ကျိုက်မရော မြို့နယ်တွင် ရေဘေးသင့်သူ၂ သောင်းကျော် ရှိလာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျေးရွာပေါင်း ၂၀ ကျော် ရေနစ်မြုပ်၍ ရေဘေးသင့်သူ ဦးရေ ၂ သောင်းကျော် ရှိလာကြောင်း မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး စောအောင်မြင့်ခိုင် က ပြောသည်။ “ကျိုက်မရောမြို့နယ်က မြစ်ကမ်းဘေးမှာ ဖြစ်တော့ နှစ်တိုင်းကို ရေကြီး နစ်မြုပ်မှုတွေ ဖြစ်ပါတယ်။ ဒီနှစ်ကတော့ အခြေ အနေ ပိုဆိုးပါတယ်။ လက်ရှိ မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော် ရေနစ် မြုပ်နေပြီး အိမ်ထောင်စု ပေါင်း ၄၅၀၀ ကျော်၊ လူဦးရေကတော့ ၂ သောင်းကျော် ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၂၈ ရက်က စတင်ကာ အတ္တရံမြစ်ရေ မြင့်တက်လာခဲ့ပြီး ရှင်စောပု ရပ်ကွက်၊ ငါးဗြေမ၊ ချောင်းနှစ်ခွ၊ မယ်ကရို ၊ ဦးလေး၊ ရေပူ၊ ဖာသိမ်၊ လမုခို၊ နိတုံ၊ ကွမ်ငန်း၊ အတ္တရံ၊ ကော့ကလော့ (မဲကသန်) စသည့် ကျေး ရွာများနှင့် ရန်မျိုးအောင် ရပ်ကွက်၊ ကလိုင်းကနိုင်၊ ဖနုံ(ကော့ခလောက်)၊ ကော့ဘွီး၊ ကံျုကွယ်၊ ဘိန်းဗျော စသည့် ကျေးရွာများသို့ မြစ်ရေများ ဝင်လာခဲ့ခြင်း ဖြစ်သည်။ စောအောင်မြင့်ခိုင် က “ရေက စိုးရိမ်ရေ အမှတ်ကို မရောက်သေးပေမယ့် ရွာတော်တော်များများ နစ်မြုပ်နေတယ်။ တချို့ ရွာတွေမှာက လမ်းတွေပါ မြုပ်နေတော့ ဆက်သွယ်ရေး ပြတ်တောက်မှုတွေလည်း ဖြစ်နေပါတယ်” ဟု ပြောသည်။ ကျိုက်မရောမြို့နယ်ရှိ အတ္တရံမြစ်ကမ်းဘေး နေထိုင်သူများမှာ ကျေးရွာအတွင်းသို့ မြစ်ရေများ ဝင်ရောက်သော်လည်း ရေ ဘေးကယ်ဆယ်ရေး စခန်းသို့ ပြောင်းရွှေ့နေထိုင်မှု မရှိကြဘဲ နေအိမ်တခုလုံး ရေနစ်မြုပ်သွားသူများသာ ပြောင်းရွှေ့ကြ သဖြင့် ရေဘေးကယ်ဆယ်ရေး စခန်း ၂ ခုသာ ဖွင့်ထားရကြောင်း သိရသည်။ ဝန်ကြီး စောအောင်မြင့်ခိုင်က “ကျနော်တို့က ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ဖို့ပြောတယ်။ ဒါပေမယ့် ရွာသားတွေက ကယ် ဆယ်ရေး စခန်းတွေ မဖွင့်ဘူး။ အိမ်တွေက ရေတက်လို့ မြုပ်တော့မယ်။ သူတို့က အဲဒီမှာပဲ နေနေတယ်။ တချို့ လှေများ တဲ့ ရွာတွေကျတော့ သူတို့က အတွေ့အကြုံ ရှိနေကြတော့ မပြောင်းကြဘူး။ သတိပေးချင်တာက မပြောင်းရသေးတဲ့ သူ တွေ ရေအခြေအနေကို သတိပြုပေးကြဖို့၊ ရေနဲ့ တအားကို ကပ်နေပြီ ဖြစ်နေတဲ့ အိမ်တွေမှာ နေနေကြတဲ့ လူတွေ ပြောင်း ရွေ့ပေးကြပါလို့သတိပေးလိုပါတယ်” ဟု ဆိုသည်။ ၎င်းက ဆက်လက်၍ “ကျိုက်မရောမြို့နယ်ထဲမှာ ၁၀ ရွာလောက်က ရွာလုံးကျွတ် ရေမြုပ်နေတယ်။ တခြား ရွာတွေဆိုရင် လည်း ကားလမ်းရေမြုပ်နေလို့သွားလာရေး အခက်အခဲတွေ ဖြစ်နေပါတယ်။ ရေကလည်း ကြာနေပြီ။ စိုးရိမ်တာက ဒီရေ က ပြန်မကျဘဲ ထပ်တက်လာရင် စိုးရိမ်ရတဲ့ အနေအထားမျိုး ရှိလာနိုင်ပါတယ်” ဟု ပြောဆိုသည်။ ရေဘေးသင့် ပြည်သူများ အတွက် စားနပ်ရိပ်က္ခာ အဖြစ် ဆန်အိတ် ၃၅၀ ကို မွန်ပြည်နယ် အစိုးရ အဖွဲ့က ထောက်ပံ့ပေး ထားပြီး ကယ်ဆယ်ရေး ပစ္စည်းများနှင့် စားနပ်ရိက္ခာများ လှူဒါန်း ထောက်ပံ့ချင်သည့် စေတနာရှင်များအတွက် ကျိုက်မရော မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှိ အတ္တရံ ခန်းမ၌ လက်ခံရေး ဌာန ဖွင့်ထားပေးကြောင်း သိရသည်။ လမုခို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆယ်ပြားက “ရေက ဝါဆိုလပြည့်မတိုင်ခင် ကတည်းက တက်နေတယ်။ လမုခိုကျေး ရွာမှာ အိမ်ခြေ ၅၄ အိမ် ရှိပါတယ်။ လူဦးရေ ၂၀၀ ကျော် ရှိပါတယ်။ ရေမြုပ်နေတာက အလုံး ၃၀ ကျော်ရှိတယ်။ ကျန်တဲ့ အိမ်တွေက အိမ်ကြမ်းခင်းတွေတော့ ပေါ်နေသေးတယ်။ တချို့အိမ်တွေပေါ်မှာ ရေက ခါးလောက်ရှိတဲ့ အိမ်နဲ့ ဒူးလောက် ထိ ရောက်နေတဲ့ အိမ်တွေလည်း ရှိနေပါတယ်။ အခက်အခဲအနေနဲ့လယ်သမားတွေရဲ့ စပါးခင်းတွေ ရေမြုပ်နေတယ်။ ရေမကျသေးရင် စပါးတွေ ပျက်သွားနိုင်တယ်” ဟု ဆိုသည်။ ကယ်ဆယ်ရေး စခန်းများတွင် မနေထိုင်သူများထံသို့ စားနပ်ရိက္ခာများကို စက်လှေများဖြင့် တင်ပို့ပေးလျက် ရှိပြီး အချို့ ကျေးရွာများမှာမူ စက်လှေ သွားရောက်ရန် အတွက် အခက်အခဲရှိကြောင်း ရေဘေးကယ်ဆယ်ရေးကို ဝိုင်းဝန်း ဆောင်ရွက် ပေးနေသည့် ကျိုက်မရော မြို့နယ်ဒေသခံ ကိုထွန်းဦး က ပြောသည်။ မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရောနှင့် ပေါင်မြို့နယ်တို့တွင် ရေဘေးဒဏ် ခံစားနေရကြောင်း သိရသည်။ The post ကျိုက်မရော မြို့နယ်တွင် ရေဘေးသင့်သူ၂ သောင်းကျော် ရှိလာ appeared first on ဧရာဝတီ.
Source : https://ift.tt/2McGgWT
via IFTTT
No comments:
Post a Comment