သာသနာ သန့်ရှင်းရေး အလေးဂရုပြုကြဖို့ မဟန ဥက္ကဋ္ဌ ထပ်မံသတိပေး ရဟန်း၊ သာမဏေများအတွင်း သမဏသာရုပ္ဗ မဖြစ်သည့်(ရဟန်းသိက္ခာနှင့်မညီ) မှုခင်းများ၊ စက်ဆုပ်ဖွယ် ပြစ်မှုများအား သံဃနာယကအဖွဲ့များအနေဖြင့် သာသနာတော်သန့်ရှင်းရေးကို အလေးဂရုပြုဆောင်ရွက်ကြရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက ထပ်မံ သတိပေး မိန့်ကြားခဲ့သည်။ သတ္တမအကြိမ် မဟန ၄၇ ပါးစုံညီ သတ္တရသမအစည်းအဝေးကို ဇူလိုင် ၂၀ ရက်နေ့က ကမ္ဘာအေးကုန်းမြေတွင် ကျင်းပရာ၌ ဥက္ကဋ္ဌဆရာတော်က မိန့်ကြားခဲ့ခြင်းဖြစ်ပြီး ဒုဋ္ဌုလ္လ၊ ပဋိကုစ္ဆာ ရုန့်ရင်းကြမ်းတမ်း စက်ဆုပ်ဖွယ် ပြစ်မှု များအထိ ဖြစ်ပေါ်နေသည်ကို စိတ်မချမ်းမြေ့ဖွယ် ကြားသိနေရကြောင်း မိန့်ကြားခဲ့သည်။ ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသက “ သမဏသာရုပ္ဗ မဖြစ်မှုမှသည် (ရဟန်းသိက္ခာပုဒ်နဲ့ မညီ)၊ ပါရာဇိက ကျသည်အထိ ကြီးလေးသောပြစ်မှုများ၊ ဘုရားသာသနာနှင့် မအပ်သည့် လုပ်ဆောင်မှုအစုစုတို့ကို အနည်းငယ်မျှသော သံဃာများ ပြုလုပ်လာခြင်းသည် “ ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်” မည့်အရေးကို အသိတရားလက်ကိုင်ထားပြီး ဆောင်ရွက်ကြရမည်”ဟု မိန့်သည်။ အဆိုပါ အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ကျူးကျော်ကျောင်းဆောင်လုပ်နေထိုင်မှု၊ ကျူးကျော်ကျောင်းမှ ထွက်ခွာပေးရေး သံဃနာယကအဖွဲ့များက သြဝါဒပြုရာတွင် မလိုက်နာသည့်အပြင် အုပ်စုဖွဲ့တုံ့ပြန်မှု၊ မာတုဂါမများနှင့် မသင့်မလျော်နေထိုင်မှု၊ သက်ငယ်မုဒိမ်း ကျူးလွန်မှုှု၊ မော်တော်ယာဉ်။ မော်တော်ဆိုင်ကယ်များ ကိုယ်တိုင်မောင်းနှင်ပြီး ယာဉ်တိုက်မှုကျူးလွန်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုစသည့် မကြားဝံ့မနာသာသော ကြီးမာသည့် ပြစ်မှုများကိုပင် ကျူးလွန်ကျော်နင်းလာသည်ကို ကြားသိနေရကြောင်းလည်း လျှောက်ထားတင်ပြခဲ့သည်။ သမဏသာရုပ္ဗ မဖြစ်သည့် မော်တော်ယာဉ်များ ကိုယ်တိုင်မောင်းနှင်ကာ ယာဉ်တိုက်မှုများဖြစ်ပွားခြင်း၊ ကျောင်း များကျူးကျော်ဆောက်လုပ်ခြင်း၊ ဝိနိစ္ဆယ အမှုရှုံးပြီးနောက် ၎င်းအရပ်တွင် ကျောင်းသစ်ခွဲ၍ ဆောက်လုပ်ခြင်း များသည် ဒါယကာ/ဒါယိကာမများ၊ ရဟန်းတော်များအချင်းချင်း၊ စိတ်ဝမ်းကွဲခြင်း၊ ပဋိပက္ခအသွင်ဖြစ်ခြင်း၊ စည်း လုံးမှုပြိုကွဲခြင်းတို့ကြောင့် သံဃအဖွဲ့အစည်းအဆင့်ဆင့်အနေဖြင့် သံဃနာယက လက်စွဲ၊ ညွန်ကြားလွှာများနှင့် အညီ အလေးအနက်ထား ဆောင်ရွက်ရန်လည်း ဗန်မော်ဆရာတော်ကြီးက မိန့်ကြားခဲ့သည်။ သမဏသာရုပ္ဗ မဖြစ်သည့် ကိစ္စရပ်များ တားစည်းနိုင်ရေးအတွက် သက်ဆိုင်ရာသံဃ အဖွဲ့အစည်းများအနေဖြင့် အာဏာပိုင်အဖွဲ့များနှင့် ပူးပေါင်း၍ သံဃာ့အခြေခံစည်းမျဉ်း၊ ညွန်ကြားလွှာများဖြင့် ကွင်းဆင်းအရေးယူမှုများ ပြုလုပ်သင့်ကြောင်းလည်း သူရဦးအောင်ကိုက လျှောက်ထားခဲ့သည်။ သရက်တောကျောင်းတိုက်အတွင်းမှ စာချဆရာတော်တပါးက “သံဃာ့အဖွဲ့အစည်းတချို့ရဲ့ ဆုံးဖြတ်ချက်တချို့ ကလည်း အငြင်းပွားစရာဖြစ်လို့ ဒီလိုတွေဖြစ်လာတာ၊ လိုက်နာမှုအားနည်းတဲ့နေရာမှာ ဒီလိုအချက်တွေလည်း ပါတယ်၊ သိက္ခာနဲ့မညီတဲ့ လုပ်ရပ်တွေကို လိုက်ရှင်းဖို့က ပြောထားပြီးသား၊ ထိထိရောက်ရောက် လုပ်ရမှာပါ၊ တခါတလေကျတော့လည်း ဖမ်းပေးမယ့် ခဏနေ အပြင်ပြန်ရောက်လာရော။ မှတ်မိတဲ့တယောက်ဆို ၂ ခါ ၃ ခါရှိပြီး ဖမ်းတာ၊ အခုပြန်ပြန်ရောက်နေတာပါပဲ” ဟု မိန့်သည်။ ရဟန်း၊ သာမဏေများနှင့် သက်ဆိုင်သည့်ကိစ္စရပ်များတွင် ချွတ်ယွင်းအားနည်းချက်များကြောင့် တိုင်း/ပြည်နယ် အဆင့်၊ မြို့နယ်အဆင့်တို့တွင် ပြီးစီးရမည့်မှုခင်းများမှာ နိုင်ငံတော်အဆင့်ထိရောက်ရှိလာသည့်အတွက် မဟန ၄၇ ပါးစုံညီ ညှိနှိုင်းရက်များကို ယခင် ၃ ရက်ကျင်းပရာမှ ၄ ရက်အထိ ဆောင်ရွက်ဆုံးဖြတ်နေရကြောင်း သူရ ဦးအောင်ကိုက ပြောသည်။ သူရဦးအောင်ကိုက “ရဟန်းအချို့ သည့် သံဃနာယက အဖွဲ့အစည်းအတွင်း ဝင်ရောက် စိုးမိုး ဆောင်ရွက်လျက်ရှိကြပြီး သံဃာ့အဖွဲ့အစည်းဝင် ရွေးချယ်မှုများ၊ သာသနာ့ရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ အဂတိမကင်းသော ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိခြင်းကိုလည်း အခြေခံဒေသရှိ ဆရာတော်ကြီးများ၏ မိန့်ကြားမှုများအရ သိရကြောင်း” လည်း လျှောက်ထားသည်။ မဟန ဦးဆောင်သည့် သံဃအဖွဲ့အစည်းများ ဆောင်ရွက်လာသည်မှာ ပထမသက်တမ်းမှ သတ္တမသက်တမ်းအထိ ၃၉ နှစ်အတွင်း ရောက်ရှိနေပြီဖြစ်ပြီး ၄၇ ပါး စုံညီအစည်းအဝေးများကိုလည်း လေးလလျှင်တကြိမ် ကျင်းပကာ ရဟန်း၊ သာမဏေ အမှုကိစ္စများအား ဆုံးဖြတ်ဆောင်ရွက်လျှက် ရှိသည်။ အဆိုပါ မဟန အစည်းအဝေးတွင် ဗုဒ္ဓ၊ဓမ္မ ပရဟိတဖောင်ဒေးရှင်းအဖွဲ့အား တရားမဝင်ကြောင်း ကြေညာခဲ့သည်။ ၎င်းအဖွဲ့အမည်ဖြင့် မည်သည့်ကိစ္စမျှ မဆောင်ရွက်ရန်နှင့် ဆိုင်းပုဒ်များအား ၄၅ ရက်အတွင်း ဖြုတ်သိမ်းရန်လည်း ဆုံးဖြတ်ခဲ့သည်။ ဗုဒ္ဓ၊ ဓမ္မ ပရဟိတဖောင်ဒေးရှင်း အဖွဲ့သည့် ယခင် အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ) အား အမည်ပြောင်းလဲထားခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းကလည်း မ.ဘ.သ အဖွဲ့အား တရားမဝင်ကြောင်း မဟနက ကြေညာထားသည်။ သူတို့၏ အမျိုးသားရေးအုပ်စုကို တရားမဝင် အသင်းအဖွဲ့အဖြစ်သတ်မှတ်ရန် ဆုံးဖြတ်ခြင်းသည် သံဃာများအကြား ညီညွတ်မှုကို ထိခိုက်စေပြီး ပြည်သူလူထု၏ ပြစ်တင်ရှုတ်ချမှုကို ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့သော မတည်ငြိမ်မှုများဖြစ်ပေါ်လာပါက သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် မဟနတို့၏ တာဝန်သာဖြစ်သည်ဟု ယခင်က မဘသ အဖြစ် လူသိများသော ဗုဒ္ဓဓမ္မ ပရဟိတ ဖေါင်ဒေးရှင်းက လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ထုတ်ပြန်ကြေညာခဲ့သည်။ The post သာသနာ သန့်ရှင်းရေး အလေးဂရုပြုကြဖို့ မဟန ဥက္ကဋ္ဌ ထပ်မံသတိပေး appeared first on ဧရာဝတီ.
Source : https://ift.tt/2OhSZJ5
via IFTTT
No comments:
Post a Comment