ဝန်ကြီးဌာနများ ပူးပေါင်းမှု အားနည်း၍ ခရီးသွားကဏ္ဍ မတိုးတက်ဟု တပ် ကိုယ်စားလှယ် ဆို မြန်မာ့ ခရီးသွား ကဏ္ဍ တိုးတက်သင့်သလောက် မတိုးတက်ရခြင်းမှာ ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်မှု အားနည်း ခြင်းကြောင့်လည်း ပါဝင်နေသည်ဟု တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး သိန်းထွန်းက ဇူလိုင်လ ၂၄ ရက်က ပြုလုပ် သော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသည်။ ဗိုလ်မှူး သိန်းထွန်း က “မြန်မာ့ ခရီးသွား လုပ်ငန်းဟာ တိုးတက်သင့် သလောက် မတိုးတက်တာကို တွေ့နေရဆဲ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံရဲ့ တည်ဆဲ မူဝါဒနဲ့ ဥပဒေတွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုတွေ အပြင် ဆက်စပ် ဝန်ကြီးဌာနများနဲ့ ပူးပေါင်း ဆောင်ရွက်မှု အားနည်းခြင်းတွေ၊ စီမံခန့်ခွဲမှု အားနည်ခြင်း စတဲ့အချက်တွေကလည်း ခရီးသွား ကဏ္ဍ တိုးတက်ရေးကို အဟန့်အတား ဖြစ်စေပါတယ်” ဟု ပြောဆိုသည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကို အထောက်အကူ ဖြစ်စေမည့် ဥပဒေတရပ် အမြန်ဆုံး ပြဋ္ဌာန်းရန် လိုအပ်နေကြောင်းကို ၎င်းက ဆွေးနွေးသွားသည်။ သနပ်ပင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး တင်သွင်းသည့် နိုင်ငံတဝန်းရှိ ရပ်ရွာ လူထု အခြေပြု ခရီးသွား လုပ်ငန်း (Community Based Tourism-CBT)၊ သဘာဝ အခြေခံ ခရီးသွား လုပ်ငန်း (Eco Tourism)၊ အပါ အဝင် ဒေသများ တိုးချဲ့သတ်မှတ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ ခရီးသွားလာရေး အထိမ်းအမှတ် ပွဲတော်များနှင့် ခရီးသွား လာရေး အထူးနှစ် သတ်မှတ်ခြင်းများ ဆောင်ရွက်၍ မြန်မာ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန် မှန် ကန်သော ခရီးသွား အစီအမံများဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆို ကို ကိုယ်စားလှယ် ၁၂ ဦးက ထောက်ခံ ဆွေးနွေးကြခြင်း ဖြစ်သည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်က ဖွံ့ဖြိုးပြီး စနစ်ကျသော Eco Tourism ဖြစ်စေရန် သယံဇာတနှင့်် သဘာဝ ပတ်ဝန်းကျင် ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေကာ တိုင်းရင်းသား ရိုးရာ ယဉ် ကျေးမှု အမွေအနှစ်များ၊ ဇီဝမျိုးစုံ မျိုးကွဲများ တည်ရှိနေသည့် ဒေသများကို သဘာဝ နယ်မြေသစ်များ အဖြစ် တိုးချဲ့နိုင်ရန် ဒေသခံများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ CBT နှင့် ပတ်သက်၍ ဒေသခံ များ အကျိုးရှိမည့် လုပ်ငန်းများ ဆက်လက် ရှာဖွေ ဖော်ထုတ်သွားမည်ဟု ပြန်လည် ဖြေကြားသွားသည်။ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း၊ CBT တို့သည် သဘာဝ အရင်းအမြစ်များကို အခြေခံကာ ဝန်ဆောင်မှုပေးရခြင်း ဖြစ်၍ အရင်းအနှီးများစွာ မလိုဘဲ အကျိုးအမြတ်များများ ရရှိမည့် လုပ်ငန်းတခု ဖြစ်ကာ တနိုင်ငံလုံး အတိုင်းအတာနှင့် အားစိုက် ဆောင်ရွက်သင့်ကြောင်း ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။ ရွှေကျင်မဲ ဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးစောသလေးစော က ရွှေကျင်မြို့နယ်၌ သီတင်းကျွတ် မီးထွန်းပွဲကို ဒေသခံများက ကိုယ်ထူကိုယ်ထ စနစ်ဖြင့် နှစ်စဉ်ကျင်းပပြီး ပွဲတော်မှာ ပြည်တွင်းတွင် သာမက ပြည်ပ၌လည်း ကျော်ကြားကြောင်း၊ နိုင်ငံ တော်မှ ပံ့ပိုးပေးလျှင် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း ပြောသည်။ “နိုင်ငံတော်ရဲ့ ပံပိုးမှုရခဲ့မယ် ဆိုရင် ဒေသခံတွေရဲ့ လူမှုစီးပွားဘဝ ပိုမိုတိုးတက်ပြီး နိုင်ငံအနေနဲ့လည်း နိုင်ငံခြား ဝင်ငွေ ရရှိနိုင်မယ့် အလားအလာ ရှိပါတယ်။ ဒါပေမယ့်လည်း နိုင်ငံခြားသား ညအိပ်ညနေ နေခွင့်မရှိတဲ့ အတွက် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးဖို့ အဟန့်အတား ဖြစ်နေပါတယ်။ ဒါတွေကို ပြင်ဆင်သုံးသပ် ဖြေလျှော့ဖို့ အချိန်တန်ပြီလို့ တိုက်တွန်းလိုပါ တယ်” ဟု ၎င်းက ဆိုသည်။ ထို့ပြင် ပြည်တွင်းပြည်ပ ခရီးသွားများနှင့် ပတ်သက်၍ ကန့်သတ်ထားသော ဥပဒေများကို ဖြေလျှော့ခြင်း၊ ခရီးသွားလုပ် ငန်းများအတွက် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကင်းလွတ်ခွင့်များ ပေးခြင်း၊ နိုင်ငံတော်က ဦးဆောင်ကာ လည်ပတ်ရန် နေရာများကို ထုတ်ဖော် ကြေငြာပေးခြင်း တို့ကို ပြုလုပ်သင့်ကြောင်းလည်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။ လောင်းလုံ မဲဆန္ဒနယ်မှ ဒေါ်ခင်စန္ဒီက “ ပြည်ပခရီးသွားများ အဆင်ပြေစေရန် ခွင့်ပြုမိန့်များကို ပြည်ထောင်စု အစိုးရထံ တင်ပြခြင်းထက် တိုင်းနှင့် ပြည်နယ် အစိုးများထံ တင်ပြ ခွင့်ပြုချက်ယူခြင်းက အချိန်ကုန်သက်သာပြီး လုပ်ငန်း ပိုမို မြန် ဆန်စေမှာ ဖြစ်ပါတယ်။ ခရီးစဉ် ဒေသတွေကို နိုင်ငံတကာမှ ပိုမို သိစေရန် ပြည်တွင်း မီဒီယာများမှ တဆင့် နိုင်ငံတကာ သတင်းမီဒီယာများ အထိ ချိတ်ဆက်ပြီး ကြော်ငြာကဏ္ဍကိုလည်း အလေးထား ဆောင်ရွက်သင့်ကြောင်း အကြံပြု လိုပါ တယ်” ဟု ပြောဆိုသည်။ ယင်းပြင် မြန်မာနိုင်ငံသို့ ခရီးသည် လာရောက်မှု နည်းပါးရခြင်းမှာ ဈေးကွက် ကျဉ်းခြင်း၊ လေကြောင်းလိုင်း မစုံလင်ခြင်း၊ လည်ပတ်ရန် နေရာများ ဆွဲဆောင်မှု အားနည်းခြင်း၊ လည်ပတ်ရန် ကုန်ကျစရိတ် ကြီးမြင့်ခြင်း၊ ခရီးသွား ဝန်ဆောင်မှု အမျိုး အစား မစုံလင်ခြင်း၊ သတင်း အချက်အလက် ဖြန့်ဝေမှု အားနည်းခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း အဆိုအား ထောက်ခံ ဆွေးနွေးသူ ကိုယ်စားလှယ်များက ပြောဆိုသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က နိုင်ငံ၏ ခရီးစဉ်ဒေသများကို တည်ငြိမ်အေးချမ်းမှုအပေါ် အခြေခံ ကာ အချိန်၊ ငွေ၊ လူ့စွမ်းအား အသုံးပြုခြင်းဖြင့် စနစ်တကျ စီမံဆောင်ရွက်သင့်ကြောင်း တွေ့ရသဖြင့် လတ်တလော၌ တနိုင်ငံလုံး အတိုင်းအတာဖြင့် မလုပ်ဆောင်နိုင်သေးကြောင်း၊ သို့ရာတွင် တိုင်းနှင့် ပြည်နယ်အလိုက် လက်ရှိ ကျင်းပနေ သော ပွဲတော်များကို အရှိန်အဟုန် မြှင့်တင်ကာ ကမ္ဘာလှည့် ခရီးသည် ဆွဲဆောင်မှု ပွဲတော်များ အသွင် ပေါ်ပေါက်စေရန် သက်ဆိုင်ရာ အစိုးရများနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ပြောဆိုသွားသည်။ ယင်းအဆိုအား မှတ်တမ်းတင် ထားရှိရန် ပြည်ထောင်စု ဝန်ကြီးက တင်ပြခဲ့ပြီး အဆိုရှင်မှလည်း မှတ်တမ်း တင်ရန် တင်ပြ သဖြင့် ပြည်သူ့လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ The post ဝန်ကြီးဌာနများ ပူးပေါင်းမှု အားနည်း၍ ခရီးသွားကဏ္ဍ မတိုးတက်ဟု တပ် ကိုယ်စားလှယ် ဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2A7s0wQ
via IFTTT
No comments:
Post a Comment