Sunday, July 29, 2018


စစ်တောင်းမြစ် ရေကာတာ ကျိုးပြီ ဆိုသည့်သတင်းများ မမှန်ဟုဆို စစ်တောင်းမြစ် ရေကာတာ ကျိုးပေါက်ပြီဆိုသည့် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံနေသည့် သတင်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဌာနက ငြင်းဆိုလိုက်ပြီး၊ ကျိုးပေါက်မှု မရှိအောင် ထိန်းသိမ်းဆောင်ရွက် နေကြောင်း ဆိုသည်။ လက်ရှိအချိန်အထိ ရေကာတာကျိုးပေါက်မှု မရှိအောင် ထိန်းသိမ်းထားနိုင်ကြောင်းနှင့် ရေကျော်မည့် အခြေအနေ မရှိသေးကြောင်း ညောင်လေးပင်မြို့နယ် ဆည်မြောင်းဦစီး ဦးညွန့်လွင်က ဧရာဝတီသို့ ပြောသည်။ ဦးညွန့်လွင်က “ရေကာတာ မကျိုးပါဘူး စစ်တောင်းမြစ် ရေကာတာ အကောင်းပဲ ရှိတယ်။ မဒေါက်-ရွှေကျင်သွားတဲ့ ကားလမ်းကို ရေကျော်တာ။ ညောင်လေးပင်ကနေ – ရွှေကျင်သွားတဲ့ကားလမ်းက တာကြီးပေါ်က ဖြတ်သွားတာ။ ဖြတ်တဲ့နေရာမှာ ကွန်ကရစ်ခင်းထားပြီးသား။ အဲဒီကွန်ကရစ်ပေါ်က ရေလျှံကျတဲ့အခါကျတော့ တာကို နည်းနည်း စားတာပေါ့ ”ဟု ပြောသည်။ ဆက်လက်ပြီး ဦးညွန့်လွင်က “တစ်ပေပတ်လည်လောက်ပါ။ ရေလျှံတဲ့အတွက် ညကပိတ်ပြီးသွားပါပြီ။ ရေကာတာက စိုးရိမ်စရာလည်း မရှိပါဘူး။ ရေကျော်စရာလည်း မရှိပါဘူး”ဟု ဆိုသည်။ စစ်တောင်းမြစ်ရေကာတာမှာ အပေါ်ပိုင်း အနည်းငယ်ပဲ့ထွက်သွားခဲ့ပြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ညောင်လေးပင် မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။ ဦးအောင်နိုင်ဦးက “ပဲ့ထွက်သွားပြီးတော့ အဲဒီပေါ်ကနေ ရေတွေကျော်ဝင်တာ။ ပဲ့သွားတာ သိပ်တော့ မများဘူး။ ရေအင်အားများ တော့ ပြိုဆင်းလာပြီး ကျိုးတယ်ကျိုးတယ်ဆိုတာ ဖြစ်လာတာ”ဟု ဆိုသည်။ “လူမှုရေးအသင်းအဖွဲ့တွေရယ်၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေရယ်၊ ပြည်သူလူထုတွေရယ် ပေါင်းပြီး ဖို့ထားတယ်။ လောလောဆယ်တော့ ငြိမ်နေပါတယ်”ဟု ဦးအောင်နိုင်ဦးက ဆက်ပြောသည်။ ရေကာတာမှ ရေကျော်မည့် အခြေအနေဖြစ်လာပါက ကြိုတင်ပြင်ဆင်သည့် အနေဖြင့် မြို့တွင်းရှိ ပြည်သူများကို ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် အရေးပေါ် သတိပေးထားပြီးဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ၇ ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေ ပြီး နောက် ၂ ရက်အတွင်း ၁ ပေခွဲခန့် ဆက်လက်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနမှ ဇူလိုင်လ ၂၈ ရက်က ထုတ်ပြန်ထားသည်။ ထို့ပြင် စစ်တောင်းမြစ်ရေသည့် တောင်ငူမြို့တွင်လည်း ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၁ ပေခန့် ဆက်လက်တက်လာနိုင်ကြောင်း သိရသည်။ The post စစ်တောင်းမြစ် ရေကာတာ ကျိုးပြီ ဆိုသည့်သတင်းများ မမှန်ဟုဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2LYmNch
via IFTTT

No comments:

Post a Comment