့နေသည်။ ဆက်စပ်ဖတ်ရှုရန် – ဖားကန့်မြေပြိုမှု သေဆုံးသူ ၁၅ ဦး ရှိပြီ The post ဇူလိုင် ၂၄ ဖားကန့်မြေပြိုမှု သေဆုံးသူ အနည်းဆုံး ၂၇ ဦး ရှိနိုင် appeared first on ဧရာဝတီ.
Source : https://ift.tt/2uO02RJ
via IFTTT
No comments:
Post a Comment