Saturday, July 28, 2018


စင်ကာပူသည် မလေးရှား မဟုတ် မလေးရှား ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာ မိုဟာမက် Mahathir Mohamad က အာရှတွင် ကိုးကားစရာ အကောင်းဆုံး ခေါင်းဆောင် ဖြစ်ပါသည်။ သူ၏ မဟာမိတ်အဖွဲ့ PakatanHarapan(PH) က ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ်ရာ အနိုင်ရရှိပြီး များမကြာမီ မေလအတွင်း ဒေါက်တာ မဟာသီယာ မိုဟာမက်က စင်ကာပူနိုင်ငံသားများသည် “လွတ်လပ်ရေး ရရှိခဲ့သည့် အချိန်ကတည်းက အလားတူ ပါတီ၊ အလားတူ အစိုးရကိုသာ ရရှိခဲ့ခြင်းအတွက် ပင်ပန်းနေကြလောက်ပြီ” ဟု အရွှန်းဖောက်ခဲ့သည်။ စင်ကာပူနိုင်ငံမှ အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ (PAP) က ဆယ်စုနှစ် ၆ ခုနီးပါး အာဏာကို လက်ဝါးကြီး အုပ်ထားခဲ့သည်ကို သေသေချာချာ ရည်ညွှန်းလိုက်ခြင်းပင် ဖြစ်ပါသည်။ သမိုင်းက ကျနော်တို့ကို ပြောသည့် အတိုင်းဆိုလျှင် ဒေါက်တာ မဟာသီယာ မိုဟာမက်က စင်ကာပူ ပရိသတ် တယောက် မဟုတ်ပါ။ အသက် ၉၃ နှစ် အရွယ် ဒေါက်တာ မဟာသီယာ မိုဟာမက်က အာဏာ ပြန်လည်ရရှိလာသည့် အချိန်တွင် စင်ကာပူ နိုင်ငံနှင့် ပတ်သက်၍ သူ၏ ပြောကြားချက်က အာရုံစူးစိုက်မှုများကို ဆွဲဆောင်နိုင်ခဲ့သည်မှာလည်း နား လည်နိုင်စရာ ဖြစ်ပါသည်။ စင်ကာပူနိုင်ငံတွင် ဖြစ်နိုင်သော အပြောင်းအလဲများ၏ စေ့ဆော်မှုကြောင့် ကျနော်တို့ Ceritalah အဖွဲ့က မလေးရှားနိုင်ငံ၏ သမိုင်းဝင် ၁၄ ကြိမ်မြောက် ရွေးကောက်ပွဲအပေါ် စင်ကာပူနိုင်ငံသားများ မည်သို့ မြင်ကြသည် ကိုကြည့်ရန် ၊ (ထိုရွေးကောက်ပွဲက) သူတို့အပေါ်မည်သို့ သက်ရောက်မှုရှိလိမ့်မည်ဆိုသည်ကို သိရှိရန် ၂ နိုင်ငံကြားရှိ လမ်းကို ကျော်ဖြတ်၍ စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့ပါသည်။ “PH အနိုင်ရသွားတာ စိတ်လှုပ်ရှားစရာပါ။ ဒါပေမယ့် စင်ကာပူနိုင်ငံသားတွေကတော့ လက်ရှိ အနေအထား အတိုင်းပဲ မဲပေးကြမယ့် အသွင်မျိုး ရှိနေတုန်းပဲလို့ ကျနော် ထင်တယ်” ဟု စင်ကာပူ အမျိုးသားတက္ကသိုလ်မှ အသက် ၂၅ နှစ်အရွယ် အရှေ့တောင်အာရှ လေ့လာရေး ကျောင်းသား ထရွိုင်ဖူး Try Foo က ပြောသည်။ လွတ်လပ်သော မီဒီယာ ပလက်ဖောင်းတခုဖြစ်သည့် Mothership.SG ကို ပူးတွဲတည်ထောင်သူ တဦးဖြစ်သော မာတီနိုတန် Martino Tan ကလည်း “နာဂျစ်နဲ့ 1MDB လိုမျိုး အတိုက်အခံ နိုင်ဖို့ အကြောင်းရင်းတွေလည်း (ဒီမှာ) မရှိဘူးလေ” ဟု ရှင်းပြသည်။ အမှန်တကယ်တွင်လည်း မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နှင့် အာဏာရ ပါတီဟောင်း Barisan Nasional(BN) မဟာမိတ် အဖွဲ့သည် အရေးပါသော အတားအဆီး ၃ ခုနှင့် ရင်ဆိုင်ခဲ့ကြရသည်။ ပထမတခုမှာ BN ၏ အုပ်ချုပ်မှုအောက်တွင် အစားအစာနှင့် လူနေမှုစရိတ်များ မြင့်တက်လာခြင်းနှင့် အတူ မလေးရှားနိုင်ငံ၏ စီးပွားရေးက တန်းတူညီမျှသော အခွင့်အရေးများကို မပေးနိုင်ခဲ့ ဆိုသည့် ခံစားမှုတခုက သူတို့ ကို ဖျစ်ညှစ်ခဲ့သည်။ ဒုတိယအနေဖြင့် အများစုက မလိုချင်ကြသလို အနည်းငယ်မျှသာ နားလည် သဘောပေါက်ကြသည့် အရောင်းခွန် (GST ဟု ပိုသိကြသည်)က လူအများစု၏ နေ့စဉ် အခြေခံလိုအပ်ချက်များအပေါ် ဖိအားကို ပိုပြီး အရှိန်မြှင့် တိုးပွားလာစေသည်။ GST ကို ၂၀၁၅ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့်အခါ စားသုံးမှုအတွက် ပေးဆောင်ရသည့် ပြင်းထန်သော အခွန်အဖြစ် ပထမဆုံး ခံစားမိကြကာ ထိတ်လန့်၍ ဒေါသဖြစ်ခဲ့သော မလေးရှားပြည်သူ သန်းပေါင်းများစွာက အစိုးရ၏ သုံးစွဲမှုကို ပိုမို၍ စနစ်တကျ စစ်ဆေးရန် တောင်းဆိုခဲ့ကြသည်။ GST စတင်သည့် ၂၀၁၅ ခုနှစ်တွင် ဝန်ကြီးချုပ် နာဂျစ်ရာဇတ်နှင့် ပတ်သက်နေသော 1MDB ငွေကြေးအရှုပ်တော်ပုံက အများပြည်သူကြားတွင် ပေါက်ကွဲစေခဲ့သည်။ ထိုပြဿနာ ပေါ်ပေါက်လာခြင်းက အစိုးရအပေါ် ယုံကြည်အားထားမှု လျော့ကျနေခြင်းကို ထပ်မံ၍ ဆိုးဆိုးရွားရွား တိုက်စားစေခဲ့ပြီး လူထု၏ စိတ်တိုင်းမကျမှုများကို နောက်ထပ် အရှိန်မြှင့်ပေးခဲ့သည်။ ထို့နောက် ဒေါက်တာ မဟာသီယာ မိုဟာမက် ဝင်လာသည်။ ၁၉၆၉ ခုနှစ်မှ စ၍ ရွေးကောက်ပွဲတွင် မည့်သည့် အချိန်ကမျှ မရှုံးနိမ့်ခဲ့ဖူးသည့် အသက် ၉၀ ကျော်အရွယ် ဒေါက်တာ မဟာသီယာ မိုဟာမက်က စီးပွားရေး လုပ်ငန်းများအပေါ် အခွန်အခများ လျှော့ချပေးရန် (အစိုးရ၏) ပျက်ကွက်မှု၊ GST စတင်ကောက်ခံခြင်းနှင့် နာဂျစ်ရာဇတ်၏ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များကို ရိုးရှင်းသော ဇာတ်ကြောင်းတခုပေါ်တွင် စုစည်း၍ အင်အားကောင်းသည့် ရွေးကောက်ပွဲ မက်ဆေ့ချ်တခု ဖြစ်လာအောင် ပုံဖော်ခဲ့သည်။ စင်ကာပူနိုင်ငံတွင် အလားတူ ဖြစ်နိုင်ပါသလား။ သေချာပါသည်။ စီးပွားရေးက သာမန် စင်ကာပူနိုင်ငံသားတို့၏ ဘဝကို ခက်ခဲအောင် စတင် ပြုလုပ်နေသည်မှာ မှန်ပါသည်။ ကလေးတယောက်အမေ ကုမ္ပဏီဝန်ထမ်းတဦး ဖြစ်သည့် အသက် ၃၄ နှစ်အရွယ် မယ်လစ်ဆာ ကျိုး Melissa Teoh (အမည်ရင်း မဟုတ်ပါ) ကဲ့သို့သောသူ အများအပြားက လူနေမှုစရိတ်များ မြင့်တက်လာခြင်းနှင့် ရင်ဆိုင်ရုန်းကိုင်နေကြရသည်။ “အသက် ၄ နှစ် အရွယ် ကျမ ကလေးအတွက် မလေးရှားနိုင်ငံက နို့မှုန့်ဝယ်ပါတယ်။ အဲဒီမှာ တဗူးကို မလေးရှား ငွေ ၆၄ ရင်းဂစ်ပေးရတယ်။ ဒီမှာဆို စင်ကာပူ ၆၄ ဒေါ်လာကျတယ်။ ကျမတို့ လူနေမှုစရိတ်က အလွန်မြင့်နေ ပါတယ်။ ကျမတို့ရဲ့ ကလေးတွေ အတွက် စိုးရိမ်မိပါတယ်။” ၂၀၁၈ ခုနှစ် မတ်လတွင် The Economist Intelligence Unit က စင်ကာပူကို ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးမြို့ အဖြစ် သတ်မှတ်ခဲ့သည်။ မြို့ပေါင်း ၁၃၃ မြို့ထဲတွင် ဈေးအကြီးဆုံး အမှတ်စဉ် ၁ အဖြစ် ၅ နှစ်ဆက်တိုက် သတ်မှတ်ခြင်း ခံရသည်။ ဟောင်ကောင်၊ တိုကျို နှင့် ပါရီတို့၏ အထက်တွင် ရှိနေသည်။ စင်ကာပူနိုင်ငံ၏ GST မှာ ၇ ရာခိုင်နှုန်း ရှိပြီး မလေးရှားနှုန်းဟောင်း ဖြစ်သည့် ၆ ရာခိုင်နှုန်းထက် ပိုများနေသည်။ သို့သော်လည်း ဝန်ကြီးချုပ် လီရှန်လွန်း Lee Hsien Loong ကြုံရသည့် နိုင်ငံရေး အကျပ်အတည်းက နာဂျစ်ရာဇတ်နှင့် နှိုင်းစာလျှင် သေးငယ်ပါသည်။ ယနေ့ အချိန်အထိ လီရှန်လွန်း၏ အဆိုးဆုံး အရှုပ်မှာ (အရှုပ်ဟု ခေါ်မည်ဆိုလျှင်) စင်ကာပူနိုင်ငံကို တည်ထောင်သူ ဖြစ်သည့် သူ၏ ဖခင် လီကွမ်ယူ Lee Kuan Yew ၏ နေအိမ်ဟောင်း ဖြစ်သော အမှတ် ၃၈ Oxley လမ်းမှ အိမ်နှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် အလယ်ပိုင်းက သူ၏ မွေးချင်းများဖြစ်သည့် လီရှန်ယန်း Lee Hsien Yang နှင့် ဒေါက်တာ လီဝေလင်း Lee Wei Ling တို့နှင့် အငြင်းပွားခဲ့ခြင်း ဖြစ်သည်။ “မွေးချင်းတွေက လူသိရှင်ကြား အငြင်းပွားကြတဲ့အခါ ကျမ တကယ်ကို စိုးရိမ်မိတယ်။ ကျမတို့ လီကွမ်ယူကို ဆုံးရှုံးခဲ့ပြီးပြီ။ အစိုးရ ကျဆုံးသွားတော့မှာကို ကျမ စိုးရိမ်ခဲ့တယ်” ဟု မယ်လစ်ဆာ ကျိုး က ပြန်ပြောပြသည်။ သို့သော်လည်း “ဒီလောက်နဲ့ မလုံလောက်သေးပါဘူး။ အတိုက်အခံတွေထဲမှာ လူကြိုက်များတဲ့ပုံရိပ်၊ လူငယ်တွေ လူကြီးတွေကြားမှာ လူသိများတဲ့သူ၊ အစိုးရ အပြောင်းအလဲတခု ဖြစ်ဖို့အတွက် စင်ကာပူနိုင်ငံသားတွေကို စုစည်း ခေါ်ဆောင်သွားနိုင်မယ့်သူ မရှိပါဘူး” ဟု မာတီနိုတန်က သုံးသပ်သည်။ အချို့ စင်ကာပူနိုင်ငံသားများက အတိုက်အခံခေါင်းဆောင်နှင့် အလုပ်သမားပါတီ (WP) ၏ အထွေထွေ အတွင်း ရေးမှူး ပရီတန် ဆင်း Pritam Singh အပေါ်တွင် မျှော်လင့်ကြသည်။ သူက ၂၀၁၁ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် Aljuneid (အဖွဲ့လိုက် ကိုယ်စားပြုရသည့် မဲဆန္ဒနယ် GRC) တွင် မမျှော်လင့်ဘဲ အနိုင်ရခဲ့သည့် WP အဖွဲ့တွင် ပါဝင်သူ ဖြစ်သည်။ သို့သော်လည်း အသက် ၄၁ နှစ် အရွယ် ပရီတန် ဆင်းသည် ဒေါက်တာ မဟာသီယာ မိုဟာမက် အနေအထားမျိုး သို့မဟုတ် အောင်မြင်မှုမျိုး မရယူနိုင်သေးပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် WP က Aljuneid ကို ဆက်ထိန်းထားနိုင်ခဲ့သော်လည်း မဲ ၂ ရာခိုင်နှုန်းပင် မကွာဘဲ ပွတ်ခါ သီခါ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် စင်ကာပူနိုင်ငံရေးက လူနေမှုစရိတ်များ မြင့်တက်လာခြင်းကလွဲလျှင် အပြောင်းအလဲအတွက် မဲဆန္ဒရှင်များကို စည်းရုံးရန် အကြောင်းအရာ ကင်းမဲ့နေသည်။ ၂ နိုင်ငံကို ချည်နှောင်ထားသည့် အကြာင်းအရာ အများအပြားရှိနေသော်လည်း ကြိုက်သည်ဖြစ်စေ မကြိုက်သည် ဖြစ်စေ စင်ကာပူက မလေးရှား မဟုတ်ပါ။ မလေးရှားနိုင်ငံမှ မယုံနိုင်လောက်စရာ အပြောင်းအလဲ၏ မြင့်မားသော ခံစားမှုက မလေးရှားနိုင်ငံသားများနှင့် အရှေ့တောင် အာရှသားများအတွက် ဂုဏ်ယူနိုင်စရာတခု ဖြစ်သည်မှာ သေချာပါသည်။ အငြင်းပွားဖွယ် သတင်းခေါင်းစဉ်များ သို့မဟုတ် ဆွဲအားကောင်းသည့် ပြိုင်ဘက်များ ရှိနေသည်ဆိုလျှင်ပင် စင်ကာပူနိုင်ငံ၏ အာဏာရပါတီ PAP က အချိန်မရွေး ဘယ်ကိုမှ ရောက်သွားမည် မဟုတ်သည့် အသွင်ရှိပါသည်။ အနည်းဆုံးတော့ အခု လတ်တလော အချိန်တွင် ဖြစ်သည်။ (ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။) The post စင်ကာပူသည် မလေးရှား မဟုတ် appeared first on ဧရာဝတီ.
Source : https://ift.tt/2vdtOyC
via IFTTT

No comments:

Post a Comment