တပ်မတော် အသုံးစရိတ် ကျပ် ဘီလီယံ ၅၀ ကျော် ပိုမို တောင်းခံ ကာကွယ်ရေး ဝန်ကြီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွက် တပ်မတော် အသုံးစရိတ် စုစုပေါင်း ကျပ် ဘီလီယံ ၃၂၀၀ ကျော် တောင်းခံလိုက်ရာ ယခင်နှစ်ကထက် ၅၇ ဒသမ ၁၁၄ ဘီလီယံ တိုးမြှင့် တောင်းခံထားကြောင်း သိရှိရ သည်။ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်၏ ရသုံးမှန်းခြေ ငွေစာရင်းတွင် သာမန်ရငွေ ကျပ် ၇၁ ဒသမ ၄၄၃ ဘီလီယံ၊ သာမန် အသုံး စရိတ် ၁၈၁၈ ဒသမ ၁၄၆ ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ် ၁၄၃၁ ဒသမ ၉၁၉ ဘီလီယံ တောင်းခံထားရာ စုစုပေါင်း ၃၂၅၀ ဒသမ ၀၆၅ ဘီလီယံ ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ပြောသည်။ တပ်မတော် အသုံးစရိတ် တိုးမြှင့် တောင်းခံရခြင်း အကြောင်းအရင်းသည် ၂၀၁၈ ခုနှစ် ဧပြီလတွင် နိုင်ငံ့ဝန်ထမ်း လစာ များ တိုးမြှင့်လာသောကြောင့် ထပ်မံလိုအပ်ငွေ ၁၂၇ ဒသမ ၅၁၇ ဘီလီယံ ဖြစ်သော်လည်း ကျန် အသုံးစရိတ်များကို လျော့နည်း တောင်းခံထားပြီး မဖြစ်မနေ လိုအပ်သည့် ၅၇ ဒသမ ၁၁၄ ဘီလီယံ ကိုသာ တိုးမြှင့်တောင်းခံရခြင်း ဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။ ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က “ယခု တင်ပြထားတဲ့ အသုံးစရိတ်များဟာ အဆင့်ဆင့် စိစစ်ခဲ့မှုများ ပြုလုပ်ခဲ့ပြီး မလွဲ မသွေ သုံးစွဲရမည့် အသုံးစရိတ်များ ဖြစ်ပါသဖြင့် ပြည်ထောင်စုလွှတ်တော်ကြီးမှ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ် ပါတယ်”ဟု ပြောဆိုသည်။ ကာကွယ်ရေး ဝန်ကြီးဌာန၏ အသုံးစရိတ်ကို အဓိက စိစစ်ရသော အစိုးရ၏ အာမခံချက်များနှင့် ကတိကဝတ်များ ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ မေဝင်းမြင့်က တပ်မတော် အသုံးစရိတ်များကို စိစစ်နိုင်ရန် လာမည့် အပတ်တွင် အစည်းအဝေး ခေါ်မည် ဖြစ်ပြီး ယခင် ကာကွယ်ရေး ဝန်ကြီးဌာန၏ ဘတ်ဂျက်ကို ၃ ကြိမ် စိစစ်ရာတွင် နောက်ဆုံး ၂ ကြိမ်တွင် ဖြတ်တောက်မှုများ ဆောင်ရွက်ခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။ “အန်တီတို့ ကော်မတီမှာ တပ်မတော်သား ကိုယ်စားလှယ် ၃ ယောက်ရှိတယ်။ အဲဒီ ၃ ယောက်ကို အန်တီတို့ မရှင်း လင်းတဲ့အချက်တွေ သံသယဖြစ်တဲ့အချက်တွေဆိုရင် သူတို့ကို မေးခွန်းအရင် ပေးလိုက်တယ်။ ဒီထဲမှာမှ အန်တီတို့ စိတ်ကြိုက် မရဘူးဆိုရင် ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ အစည်းအဝေးထိုင်တဲ့အခါကျရင် ဒီအချက်တွေကို ပြန်တင်ပြ တာပေါ့”ဟု ဒေါက်တာ မေဝင်းမြင့်က ပြောသည်။ တပ်မတော်၏ သာမန် အသုံးစရိတ် စာရင်းတွင် ကျပ် ၁၈၁၈ ဒသမ ၁၄၆ ဘီလီယံ တောင်းခံထားရာ ၎င်းတို့ထဲတွင် လစာနှင့်စရိတ် အဖြစ် ၈၆၀ ဒသမ ၈၁၀ ဘီလီယံ၊ ပစ္စည်းများ ဝယ်ယူရန် ၄၅၀ ဒသမ ၈၃၆ ဘီလီယံ၊ ပို့ဆောင်ရေး အတွက် ၁၇ ဒသမ ၂၁၆ ဘီလီယံ၊ အင်ဂျင်နီယာ ကဏ္ဍအတွက် ၈၉ ဒသမ ၁၄၉ ဘီလီယံ၊ အထွေထွေ ကဏ္ဍအတွက် ၁၈၇ ဒသမ ၉ ဘီလီယံ၊ စစ်ဆင်ရေးများ အတွက် ၅ ဒသမ ၅၀၂ ဘီလီယံ စက်ရုံ၊ အလုပ်ရုံများအတွက် ၁၉၉ ဒသမ ၄၁၀ ဘီလီယံနှင့် အတိုးအတွက် ၅ ဒသမ ၃၂၃ ဘီလီယံ ရှိကြောင်း သိရသည်။ ငွေလုံးငွေရင်း အသုံးစရိတ်စာရင်းတွင် ကျပ် ၁၄၃၁ ဒသမ ၉၁၉ ဘီလီယံ တောင်းခံထားရာ ဆောက်လုပ်ရေး အသုံး စရိတ် ၁၉၂ ဒသမ ၈၄၇ ဘီလီယံ၊ စက်ပစ္စည်း အသုံးစရိတ် ၁၁၃၈ ဒသမ ၁၇၂ ဘီလီယံနှင့် အခြားအသုံးစရိတ် ၀ ဒသမ ၉ ဘီလီယံ ရှိကြောင်း ၂၀၁၈-၂၀၁၉ ပြည်ထောင်စု၏ ရသုံးမှန်းခြေ ငွေစာရင်းတွင် ဖော်ပြထားသည်။ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တပ်မတော်၏ အသုံးစရိတ်မှာ သာမန်ရငွေ ကျပ် ၆၂ ဒသမ ၈၆၉ ဘီလီယံ၊ သာမန် အသုံးစရိတ် ၁၇၆၅ ဒသမ ၉၄၁ ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ် ၁၄၂၇ ဒသမ ၀၈၀ ဘီလီယံ စုစုပေါင်း ၃၁၉၂ ဒသမ ၉၅၁ ဘီလီယံ တောင်းခံခဲ့သည်။ ထို့ပြင် ၂၀၁၇ ခုနှစ် မေလ ၂၉ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဆိုင်းကလုန်း မုန်တိုင်း မိုရာ၏ သဘာဝ ဘေးဒဏ် ကြောင့် ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ် (စစ်တွေ) ကွပ်ကဲမှု အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ ၆၇ တပ်တွင် ပျက်စီးခဲ့သည့် အဆောက်အအုံ ၁၀၀၉ လုံးအနက် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အချိန်မီ ပြန်လည် ပြုပြင် ပြီးစီးနိုင်မည့် အဆောက် အအုံ ၈၈၂ လုံးမှာ အရေးပေါ် ရန်ပုံငွေမှ ကျပ် ၄၉၈၉. ၆၉၄ သန်းအား ခွင့်ပြုပေးခဲ့ပြီး ကျန်ရှိသည့် အဆောက် အအုံ ၁၂၇ လုံးအတွက် ယခုနှစ်အတွက် သမ္မတ၏ အရေးပေါ် ရန်ပုံငွေမှ ကျပ် ၁၈၉၇.၁၆ သန်း ဆက်လက် သုံးစွဲခွင့် ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွက် ပညာရေး ဝန်ကြီးဌာန အသုံးစရိတ် ဘတ်ဂျက် ကျပ် ၂၁၇၆ ဒသမ ၄၅၈ ဘီလီ ယံ (၈.၇၂ ရာခိုင်နှုန်း)၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အသုံးစရိတ် ဘတ်ဂျက် ကျပ် ၁၁၅၀.၇၅၈ ဘီလီယံ (၄.၆၁ ရာခိုင်နှုန်း) ဖြစ်ကြောင်း သိရသည်။ The post တပ်မတော် အသုံးစရိတ် ကျပ် ဘီလီယံ ၅၀ ကျော် ပိုမို တောင်းခံ appeared first on ဧရာဝတီ.
Source : https://ift.tt/2OgqmvT
via IFTTT
No comments:
Post a Comment