အောင်ရဲထွေးအမှု အဂတိ ကော်မရှင် စိစစ် ရုပ်သိမ်းခဲ့သည့် သရုပ်ဆောင် အောင်ရဲထွေး အမှုတွင် အဂတိ လိုက်စားမှု ရှိနိုင်ကြောင်း သတင်းများ ပျံ့နှံ့နေသည့် အပေါ် ကျော်စော သတင်း အဖြစ် သတ်မှတ်ပြီး ကော်မရှင်သို့ သတင်းပေးပို့ချက် အဖြစ် အတည်ပြု သတ်မှတ်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယနေ့ သတင်း ထုတ်ပြန်လိုက်သည်။ အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄ (က)အရ အမှု ရုပ်သိမ်းကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးက ဇူလိုင် ၂၅ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီး ဖမ်းဆီးခံထားရသူ သံသယ တရားခံ ၃ ဦးလုံး ယင်းနေ့ တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ယင်း ကိစ္စနှင့် ပတ်သက်၍ ဂျာနယ်၊ သတင်းမီဒီယာနှင့် အများပြည်သူများ အတွင်း အဂတိ လိုက်စားမှု ရှိနိုင်ကြောင်း ပျံ့နှံ့ နေသော သတင်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အရ ပြစ်မှုကျူးလွန်မှုရှိကြောင်း သင်္ကာမကင်း ဖွယ်ရာ ဖြစ်ခြင်း အတွက် ခိုင်လုံသည့် အထောက်အထား ရှိနိုင်သည်ဟု ယုံကြည်ရန် အကြောင်းပေါ်ပေါက်သဖြင့် သြဂုတ် ၂ ရက် တွင် ပြုလုပ်ခဲ့သည့် ကော်မရှင် အစည်းအဝေး၌ ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ကော်မရှင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃(ဂ) အရ ကျော်စော သတင်းအဖြစ် သတ်မှတ် ရန် ဆုံးဖြတ်ခဲ့ပြီး ယင်းဥပဒေ ပုဒ်မ ၁၇ (ဈ) အရ ကော်မရှင်သို့ သတင်းပေးပို့ချက် အဖြစ် အတည်ပြု သတ်မှတ်ကြောင်း ထုတ်ပြန်သည်ဟု ပါရှိသည်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ(ဃ) အရ အဂတိလိုက် စားမှုရှိကြောင်း ကျော်စောသတင်း ဖြစ် ပေါ်နေလျှင် ကော်မရှင်သည် တရား ဥပဒေ အရ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် စုံစမ်း စစ်ဆေးစေခြင်း ပြုနိုင်သည်ဟု ယင်းဥပဒေ၌ ပြဋ္ဌာန်းထားသည်။ ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့ကလည်း နိုင်ငံတော် သမ္မတသည် အောင်ရဲထွေးအမှုနှင့် ပတ်သက်၍ ပြည်ထောင်စု တရား သူကြီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌတို့နှင့် သမ္မတ အိမ်တော်၌ တွေ့ ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အောင်ရဲထွေးအမှု ရုပ်သိမ်းခြင်း၏ နောက်ခံ အကြောင်းရင်းများ၊ တခြား ဆက်နွယ် ပတ်သက်မှုများနှင့် စပ်လျဉ်း၍ တိတိကျကျ စိစစ်ကာ ဥပဒေနှင့် အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြပေးခဲ့ သည်။ နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံ အပြီး ၃ ရက်မြောက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယခုကဲ့သို့ သ တင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ဝါရင့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “ကြားနေရတဲ့ သတင်းတွေက သိန်းကိုသောင်းချီပြီးတောင် သုံးတယ် ကြား တာ။ ဒီလောက် ကျော်ကြားပြီး ဖြစ်နေတဲ့ ဥပဒေနဲ့ ဆန့်ကျင်ပြီး မညီမညွတ် ချထားတဲ့ အမိန့်ပေါ်မှာ ဘာဖြစ်လို့ ဒီလိုဖြစ်ရ သလဲ။ ကော်မရှင်က ဘယ်သူမှ တိုင်တိုင်မတိုင်တိုင် စစ်ဆေးခွင့်ရှိတယ်။ ဒီတော့ ကော်မရှင်က လွှတ်တဲ့ တရားသူကြီးရော တာဝန်ရှိတဲ့ ဥပဒေ ဝန်ထမ်းရော အမှုစစ်အဖွဲ့ ရဲတွေရော စစ်သင့်တယ်။ ဝင်စစ်မှ တရားမျှတမှုနဲ့ နီးစပ်သွားလိမ့်မယ်” ဟု ပြောဆိုသည်။ အောင်ရဲထွေး အမှု ရုပ်သိမ်းခွင့် ပြုလိုက်ခြင်းနှင့် ပတ်သက်၍ အမိန့်ပြင်ဆင်ချက် တင်သွင်းရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံး က တိုင်းဒေသကြီး ဥပဒေချုပ်ထံ ဇူလိုင် ၃၀ ရက်တွင် ညွှန်ကြားခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ယင်းအမှုကို ပြန်လည်ကြားနာရန်အတွက် လူသတ်မှု သံသယဖြင့် ဖမ်းဆီးခံခဲ့ရသူ ၃ ဦးထံ ဇူလိုင် ၃၁ ရက်တွင် ဆင့်ခေါ်စာ ပေးပို့ထားပြီး ဖြစ်ကြောင်း သိရသည်။ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများ တင်ဆင်ပေးလျက်ရှိသည့် သရုပ်ဆောင် အောင်ရဲထွေးသည် ဒီဇင်ဘာ ၃၁ ရက် ညပိုင်း The One Entertainment Park ၌ ပြုလုပ်ခဲ့သည့် နှစ်သစ်ကူးပွဲတွင် လူတစုက ဝိုင်းဝန်းရိုက် နှက်ခဲ့မှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာန၌ ဆေးကုသမှုခံယူနေစဉ် ဇန်နဝါရီ ၂ ရက်က ကွယ်လွန်သွားခြင်း ဖြစ်သည်။ The post အောင်ရဲထွေးအမှု အဂတိ ကော်မရှင် စိစစ် appeared first on ဧရာဝတီ.
Source : https://ift.tt/2KnR8PZ
via IFTTT
No comments:
Post a Comment