ခါကာဘိုရာဇီတောင်ထိပ်ကို တက်မယ့် မြန်မာတောင်တက်သမားများ အရှေ့တောင်အာရှမှာ အမြင့်ဆုံးတောင်အဖြစ် သတ်မှတ်ထားတဲ့ ခါကာဘိုရာဇီတောင်ဟာ ၅၈၈၁ မီတာ(၁၉၂၉၄ပေ) မြင့်ပါတယ်။ ဒီတောင်ဟာ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တရုတ်နဲ့ အိန္ဒိယနယ်စပ်မှာ တည်ရှိပါတယ်။ ဒီကြောက်မက်ဖွယ် ခရီးစဉ်ဟာ ကချင်ပြည်နယ်မှ စတင်မှာဖြစ်ပြီး ပင်ပန်းကြမ်းတမ်းတဲ့ မိုင် ၁၅၀စာ ခရီးစဉ်ကို ခြေလျင်သွားရမှာ ဖြစ်ပါတယ်။ မြွေ၊ မျှော့စတာတွေ ပေါများတဲ့ တောအုပ်ထဲကိုပါ ဖြတ်သန်းသွားလာပြီးမှသာ တောင်ခြေကို ရောက်မှာပါ။ ဒီတောင်ကို တက်ဖို့ နှစ်ပတ်ကြာခရီးကို မြန်မာတောင်တက်သများက စတင်တက်ဖို့ ပြင်ဆင်နေကြပြီလို့ လည်း သိရပါတယ်။ “တောင်ထိပ်ကို ရောက်ဖို့က အရမ်းခက်ခဲတယ်။ အဖွဲ့သားတွေ စည်းလုံးမှုရှိရှိနဲ့ တက်ရမှာပါ။ ရာသီဥတုကြမ်းတဲ့အတွက် ရာသီဥတု ဒဏ်ကိုခံနိုင်ရည်ရှိဖို့လည်း လိုပါတယ်” လို့ ကယန်းပြည်က ချောက်ကမ်းပါးတွေမှာ လေ့ကျင့်နေတဲ့ အသက် ၃၂ နှစ်အရွယ် ကိုဇော်ဇင်ခိုင်က AFP သတင်းဌာနကို ပြောပါတယ်။ ခါကာဘိုရာဇီတောင်ကို တက်ရင်းအသက်ဆုံးရှုံးသွားသူတွေလည်းရှိလို့ အသက်ရှင်လျက် ပြန်လာနိုင်ဖို့ဆိုတာလည်း သိပ်မသေချာဘူးလို့ သူက ပြောခဲ့ပါသေးတယ်။ သူနဲ့ သူ့တောင်တက်ဖော် နှစ်ယောက်ဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်နဲ့ အသက် ၃၂ နှစ်အရွယ် ကိုအောင်ခိုင်မြင့်တို့ဟာ ခါကာဘိုရာဇီတောင်တက်သူ မြန်မာနိုင်ငံသားများ အဖြစ် ဂုဏ်ယူစွာ တက်ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ ၃ ယောက်ဟာ ရာသီဥတုသာယာတဲ့ အချိန်ကို စောင့်နေတာဖြစ်ပြီး ရာသီဥတု ကောင်းတာနဲ့ ချက်ချင်းတက်နိုင်ဖို့ အတွက် လနဲ့ချီပြီး အားကစားတွေ လေ့ကျင့်ခန်းတွေ လုပ်ထားတဲ့အပြင် နီပေါနိုင်ငံကိုလည်း သွားရောက်ခဲ့ပါသေးတယ်။ သူတို့ဟာ မြန်မာပြည်ကိုယ်စားပြုအနေနဲ့ ခါကာဘိုရာဇီတောင်ကို တက်မှာဖြစ်ပြီး တောင်ထိပ်ကိုရောက်တာနဲ့ မြန်မာအလံကို လွှင့်ထူမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခင်က တောင်တက်သမား အဟောင်းတွေကတော့ ယခုတောင်တက်မယ့်သူတို့ကို “တောင် အခြေအနေကို အမြဲမပြတ် သတိမလွတ်ဘဲ စောင့်ကြည့်ပါ” လို့ မှာကြားခဲ့ပါတယ်။ Ref; nationalmultimedia.com The post ခါကာဘိုရာဇီတောင်ထိပ်ကို တက်မယ့် မြန်မာတောင်တက်သမားများ appeared first on ဧရာဝတီ.
Source : https://ift.tt/2MmgfYw
via IFTTT
No comments:
Post a Comment