ခေတ်လူငယ်များ စာမဖတ်ကြ ဆိုသည့် စကား လုံးဝမမှန်ဟု ဝန်ကြီးဦးဖေမြင့်ပြော လူငယ် ဘက်စုံဖွံ့ဖြိုးရေး ပွဲတော် ကျင်းပပြီးပါက “ယနေ့ခေတ် လူငယ်များ စာမဖတ်ဘူး ဆိုသည့် စကားမှာ လုံးဝမမှန် ကြောင်း အများသိသွားကြမည်” ဟု ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဖေမြင့် က ပြောသည်။ ဇူလိုင် ၂၄ ရက်က မန္တလေးတိုင်း အစိုးရ အဖွဲ့ရုံး၌ လူငယ်ဘက်စုံ ဖွံဖြိုးရေးပွဲတော် (မန္တလေး) ကျင်းပ နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သော ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာ စကားတွင် ထိုသို့ ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။ ဦးဖေမြင့်က “လူငယ်တွေနဲ့ တနာရီလောက် စကားပြောကြည့်တဲ့ အခါ လူငယ်တွေ စာမဖတ်ဘူး ဆိုပြီး ပြောပြော နေကြတာတွေဟာ လုံးဝ မှန်ကန်တဲ့ စကားမဟုတ်ဘူး ဆိုတာရယ်၊ မန္တလေးက လူငယ် တွေက စာဖတ်ကြတယ် ဆိုတဲ့ အကြောင်းကို ဒီစကားဝိုင်း ပြီးရင် အများသိလာရမယ့် အချက်ပါပဲ” ပြောသည်။ ၂၀၁၈ ခုနှစ် သြဂုတ် ၁၁ မှ ၁၃ ရက် အထိ မန္တလေး တက္ကသိုလ်၌ ကျင်းပမည့် လူငယ် ဘက်စုံဖွံ့ဖြိုး ရေး ပွဲတော်၌ စာ ပေ၊ အားကစား၊ အနုပညာ၊ နည်းပညာ၊ ဖျော်ဖြေရေးနှင့် ပညာပေး ဆိုင်ရာ အစီ အစဉ်များ အပြင် မန္တလေး အခြေစိုက် တက္ကသိုလ် ၁၃ ခုမှ ကျောင်းသား၊ ကျောင်းသူ အယောက် ၂၀ နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် စာပေစကား ဝိုင်းဆွေးနွေးကြမည့် အစီအစဉ်လည်း ထည့်သွင်းထားကြောင်း သိရသည်။ အဆိုပါ ပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မန္တလေး အခြေစိုက် တက္ကသိုလ်များမှ ကျောင်းသား/ သူတို့က စာပေ စကားဝိုင်းပုံစံ ဆွေးနွေးနိုင်ရန် စီစဉ်ထားရာ အထက်ပါ အစည်းအဝေး မတိုင်ခင်က စာပေစကားဝိုင်းတွင် ပါဝင် ဆွေးနွေးကြမည့် သူများနှင့် ပြည်ထောင်စု ဝန်ကြီးက ကြိုတင်သွားရောက် တွေ့ဆုံခြင်း ဖြစ်သည်ဟု ဆိုသည်။ ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က “အတိုင်ပင်ခံ ကိုယ်တိုင်ကလည်း ဒီပွဲမှာ စာပေနဲ့ ပတ်သက်ပြီး ကျောင်းသား လူငယ်တွေနဲ့ စကားပြောချင်တယ် ဆိုတဲ့ အတွက် ဒီအစီအစဉ်ကို ထည့်သွင်းရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မန္တလေးမြို့တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခြင်းဖြစ်သည့် အတွက် ယခု ပွဲတော်အား စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် အရပ်ဘက် အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ လည်း ဖိတ်ကြားသွားမည် ဖြစ်ပြီး ဘဏ္ဍာငွေ ရရှိရေး အတွက်လည်း စီစဉ်သွားမည်ဟု ဆိုသည်။ ယခု ပွဲတော်ကျင်းပရန် တိုင်းအစိုးရ အဖွဲ့၏ ၆ လဘတ်ဂျတ်တွင် မပါဝင်သည့် အတွက် စီးပွားရေး လုပ်ငန်းရှင်များထံမှ နှောင်ကြိုးမဲ့ အလှူငွေများ လက်ခံသွားရန် အစီအစဉ် ရှိကြောင်း ပွဲတော် ကျင်းပရေး ဦးစီးကော်မတီက သိရသည်။ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေး ပွဲတော်ကို မန္တလေးမြို့၌ ပထမဆုံး အကြိမ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ The post ခေတ်လူငယ်များ စာမဖတ်ကြ ဆိုသည့် စကား လုံးဝမမှန်ဟု ဝန်ကြီးဦးဖေမြင့်ပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2A6s2Fj
via IFTTT
No comments:
Post a Comment