လယ်မြေကို အကွက်ရိုက် ရောင်းချမှုများ ပြတ်ပြတ်သားသား ကိုင်တွယ်မည် မန္တလေးတိုင်းရှိ လယ်ယာမြေများအား အကွက်ရိုက်ကာ တရားမဝင် ရောင်းဝယ်နေမှုများအား ဥပဒေ နှင့် အညီ ပြတ် ပြတ်သားသား ကိုင်တွယ်တော့မည် ဖြစ်ကြောင်း တိုင်းလယ်ယာမြေ စီမံခန့်ခွဲမှု ကဏ္ဍ ကို တာဝန်ယူထားသော မန္တလေး တိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာ စိုးသန်းက ဧရာဝတီကို ပြောသည်။ ဒေါက်တာ စိုးသန်းက “အခုက ဒီကိစ္စတွေက ပိုများလာပြီး လွန်လွန်ကျူးကျူး ဖြစ်လာသလို တရား ဥပဒေကိုပါ စိန် ခေါ်တဲ့ သဘောမျိုး ဖြစ်လာတယ်။ ဒီလို တရားမဝင် ရောင်းချနေတဲ့ နောက်ကွယ်မှာ နာမည်ရှိတဲ့ လုပ်ငန်းရှင်ကြီး တွေလည်း ပါနေတော့ သူတို့ကို ယုံပြီး ဝယ်တဲ့သူတွေကလည်း ဝယ်နေ ကြတယ်” ဟု ပြောသည်။ မန္တလေးတိုင်း အတွင်း လယ်ယာမြေများကို ခွင့်ပြုချက် မရှိဘဲ အကွက်ရိုက်ပြီး ရောင်းချမှုများကို အကျိုးဆောင်များမှ တဆင့်လည်းကောင်း၊ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ကြော်ငြာ၍ လည်းကောင်း ပြုလုပ်လာကြပြီး ထိုသို့ လယ်ယာမြေကို ရောင်းချခြင်း၊ ခြံစည်းရိုး ခတ်ခြင်း၊ မြေဖို့ ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ လမ်းဖောက်လုပ် ခြင်းများသည် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနှင့် ညီညွတ်မှု မရှိသဖြင့် ဆောင်ရွက်ခြင်း မပြုရန်နှင့် ဆောင်ရွက် ပါက တည်ဆဲ ဥပဒေနှင့် အရေးယူမည် ဖြစ်ကြောင်း ဇူလိုင် ၂၄ ရက် ထုတ် မန္တလေး နေ့စဉ် သတင်းစာ၌ အသိပေး ကြေညာ ထားသည်။ မန္တလေးတိုင်း အတွင်း လယ်မြေများကို တရားမဝင် အကွက်ရိုက် ရောင်းချခြင်းကို ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ အမရပူရ မြို့နယ်တို့၌ အများဆုံးဖြစ်ပြီး တတိုင်းလုံး အနေဖြင့် မြေဧက ထောင်ဂဏန်း ခန့်ရှိသည်ဟု တိုင်းလယ်ယာမြေ စီမံခန့် ခွဲမှု အဖွဲ့က သိရသည်။ ထို့အတွက် လယ်ယာမြေပေါ်တွင် ခွင့်ပြုချက် မရှိဘဲ အကွက်ရိုက်ကာ ရောင်းချခြင်းများသည် အဆမ တန် များလာပြီး သက်ဆိုင်ရာက ဥပဒေကြောင်း အရ ဆောင်ရွက်မည် ဆိုပါက မသိနားမလည်ဘဲ ဝယ်ယူသူများ အနေနှင့် နစ်နာမှုများ ကြုံတွေ့နိုင်ကြောင်း သိရသည်။ ဒေါက်တာ စိုးသန်းက “ဒီကိစ္စကို ဥပဒေအရ ပြတ်ပြတ်သားသား အရေးယူမယ်။ အဲဒီလိုမဟုတ်ရင် တကယ် နစ်နာ မှာက ပြည်သူတွေလေ။ မသိလို့ ဝယ်ဝယ်၊ သိသိကြီးနဲ့ ဝယ်ဝယ် နစ်နာကြရမှာလေ” ဟု ပြောသည်။ လယ်မြေ တဧကလျှင် ပေ ၄၀၊ ၆၀ ပတ်လည် မြေကွက် ၁၆ ကွက်ရကာ အကြမ်းဖျင်း အားဖြင့် တဧက ကို ကျပ်သိန်း ၂၀၀ နှင့် ဝယ်ယူပြီးနောက် အကွက်ရိုက်၍ မြေတကွက်ကို သိန်း ၃၀ ကျပ် ဝန်းကျင်ဖြင့် ပြန်လည် ရောင်းချသည့် အခါ အကျိုးအမြတ်များသည့် အတွက် တရားမဝင် ဖြစ်သော်လည်း ထိုသို့ အကွက်ရိုက် ရောင်းချမှု ပိုများလာခြင်း ဖြစ် သည်ဟု အိမ်ခြံမြေ အကျိုးဆောင်များထံက သိရသည်။ ရွှေမန္တလေး အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းက ဦးနေလင်းအောင်က “အစိုးရ အနေနဲ့ ဥပဒေအရ ကိုင်တွယ်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ ဒီကိစ္စတွေက အရမ်းပွထနေတော့ အစပိုင်းမှာတော့ ကိုင် တွယ်ရတာ ခက်လိမ့်မယ်။ ဒါပေမယ့် ဒီမြေ အရောင်းအဝယ်ဟာ ဥပဒေနဲ့ မညီဘူး။ မဝယ်သင့်ဘူး ဆိုတာ လူများများ သိလာရင် ဒီပြသနာတွေ တဖြည်းဖြည်းနဲ့ နည်းသွားမယ်” ဟု ဧရာဝတီကို ပြောသည်။ မန္တလေးမြို့တွင် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှ စ၍ အိမ်ခြံမြေ ဈေးကောင်းလာကာ မြို့အနီး ပတ်ဝန်း ကျင်၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းသည့် မြို့နယ်များရှိ လယ်ယာမြေများကို အကွက်ရိုက်ကာ ဈေးသက်သာစွာဖြင့် ရောင်း ချလာသည့် အတွက် ဝယ်ယူမှု မြင့်တက်လာကာ စီးပွားဖြစ် လုပ်ကိုင်လာ ကြခြင်း ဖြစ်ကြောင်း မန္တလေးမြို့မှ အိမ်ခြံမြေ အကျိုးဆောင် အသိုင်းအဝိုင်းက ပြောဆိုသည်။ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ အရ လယ်ယာမြေများကို တရားမဝင် အကွက်ရိုက် ရောင်းချပါက ဥပဒေအရ ထိုမြေ ပေါ်ရှိ အဆောက်အဦး (သို့မဟုတ်) ပိုင်ဆိုင်မှုများကို ဖျက်သိမ်းခြင်း၊ ဒဏ်ရိုက်ခြင်း၊ နှင်ထုတ်ခြင်းနှင့် တရားစွဲဆိုခြင်း များ ဆောင်ရွက်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ The post လယ်မြေကို အကွက်ရိုက် ရောင်းချမှုများ ပြတ်ပြတ်သားသား ကိုင်တွယ်မည် appeared first on ဧရာဝတီ.
Source : https://ift.tt/2mIkXBl
via IFTTT
No comments:
Post a Comment