လျှပ်စစ်အန္တရာယ်ကြောင့် သေဆုံးမှုများ အစိုးရ တာဝန်ယူရန် တောင်းဆို လျှပ်စစ်အန္တရာယ်ကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု အားနည်းနေရာ အဆိုပါဖြစ်စဉ်များအတွက် တရားမျှတမှုရရှိစေရေး စုံစမ်းအရေးယူမှုများ လုပ်ဆောင်ပေးရန် တက္ကသိုလ် ၁၃ ခု မှ ကျောင်းသားများက သက်ဆိုင်ရာဝန်ကြီးဌာနထံသို့ တောင်းဆိုစာပေးပို့ခဲ့သည်။ အချက် ၃ ချက်ပါဝင်သည့် တောင်းဆိုစာနှင့်အတူ No Electric Shock Signature Campaign ပြုလုပ်၍ ရန်ကုန်မြို့ တက္ကသိုလ် ၁၃ ခုမှ ကောက်ယူရရှိထားသည့် လက်မှတ် ၄၅၀၀ ကိုလည်း ပူးတွဲတင်ပြထားကြောင်း သိရသည်။ အဆိုပါတောင်းဆိုစာကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် ၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တို့ကို ပေးပို့ထားပြီး ၁၅ ရက်အတွင်းအကြောင်းပြန်ပေးရန်လည်း တောင်းဆိုထားကြောင်း No Electric Shock Signature Campaign ဦးဆောင်သူများအဖွဲ့မှ သိရသည်။ “Public area တွေမှာ လုံခြုံမှုမရှိတာတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနေတွေက ဘာလုပ်ပေးနိုင်မလဲဆိုတာ တောင်းဆိုတာပါ” ဟု No Electric Shock Signature Campaign ဦးဆောင်သူများအဖွဲ့မှ အဖွဲ့ဝင်လည်းဖြစ်သည့် ဆေးတက္ကသိုလ် ၂ မှ ကျောင်းသား ကိုအောင်ကောင်းမော်က ပြောသည်။ လျှပ်စစ်အန္တရာယ်ကြောင့် အသက်ဆုံရှုံးခဲ့ရသည့် လူငယ်များအတွက် ထိုက်တန်သည့် အဆုံးအဖြတ်တစ်ခု ရရှိရန်အတွက် ကြိုးပမ်းနေသော ကမ်ပိန်း နှင့် ပတ်သက်ပြီး ယနေ့တွင် မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ ဆေးတက္ကသိုလ် -၂ မှ ကျောင်းသားများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ဆက်လက်ပြီး ကိုအောင်ကောင်းမော်က “ဖြစ်သွားတဲ့ပြဿနာမှာ အဓိကတာဝန်ယူမှု၊ တာဝန်ခံမှု မရှိသလောက်နည်းတယ်။ အဲဒီပေါ်မှာ ရှိစေချင်တယ် နောက်ပြီး အဓိကရည်ရွယ်ချက်က ဒီလိုလည်း ထပ်မဖြစ်စေချင်တော့ဘူး” ဟုဆိုသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့က ဆေးတက္ကသိုလ် -၂ မှ နောက်ဆုံးနှစ် ကျောင်းသားတဦး ဘတ်စကတ်ဘောကွင်း တွင် လျှပ်စစ်စီးနေသည့် ခြံစည်းရိုးကို မှီမိရာမှ ဓာတ်လိုက်သေဆုံးခဲ့ပြီး ဇူလိုင်လ ၁၃ ရက် နေ့ကလည်း တောင်ဥက္ကလာပ မြို့နယ်ရှိ ရေအိုင်အတွင်း ပြတ်ကျနေသည့် ဓာတ်ကြိုးကို တက်နင်းမိရာမှ အဋ္ဌမတန်းကျောင်းသားတဦး သေဆုံးခဲ့သည်။ တောင်ဥက္ကလာပ မြို့နယ်တွင် သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း (YESC)၏ အမှုဆောင် အရာရှိချုပ် ဦးသန့်စင်က “ဝန်ကြီးရုံးကို တင်ထားပြီးပြီ စုံစမ်းစစ်ဆေးတဲ့ ကိစ္စတွေပြီးနေပြီ။ နောက်ဆုံး Final Decision က ဝန်ကြီးရုံး EC ကဆုံးဖြတ်တာ EC မှာအကုန်လုံး တင်ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ဦးသန့်စင်က “အထူးသဖြင့် ပြတ်ကျတာ ၄၀၀ ဗို့အားလိုင်းတွေများတယ်။ သူ့ထက်ဗို့အားများတဲ့ လိုင်းတွေက ပြတ်ကျတာ နည်းတယ်။ အဲဒါကြောင့် ၄၀၀ ဗို့လိုင်းတွေကို ဦးစားပေးအနေနဲ့ လူထူထပ်တဲ့ နေရာ၊ ဈေး၊ ကျောင်း၊ လူသွား လူလာ များတဲ့နေရာမျိုးမှာ လျှပ်စစ် အန္တရာယ် ဖြစ်နိုင်တဲ့နေရာမျိုးမှာ လဲ ပါတယ်” ဟု ဧရာဝတီနှင့် အင်တာဗျူးတွင် ထည့်သွင်းဖြေဆိုထားသည်။ နေ့စဉ်သွားလာလှုပ်ရှားမှုများ ပြုလုပ်ရာတွင် မလုံခြုံသည့် ခံစားချက်ကို ခံစားနေရပြီး အချိန်မရွေး ဓာတ်ကြိုးပြတ်ကျသည် နှင့်ကြုံတွေ့နိုင်သောကြောင်း စိုးရိမ်ပူပန်နေရကြောင်း ဆေးတက္ကသိုလ် – ၂ မှ ကိုအောင်ခန့်ပိုင်က ပြောသည်။ “ကျနော်တို့ ကျောင်းသွားရင်တောင် တော်တော်လန့်နေတယ်။ ဘယ်အချိန်ဓာတ်ကြိုး ပြတ်ကျမလဲ ကိုယ်လည်း မမြင်နိုင်ဘူး။ မိုးတွေရွာနေတော့ တစ်လမ်းလုံးက ရေအပြည့် အဲဒီမှာ ဓာတ်ကြိုးတချောင်းပဲ ကျလိုက်လို့ကတော့ ကျနော်လည်း ဘယ်အချိန်ဖြစ်မလဲဆိုတာ တော်တော်ကြီးကို စိုးရိမ်ပူပန်နေရတဲ့ အနေအထား” ဟု ၎င်းကဆိုသည်။ No Electric Shock Signature Campaign တွင် ရန်ကုန်မြို့မှ တက္ကသိုလ်များဖြစ်သည့် ဆေးဝါးတက္ကသိုလ် ၊ ကွန်ပျူတာ တက္ကသိုလ်၊ အရှေ့ပိုင်း တက္ကသိုလ်၊ အနောက်ပိုင်း တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ အမျိုးသား စီမံခန့်ခွဲမှု ပညာဒီဂရီ ကောလိပ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဆေးတက္ကသိုလ် -၂၊ သူနာပြုတက္ကသိုလ်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ဒဂုံတက္ကသိုလ် တို့မှ ကျောင်းသားများက လက်မှတ်ရေးထိုးထားခဲ့ခြင်းဖြစ်ကြောင်း ကမ်ပိန်း ဦးဆောင်သူများအဖွဲ့မှ သိရသည်။ သက်ဆိုင်ရာဝန်ကြီးဌာနထံသို့ ပေးပို့ခဲ့သည့် တောင်းဆိုစာတွင် ယခုဖြစ်ပွားခဲ့သော လျှပ်စစ်အန္တရာယ် ဖြစ်ရပ်များတွင် ထိုက်တန်သော တရားမျှတမှုများ ရရှိစေရန်အတွက် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သော စုံစမ်းစစ်ဆေး၊ အရေးယူမှုများ လုပ်ဆောင်ပေးရန် ၊ လျှပ်စစ်အန္တရာယ် ဖြစ်ရပ်များတွင် ဝန်ကြီးအနေဖြင့် အများပြည်သူအတွက် ပီပြင်ကျေနပ်လောက် စေသော တာဝန်ယူမှု၊ တာဝန်ခံမှု ပြုပေးပါရန် နှင့် လျှပ်စစ်ဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုများ ထပ်မံမဖြစ်ပွားစေရန် အတွက် အများပြည်သူ အသုံးပြုနေသော နေရာများတွင် လျှပ်စစ်နှင့် ပတ်သက်၍ အန္တရာယ်ကင်းရှင်းကြောင်း အာမခံမှု၊ အရည်အသွေးပြည့်ဝမှု၊ လုံခြုံစိတ်ချရမှုများအတွက် ပုံမှန်စစ်ဆေး စီမံဆောင်ရွက်ပေးရန် စသည့်အချက်များပါဝင်သည်။ The post လျှပ်စစ်အန္တရာယ်ကြောင့် သေဆုံးမှုများ အစိုးရ တာဝန်ယူရန် တောင်းဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2OvYLq3
via IFTTT
No comments:
Post a Comment