စစ်ပွဲများက ကျားထိန်းသိမ်းရေးကို ဟန့်တားနေ မြန်မာနိုင်ငံရှိ ကျားကောင်ရေသည် ဆက်လက်လျှော့ပါးလာနေပြီး နိုင်ငံ၏ သဘာဝဘေးမဲ့တောများအတွင်းရှိ ကျားကောင်ရေ ထိန်းသိမ်းနိုင်ရေးအတွက် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးသည် အရေးကြီးကြောင်း အစိုးရမဟုတ်သောအဖွဲ့အစည်းတခုဖြစ်သည့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)က ဇူလိုင်လ ၂၆ ရက်နေ့က သတိပေးလိုက်သည်။ မြန်မာနိုင်ငံ သဘာ၀ ဘေးမဲ့တောများရှိ ကျားကောင်ရေမှာ ၂၀၀၃ ခုနှစ်က ၁၅၀ ခန့်ရှိသော်လည်း ယခု ကောင်ရေ ၁၀၀ ပင်မပြည့်တော့ကြောင်း ကမ္ဘာ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) ၏ မြန်မာနိုင်ငံဆိုင်ရာ အဖွဲ့ခွဲက ပြောသည်။ ကမ္ဘာတဝန်းလုံးတွင်လည်း ကျားကောင်ရေမှာ လွန်ခဲ့သော ရာစုက ကောင်ရေ တစ်သိန်း ရှိရာမှ ယခု ကောင်ရေ ၄၀၀၀ ခန့်အထိ ကျဆင်းသွားသည်။ မြန်မာနိုင်ငံမှ ၁၇၃၇၃ စတုရန်း ကီလိုမီတာကျယ်ဝန်းသည့် ဟူးကောင်းချိုင့်ဝှမ်း သဘာဝ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကျားဘေးမဲ့တောဖြစ်သော်လည်း ထိုချိုင့်ဝှမ်းဒေသရှိ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး အဖွဲ့/တပ်မတော် -KIO/KIA တို့အကြား လက်နက်ကိုင် ပဋိပက္ခများသည် သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းသူများ၊ သုတေသီများ၏ အားထုတ်မှုများကို အဟန့်အတားဖြစ်စေလျှက် ရှိသည်။ သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)- WCS Myanmar ၊ ကမ္ဘာတောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့-WWF ၊ အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရစ္ဆာန် နှင့် သဘာဝအပင်များ ထိန်းသိမ်းရေး အဖွဲ့- FFI တို့သည် မြန်မာနိုင်ငံ သဘာဝ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်ရှိ သစ်တော ဦးစီးဌာန၏ သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးဌာနနှင့် ပူးပေါင်းပြီး ဟူးကောင်းချိုင့်ဝှမ်း၊ ထမံသီ နှင့်တနင်္သာရီ ရိုးမတို့တွင် သုတေသနစီမံကိန်းများမှတဆင့် သဘာဝ သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး လုပ်ဆောင်နေသည်။ “တိုက်တာခိုက်တာတွေ နည်းသွားရင် သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးကို ကျနော်တို့ပိုလုပ်နိုင်တယ်” ဟု WCS Myanmar ၏ နိုင်ငံဆိုင်ရာ ဒါရိုက်တာ ဦးသန်းမြင့်က သတင်းထောက်များကို ဇူလိုင်လ ၂၆ ရက်နေ့က ပြောသည်။ ဟူကောင်းချိုင့်ဝှမ်းမှတိုက်ပွဲများကြောင့် ဒေသခံရွာသားများပင် အသက်လုထွက်ပြေးနေရကြောင်း၊ ထို့ကြောင့် ပြေးနေရသည့်အချိန်တွင် သားရဲတိရိစ္ဆာန်ထိန်းသိမ်းမှုသည် အရေးကြီးခြင်းဆိုသည့်အပေါ် မည်သူမှ စိတ်မဝင်စားနိုင်ကြောင်း ၎င်းက ရှင်းပြသည်။ “သဘာဝသားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးမှာ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှ ရမယ်။ ဒေသခံတွေ ကိုယ့်အိမ်မှာကိုယ်နေပြီး ဒီထိန်းသိမ်းရေးတွေမှာ ပါဝင်နိုင်အောင် ဒီဒေသမှာ သင့်တင့်လျှောက်ပတ်တဲ့ ငြိမ်းချမ်းရေးရှိဖို့လည်း တော်တော်မေ ျှာ်လင့်တယ်”ဟုလည်း ဦးသန်းမြင့်က ပြောသည်။ WCS Myanmar သည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းရှိ အထက်ချင်းတွင်းမြစ်ဝှမ်း ဒေသမှ သုတေသနလှုပ်ရှားမှုဆိုင်ရာ သတင်းအချက်အလက်များကို ဖလှယ်ရန်နှင့် ကျားထိန်းသိမ်းစောင့်ရှောက်ရေးသည် အရေးကြီးလှကြောင်း လူထုအတွင်း အသိမြှင့်တင်ပေးရန် ရည်ရွယ်ပြီး ထိုသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်။ WCS Myanmar သည် ကျားနှင့် ကျားအစားခံမျိုးစိတ်များ၏အရေအတွက်ကို မှတ်တမ်းတင်ရန် ကင်မရာများကို ကင်မရာထောင်ချောက်အဖြစ် တပ်ဆင် အသုံးပြုကာ သုတေသန ပြုလုပ်ခြင်း ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်ကျော်အတွင်း အထက်ချင်းတွင်းမြစ်ဝှမ်းဒေသတွင် ကျားများနှင့် ၎င်းတို့အစားခံသတ္တဝါများကို သုတေသနပြုရန် နေရာပေါင်း ၂၂၅ နေရာတွင် ကင်မရာထောင်ချောက်အလုံးပေါင်း ၁၀၀ ကျော်တပ်ဆင်ကာ မှတ်တမ်းတင် ခဲ့သည်။ “လက်ရှိထိန်းသိမ်းရေးသုတေသနလုပ်ငန်းများအရ မြန်မာ့ကျားထိန်းသိမ်းရေးအောင်မြင်ရန် မျှော်လင့်ချက်များစွာ ရှိနေပါတယ်” ဟု ထိုအဖွဲ့က ပြောကြားသည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ သုံးနှစ်ကြာ သုတေသန များအား နှိုင်းယှဉ်ချက်အတွင်း ကျားသားပေါက်ကောင်ငယ်များကို ၎င်းတို့အဖွဲ့က မှတ်တမ်းတင်နိုင်ခဲ့သည့်အတွက် ကျားကောင်ရေ ပြန်လည်များပြားလာရေး မေ ျှာ်လင့်ချက်ရှိသည်ဟု ဆိုနိုင်ကြောင်း WCS Myanmar ၏ နိုင်ငံမြောက်ပိုင်းသစ်တောများ ဆက်စပ်နယ်မြေ သုတေသနတာဝန်ခံ ဦးလှနိုင်က ပြောသည်။ ကမ္ဘာတစ်ဝှမ်း ကျားကောင်ရေ ဆိုးရွားစွာ ကျဆင်းလာမှုအခြေအနေကြောင့် မြန်မာနိုင်ငံတွင်လည်း ကျားများကို ပိုးမွေး သကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်ရမည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းကပြောသည်။ သို့သော် မြန်မာနိုင်ငံသည် ဘေးမဲ့တောများ သဘာဝထိန်းသိမ်းရေးနယ်မြေများတွင် ကျားနှင့်ကျားအစားခံသတ္တဝါများကို အမဲလိုက်ခြင်း၊ သားရိုင်းတိရစ္ဆာန်မှောင်ခိုကုန်ကူးခြင်း၊ တရားမဝင်သစ်ခိုးထုတ်ခြင်းနှင့် သတ္တုတူးဖေါ်ခြင်း စသည့်ပြဿနာများကို ရင်ဆိုင်နေရဆဲဖြစ်သောကြောင့် စိန်ခေါ်မှုအများအပြားလည်း ရှိနေသေးကြောင်း ၎င်းက ပြောသည်။ “ကျားနဲ့အခြားမျိုးစိတ်တွေကိုထိန်းသိမ်းကာကွယ်ခြင်းဟာ ကျနော်တို့ရဲ့ တောတောင်ရေမြေ၊ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်ပါတယ်။” ဟုလည်း သူက ရှင်းပြသည်။ အိမ်နီးခြင်းတရုတ်နိုင်ငံမှ ဈေးကွက်လိုအပ်ချက်က သားရိုင်းတိရစ္ဆာန်မှောင်ခိုခြင်းကို အားပေးနေသောကြောင့် စိုးရိမ်စရာများလည်း ရှိနေသေးကြောင်း WCS Myanmar ကပြောသည်။ ထို့ကြောင့်လူထုပိုမိုသိရှိပီး ပူးပေါင်းပါဝင်ရန်လိုသည်ဟု ဦးလှနိုင်က ပြောဆိုသည်။ WCS Myanmar သည် သက်ဆိုင်ရာဒေသများမှ ဒေသခံများကို သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဆိုင်ရာ အသိမြှင့်တင်ရေး သင်တန်းများပို့ချပေးပြီး ၂၀၁၆ ခုနှစ်မှစတင်ပြီး သင်တန်းသား ၁၃၀ ကို လေ့ကျင့်ပေးခဲ့ပြီးဖြစ်သည်။ “ဒီထိန်းသိမ်းရေးမှာ ဒေသခံလူထုတွေ ကိုယ်တိုင်ပါဝင်လာဖို့က အရေးကြီးတဲ့အတွက် ဒေသခံတွေ နားလည်လာနိုင်အောင်လို့ လူထုအခြေပြုသယံဇာတ စီမံအုပ်ချုပ်မှု သင်တန်းတွေ ပေးတယ်။” ဟု WCS Myanmar မှ သုတေသနလက်ထောက်တဦးဖြစ်သည့် ကိုပြည့်ဖြိုးကျော်က ပြောသည်။ ကျားများကို တိုက်ရိုက်သတ်ဖြတ် ရောင်းဝယ်ဖောက်ကားခြင်း၊ ကျားအစားခံသတ္တဝါများကို ကျားများဆီမှ လုယူစားသောက်ခြင်း၊ ကျားများနှင့် ကျားအစားခံ သတ္တဝါများနေသည့် မြန်မာနိုင်ငံ၏ သဘာဝတောတောင်ရေမြေ အရည်အသွေး ကျဆင်းလာခြင်းတို့ကြောင့် ကျားကောင်ရေကျဆင်းလာခြင်းဖြစ်ကြောင် သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာအစီအစဉ်က သုံးသပ်သည်။ မြန်မာနိုင်ငံမြောက်ပိုင်း၊ အထက်ချင်းတွင်း မြစ်ဝှမ်းဒေသ နှင့် တောင်ပိုင်း တနသာၤရီ-ဒေါနတောင်တန်း တို့တွင် အိန္ဒိယဘက် နှင့် နွယ်သောကျား ၊ အင်ဒိုချိုင်းနား ကျွန်းဆွယ်နှင့် နွယ်သောကျား ဟူသည့် မျိုးစိတ် ၂ မျိုးနေထိုင် ကျက်စားကြောင်း သိရသည်။ ထို့ပြင် ကျားများကျက်စားသည့် နိုင်ငံ ၁၃ နိုင်ငံအနက် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် လွန်ခဲ့သည့်နှစ်များက စတင်ကာ ကျားများ လုံးဝမျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်ပြီး လာအိုနိုင်ငံတွင်မူ ၂ ကောင်သာ ကျန်တော့ပြီး အင်ဒိုနီးရှား နိုင်ငံတွင်မူ ကျားမျိုးရင်း ၃မျိုးရှိသည့်အနက် ၂ မျိုးမှာ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ ထံမှ သိရသည်။ The post စစ်ပွဲများက ကျားထိန်းသိမ်းရေးကို ဟန့်တားနေ appeared first on ဧရာဝတီ.
Source : https://ift.tt/2K3yUD5
via IFTTT
No comments:
Post a Comment